အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးအား ဆက်သွယ်မေးမြန်းခြင်း

0
975

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၊ GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေး၊ အထွေထွေမန်နေဂျာ ဦးသူရအုံနှင့် ဒါရိုက်တာ ဦးအောင်မြတ် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှုဖြင့် မတ်လ ၁၀ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ဒေသခံတို့၏ တိုင်ကြားချက်များအရ ကော်မရှင်အနေဖြင့် အချိန် တစ်လအကြာ စစ်ဆေးပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ်္စနှင့်ပတ်သက်၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ခဲ့မှုနှင့် လက်ရှိလုပ်ဆောင်နေမှု၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို တနင်္သာရီအပတ်စဉ် ပရိသတ်များ သိရှိနိုင်ရန် ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးအား မတ်လ ၁၅ ရက်က ဆက်သွယ် မေးမြန်းခဲ့သည်။

တနင်္သာရီ။       ။ တနင်္သာရီ ၀န်ကြီးချုပ်ဟောင်းအမှုမှာ လူ ဘယ်လောက်ကို စစ်ဆေးခဲ့လဲခင်ဗျ။

ဦးကျော်စိုး။      ။ သက်သေက တော့ ၉၀ ကျော်လောက်ကို စစ်တာပေါ့နော်။

တနင်္သာရီ။       ။ ဘယ်လို ပုဂ်္ဂိုလ်တွေကို စစ်ဆေးခဲ့တာလဲခင်ဗျ။

ဦးကျော်စိုး။      ။ အကြမ်းဖျဉ်း အနေနဲ့ကတော့ ဒေသခံတွေလည်းပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေက နေပြီးတော့ တိုင်ကြားစာ ရေးပြီးတော့ နိုင်ငံတော်သမ္မတဆီကို တင်ပြတော့ သမ္မတရုံးကနေပြီးမှ ဒါကို ကော်မရှင်ကို စစ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ဆီကို လွှဲပြောင်းပေးပို့ တယ်ပေါ့နော်။

နောက်တစ်ချက်က ဒေသခံပြည်သူ တွေကနေပြီးတော့ တိုင်ကြားစာကို ကော်မရှင်ကို ပို့တယ်ပေါ့နော်၊ အဲဒီမှာပါ တဲ့၊ လက်မှတ်ထိုး တိုင်ကြားသူ ဒေသခံ တွေ ပါတယ်ပေါ့နော်။ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါ တယ်ပေါ့နော်။

ကျွန်တော်တို့ အဲဒါ ခေါ်ပြီးတော့ မေးတယ်ပေါ့နော်။

တနင်္သာရီ။       ။ စီးပွားရေးလုပ် ငန်းရှင်တွေ ဆိုတာမှာ အဂတိတိုင်ကြား ချက်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေလားခင်ဗျ။

ဦးကျော်စိုး။      ။ ဟုတ်၊ မှန်ပါ တယ်ခင်ဗျ။ မှန်ပါတယ်။

တနင်္သာရီ။       ။  အဂတိ စစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခံ ရသူတွေက ပြောကြတယ်။ လက်ရှိ အမှုဖွင့်ထားတဲ့ ကိစ်္စတွေအပြင် အခြား ကိစ္စတွေ၊ အခြား ပုဂ်္ဂိုလ်တွေရဲ့ အဂတိ လိုက်စားမှုကိစ္စ တွေပါ စုံစမ်းမေးမြန်း ခံရတယ်လို့ ပြောကြတယ်။ ဥပမာ မြိတ်ကလူတွေဆို မြိတ်က အဂတိ လိုက်စားမှုတွေ မေးမြန်းခဲ့ရတာ ရှိတယ် ပေါ့ခင်ဗျာ။ အခု အဂတိအဖွဲ့က လေးဦး ကို တရားစွဲထားတာ တွေ့ရတယ်။ နောက်ထပ် အမှုတိုးဖွင့် တရားစွဲတာ၊ နောက်လူတွေကို အမှုဖွင့် တရားစွဲတာ မျိုး ရှိလာနိုင်သေးလားဗျ။

ဦးကျော်စိုး။      ။ ဒါတော့ ကျွန်တော်တို့က လောလောဆယ်တော့ ၀န်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှု တွေ ရှိပါတယ်ဆိုတဲ့ တိုင်ကြားတဲ့အတွက် မို့ စစ်လိုက်တယ်ပေါ့နော်။ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့ပြီး စစ်တာပေါ့နော်။ စစ် လိုက်တဲ့အချိန်မှာလည်း ဦးတည်ထား တာတော့ ဒီလိုမျိုးတော့ ဦးတည်ထား တာပေါ့နော်။ ဒါပေမယ့်လည်း ကျွန် တော်တို့က လောလောဆယ် ပြည်သူလူ ထုကလည်း..၊

ကျွန်တော်တို့ကတော့ ဒါ ၃ နေရာ မှာ စစ်ရတယ် ခင်ဗျ။ ရန်ကုန်ရော၊ နေပြည်တော်ရောပေါ့နော်၊ နောက်ပြီး တော့ ထားဝယ် ၃ နေရာမှာ သက်သေ အယောက် ၉၀ ကျော်ကို စစ်ရတယ်ဗျ၊ နေ့မအား ညမအားနဲ့ပေါ့နော်။

စစ်တဲ့အခါကျတော့ ရက်လေးက တော့ ကြာတော့ ကြာတာပေါ့။ စီးပွား ရေးလုပ်ငန်းရှင်တွေ ပါတယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ အဓိက စစ်မေးရ မယ့် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဆိုရင် ပြည်ပခရီးသွားနေတာ။ မတ်လ ၃ ရက်နေ့မှ ပြန်ရောက်တယ် ပြည်ပ ကနေ၊ ပြန်ရောက်တော့ မတ်လ ၄ ရက် နေ့မှ ကျွန်တော်တို့ စစ်ရတယ်ပေါ့နော်။ စစ်ရတဲ့အခါကျတော့ ကော်မရှင်က စစ်တာ ကြာတယ်လို့ အသံထွက် လာတော့ လောလောဆယ် ကျွန်တော် တို့က အမြန်ဆုံးနည်းနဲ့ပေါ့နော်၊ စုံစမ်း စစ်ဆေးရေးအဖွဲ့တွေက နေ့မအား ည မအား လုပ်ပေမယ့်လည်း ၂၀၁၆ ခုနှစ်က တည်းက ဖြစ်ခဲ့တာတွေကို စစ်ရတော့ ကြားကာလက အစည်းအဝေးမှတ်တမ်း တွေ စာရင်းဇယားတွေကို စစ်ရသေးတယ် ပေါ့။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ညွှန်ကြားရေးမှူး တစ်ယောက်၊ စုံစမ်းစစ် ဆေးရေးအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ် ထည့်ပြီး စစ်ရတယ်ခင်ဗျ၊ နောက်ပြီး တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုညွှန်ချုပ်တစ်ယောက်ကို အဖွဲ့ဝင်အဖြစ် ထည့်ပြီး စစ်ရတယ်ခင်ဗျ။ ဒါကြောင့် အချိန်ကာလ အတိုင်းအတာ တစ်ခုတော့ နည်းနည်းလေး ကြာသွားတာပေါ့ခင်ဗျာ။

ဒါနဲ့ ပတ်သက်ပြီးတော့မှာ လောလောဆယ် ဒီလိုမျိုးတွေ့တယ် ဆိုပြီးတော့မှ သတင်းထုတ်ပြန်ချက်ထဲ ပါတဲ့အတိုင်းပဲပေါ့နော်၊ တိုင်ကြားချက် တွေကတော့ ကော်မရှင်က ကော်မရှင် အစည်းအဝေးမှာ စိစစ်လိုက်တယ်။ စိစစ်တဲ့အပေါ်မှာ  ၁၂ ချက် တွေ့တယ် ပေါ့နော်၊ ဒီ ၁၂ ချက်အပေါ်မှာ ပြန်ပြီး တော့မှ အဂတိလိုက်စားမှု ရှိမရှိ စိစစ် တော့ အဂတိလိုက်စားမှု ၄ ချက် တွေ့တယ်ပေါ့ခင်ဗျာ။ တနင်္သာရီတိုင်း ၀န်ကြီးချုပ်အပေါ်မှာ ၄ ချက် တွေ့ တယ်ပေါ့။ တွေ့တဲ့အတွက်ကြောင့်မို့ ဒါနဲ့ ပတ်သက်ပြီးတော့ ထားဝယ်မြို့မ ရဲစခန်းကနေပြီးတော့ တရားစွဲတင်ဖို့ လုပ်ငန်းတွေ ဆောင်ရွက်တာပေါ့နော်။ သတင်းထုတ်ပြန်ရသလောက် သတင်း ထုတ်ပြန်ထားပါတယ် ခင်ဗျာ။ ဒါတွေက တော့ ပြည့်ပြည့်စုံစုံပဲ ခင်ဗျ။ ကျန်တဲ့ ကိစ္စရပ်တွေကတော့ ဥပဒေပုဒ်မအရ လျှို့ဝှက်ထားရမယ် သတ်မှတ်ထားတာ ကြောင့် ခရေစေ့တွင်းကျ ပြောလို့လည်း မရဘူးပေါ့နော်။

တနင်္သာရီ။     ။ လက်ရှိကတော့ ၄ ဦးကို တရားစွဲ ထားတယ်ပေါ့ ခင်ဗျာ။ တရားစွဲပြီး ကြားထဲမှာ ဘာတွေ ဆက် လုပ်ဆောင်နေပါသလဲခင်ဗျာ။

ဦးကျော်စိုး။      ။ လုပ်ထုံးလုပ် နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် နေပါတယ်ခင်ဗျာ။

တနင်္သာရီ။       ။ ကြားထဲမှာ ၀န်ကြီးချုပ်ဟောင်းရဲ့ ရောင်းထားတဲ့ အိမ်ကို ချိတ်ပိတ်တယ်ကြားရတာကရော ခင်ဗျာ။

ဦးကျော်စိုး။      ။ လောလောဆယ် သတင်းထုတ်ပေးလို့ရတဲ့ ကိစ္စရပ်တွေ ကိုပဲ ပြောလို့ရပါတယ် ခင်ဗျ။ ကျန်တဲ့ ကိစ္စတွေကို ကျွန်တော့်မှာ ဘာမှတော့ ပြောစရာ မရှိသေးဘာဘူး။

တနင်္သာရီ။       ။ ဟုတ်ကဲ့၊ နောက်ဆုံး မေးခွန်းပါ ခင်ဗျာ။ တရားစွဲ ဆိုခံရသူတွေရဲ့ ထွက်ဆိုချက်ပေါ်မူ တည်ပြီးတော့ နောက်ထပ် နောက်ထပ် တရားစွဲဆိုမှုတွေ ထပ်ပြီးတော့ တရားစွဲ ဆိုမှုတွေ ရှိလာနိုင်သေးလား ခင်ဗျာ။

ဦးကျော်စိုး။      ။ သူတို့က ဘာတွေ ထွက်(ဆို)မယ်ဆိုတာ ဘာမှ မသိ နိုင်ဘူး၊ သူတို့ ဘယ်လို ထွက်(ဆို)မှာလဲ၊ ဘာတွေ ထွက်(ဆို)မလဲဆိုတာ မသိနိုင်တဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိဘူးပေါ့နော်။

တနင်္သာရီ။       ။ ဟုတ်ကဲ့ပါ။ စိတ်ရှည်လက်ရှည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဦးကျော်စိုး။      ။ ဟုတ်ကဲ့ပါ။