စည်ပင်က ဖယ်ရှားပေးရန် စာထုတ်ထားသည့် ရော်ဘာမှိုင်းခံလုပ်ငန်း မေလ၀န်းကျင် ဖယ်ပေးမည်ဟုဆို

0
925

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က ဖယ်ရှားပေးရန် အကြောင်း ကြားစာ ထုတ်ထားသည့် ထားဝယ်မြို့ ထိန်သစ်(တိုးချဲ့မြို့သစ်) ရပ်ကွက်၊ အမှတ်(၆) လမ်းရှိ ရော်ဘာမှိုင်းခံ လုပ်ငန်းကို လာမည့်မေလ၀န်းကျင်တွင် ဖယ်ရှားပေးမည်ဖြစ်ကြောင်း ယင်းရော်ဘာလုပ်ငန်း တာဝန်ခံကပြောသည်။

လက်ရှိတွင် ရော်ဘာရာသီမကုန် သေးသဖြင့် ရာသီကုန်သည်အထိ ဆက် လုပ်ခွင့်ပြုရန် ထားဝယ်မြို့နယ်စည်ပင် သာယာရေး ကော်မတီအား တင်ပြထား ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

“ပြောင်းပေးမှာကတော့ ပြောင်းပေး မှာပါ။ ပြောင်းပေးဖို့လည်း အစီအစဉ် ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းရော်ဘာမှိုင်းခံလုပ်ငန်းမှ အနံ့ ဆိုးများကြောင့် ပတ်ဝန်းကျင်ရှိ လူများ ကျန်းမာရေး ထိခိုက်နိုင်သဖြင့် ဖယ်ရှား ပေးရန် ယင်းရပ်ကွက်နေပြည်သူ ၂၅ ဦးမှ ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီကို တင်ပြထားသည်။

စည်ပင်သာယာရေး ကော်မတီမှ ကွင်းဆင်းစစ်ဆေးပြီး မတ်လအကုန်တွင် ဖယ်ရှားပေးရန် ယင်းရော်ဘာမှိုင်းခံ လုပ် ငန်းပိုင်ရှင်အား မတ်လ ၁၃ ရက်တွင် စာပို့ အကြောင်းကြားထားသည်။

ယင်းလုပ်ငန်းမှ ထွက်သည့် အနံ့ဆိုး များ ခံစားနေရသည်မှာ နှစ်ချီကြာမြင့် နေပြီဖြစ်ပြီး ကျန်းမာ ရေးထိခိုက်နေသူ များရှိလာသဖြင့် တိုင်ကြားခြင်းဖြစ် ကြောင်း တိုင်ကြားရာတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က နှစ်ချီကြာနေအောင် ခံစားပြီးပြီဆိုတော့ သုံးလလောက်ဆို လည်း စောင့်ပေးရမှာပေါ့။ ဒီလိုပဲ အဆင်ပြေအောင်နေရမှာပေါ့။ သူ့ဘက်ရော၊ ကိုယ့်ဘက်ရော စဉ်စားပေးပါတယ်။ သူ့မှာလည်း သိန်းပေါင်းများစွာ ရင်းနှီး ထားရတာကိုး” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

သို့သော် နွေရာသီတွင် မီးလောင်မည်ကို စိုးရိမ်နေရသဖြင့် မပြောင်းရွှေ့ မီကာလအတွင်း မီးဘေးအန်္တရာယ်ကို သတိထားပေးစေလိုကြောင်း ယင်းမှိုင်းခံ ရော်ဘာ လုပ်ငန်းအနီးတွင် နေထိုင်သူ အချို့က ပြောသည်။

ကျော်သူစိုး