ဒေါက်တာလဲ့လဲ့မော်နှင့် GGS တာဝန်ရှိသူများ ထားဝယ်ထောင်ထဲ ဘယ်လိုရောက်လာသလဲ

0
2893

ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခြင်း ခံလိုက်ရပြီဖြစ်သော ဒေါက်တာလဲ့လဲ့မော်နှင့် အမှုတွဲပါ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးတို့သည် ထားဝယ် အကျဉ်းထောင်ထဲသို့ ထောင်အချုပ်သားအဖြစ် ရောက်ရှိနေကြသည်။

ဒေါက်တာလဲ့လဲ့မော်ကို အကျဉ်းထောင်အတွင်းရှိ တစ်ခုတည်းသော အမျိုးသမီးအဆောင်တွင် အခြားသော အကျဉ်းကျ အမျိုးသမီးများ၊ အချုပ်ကျ အမျိုးသမီးများနှင့် အတူထားရှိကြောင်း ထားဝယ်အကျဉ်းထောင်၏ တာဝန်ရှိသူ လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်လွင်က ပြောသည်။

“ပုံမှန်ပဲ ရောထားပါတယ်။ အခြား အမျိုးသမီးတွေနဲ့ ရောပြီးထားပါတယ်” ဟု ဦးချစ်လွင်က ပြောသည်။

ဒေါက်တာလဲ့လဲ့မော် ချုပ်မိန့်ရမန်ဖြင့် ထားဝယ်အကျဉ်းထောင်သို့ မတ်လ ၁၁ ရက်က စရောက်ခဲ့သည်။

သူ့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်မှာ  မတ်လ ၁၀ ရက်ကဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်း ချိန်တွင် ၀န်ကြီးချုပ်ရာထူး ရှိနေဆဲဖြစ် သည်။

ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် ကော့သောင်းခရိုင်အတွင်း လူထုတွေ့ ဆုံပွဲများ လုပ်ဆောင်နေစဉ် ထိန်းသိမ်း လိုက်ခြင်း ဖြစ်သည်။

မတ်လ ၁၀ ရက်က ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူထုတွေ့ဆုံပွဲကျင်းပပြီး ကရသူရိမြို့ လူထု တွေ့ဆုံပွဲသို့ သွားနေစဉ်မွန်းလွဲ ၂ နာရီကျော်၌ မြိတ်-ကော့သောင်း ကားလမ်းမ တောင်ဒဂုံဆီအုန်းခြံရှေ့တွင် ယာဉ်တန်းရပ်ကာ ၀န်ကြီးချုပ်အား ကော့သောင်းသို့ ကားတန်းဖြင့် ခေါ်ဆောင်သွားကြောင်း တွေ့ဆုံပွဲခရီးစဉ် ယာဉ်တန်းတွင် လိုက်ပါနေသည့် မျက် မြင်တစ်ဦးက ပြောသည်။

“ကရသူရိလာတဲ့ လမ်းကြောင်း မှာပေါ့။ နယ်/လုံဝန်ဝန်ကြီးနဲ့ ခေါ်သွား တယ်”ဟု အထက်ပါမျက်မြင်က ပြော သည်။

မွန်းလွဲ ၃ နာရီတွင် ကျင်းပခဲ့သည့် ကရသူရိမြို့ လူထုတွေ့ဆုံပွဲသို့ ၀န်ကြီးချုပ် တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ကျန်ဝန်ကြီးများကသာ သွားရောက်ကျင်းပခဲ့သည်။

သို့ကြောင့် ပြည်ကြီးမဏ္ဍိုင် မြို့လူထုတွေ့ဆုံပွဲသည် ဒေါက်တာ လဲ့လဲ့မော်၏ ၀န်ကြီးချုပ်တာဝန် နောက် ဆုံးထမ်းဆောင်ခဲ့သည့်ပွဲ ဖြစ်ခဲ့သည်။

ကော့သောင်း ရဲတပ်ဖွဲ့ဝင်များက ဒေါက်တာလဲ့လဲ့မော်ကို မတ်လ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကော့သောင်းရှိ ၀န်ကြီးချုပ် နားနေဆောင် တွင် သွားရောက်ခေါ်ဆောင်ကာ နားနေဆောင်မှ ဘုရင့်နောင် ရဲရိပ်သာသို့ ခေါ်ဆောင်ထိန်းသိမ်းခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

“အမှု ဖွင့်ပြီးချိန်မှာ ကော့သောင်း မှာ ညပိုင်းကို ထိန်းသိမ်းလိုက်တယ်၊ သူ့ရဲ့ နားနေဆောင်အရောက်မှာ ထိန်း လိုက်တယ်”” ဟု တနင်္သာရီတိုင်းရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။

အမှုဖွင့်သည့်အချိန်မှာ မတ်လ ၁၀ ရက် ၃ နာရီ ၂၀ မိနစ်တွင် ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC)၏ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုကာ ထားဝယ်မြို့မ ရဲစခန်းတွင် အမှု ၄ ခု ဖွင့်ခဲ့သည်။

ဖွင့်ခဲ့သည့် အမှု ၄ ခုစလုံးတွင် ဒေါက်တာလဲ့လဲ့မော်က အဂတိလိုက်စား မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ပါဝင် စွဲဆိုခံထားရသည်။ (စွဲဆိုခံ ထားရသည့်အမှုစာရင်းကို ဇယားဖြင့် ဖော်ပြထားပါသည်)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် (ACC )အနေဖြင့် အဂတိ ဥပဒေအရ စုံစမ်းစစ်ဆေးနေစဉ်ကာလ အတွင်း သက်သေခံအဖြစ် အသုံးပြုနိုင် သည့်ငွေကြေးနှင့် ပစ်္စည်းများကို ပြောင်း လဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ အသွင်ပြောင်းလဲခြင်း မပြုရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပုဂိ္ဂုလ်များအား တားမြစ်မိန့် ထုတ်ဆင့်ခြင်း၊ ချိပ်ပိတ်ထားရန် ညွှန် ကြားခြင်းတို့ ပြုနိုင်ကြောင်း ပါဝင် သည်။

“လုပ်ဆောင်မှု မှန်သမျှကို အဂတိ ကပဲ လုပ်သွားတယ်။ ကျွန်တော်တို့က ကူညီပေးတာပဲ ရှိတာ။ လိုအပ်တဲ့ စောင့်ရှောက်မှုပေးတာ၊ ကူညီပေး တာပဲရှိတယ်”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။

မတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ကျော်တွင် ဘုရင့်နောင်ရဲရိပ်သာတွင် ထိန်းသိမ်းထားသော (၀န်ကြီးချုပ် ဟောင်း) ဒေါက်တာလဲ့လဲ့မော်ကို စောင့် ရှောက်ရေးယာဉ်တန်းဖြင့် လေယာဉ် ကွင်းသို့ ခေါ်ဆောင်ကာ ကော့သောင်း-ထားဝယ် လေယာဉ်ပေါ်သို့ ပို့ဆောင် ခဲ့ကြသည်။

ထားဝယ်လေဆိပ်အပြင်ဘက်တွင် ၂ နာရီ ၀န်းကျင်ကတည်းက မြို့ခံ တစ်ချို့က စောင့်ဆိုင်းနေခဲ့ကြသည်။ ညနေ ၃ နာရီ ၁၅ မိနစ်တွင် လေယာဉ် ဆိုက်သည်။

လေယာဉ်ပေါ်မှဆင်းပြီးနောက် ဒေါက်တာ လဲ့လဲ့မော်လိုက်ပါသည့် ကားကို ရဲကားလေးစီး အရှေ့အနောက် နေရာယူထားသော လုံခြုံရေးယာဉ် တန်းဖြင့် ထားဝယ်လေဆိပ်မှ ခေါ် ဆောင် ထွက်သွားခဲ့သည်။ ယင်းယာဉ် တန်း လေဆိပ်မှ ထွက်ခွာချိန်တွင် စောင့် ဆိုင်းနေသည့် မြို့ခံအချို့က သံပုံးတီး အော်ဟစ်မှုများလည်း ရှိခဲ့သည်။

ဒေါက်တာလဲ့လဲ့မော် လိုက်ပါ သည့် ယာဉ်တန်းသည် လေယာဉ်ကွင်း လမ်းအတိုင်း ထွက်ခွာသွားချိန်တွင် သတင်းထောက်အချို့နှင့် မြို့ခံတချို့က ထားဝယ်မြို့နယ်တရားရုံးတွင် ကြိုတင် ၍ သွားရောက် စောင့်ဆိုင်းနေခဲ့ကြ သည်။

ဒေါက်တာလဲ့လဲ့မော်သည် ထားဝယ် မြို့နယ်တရားရုံးတွင် ချုပ်မိန့်ရမန်ယူ မည်ဟု သတင်းထွက်ပေါ်နေသည့် အတွက် ယင်းသို့ သွားရောက်စောင့်ဆိုင် နေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယာဉ်တန်းက မြို့နယ် တရားရုံးသို့ မသွားခဲ့ဘဲ ထားဝယ် မြို့တော်ခန်းမအရှေ့ရှိ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ မောင်းနှင်း သွားခဲ့သည်။

ယင်းနောက် အဆိုပါယာဉ်တန်း သည် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ကမြော ကင်းလမ်းရှိ ၀န်ကြီးများအိမ်ရာသို့ သွားရောက်ခဲ့သည်။

သို့သော် ၀န်ကြီးများအိမ်ရာသို့ သွားသည့်ယာဉ်တန်းတွင် ဒေါက်တာ လဲ့လဲ့မော် လိုက်ပါခြင်း မရှိတော့ပေ။

ဒေါက်တာလဲ့လဲ့မော်ကို ချုပ်မိန့် ရမန်ပေးပြီး ထားဝယ်အကျဉ်းထောင်ရှိ ထောင်အချုပ်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း ထားဝယ်မြို့နယ်တရားသူကြီး က ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အတည်ပြု ပြောကြားသည်။

ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဒေါက်တာလဲ့လဲ့မော်အား မည်သည့်နေရာတွင် ချုပ်မိန့်ရမန် ပေးသည်ကို ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး တရားသူကြီးရှေ့မှောက်တွင် ပေးခဲ့သည် ဟုသာ ဖြေဆိုခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ တွင် “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ဒဏ်ငွေချမှတ်ခံရ မည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ဖော်ပြပါရှိသည်။

မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ တွင် ဒေါက်တာလဲ့လဲ့မော်ကို ၀န်ကြီးချုပ် တာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံ တော်သမ်္မတရုံးက ထုတ်ပြန်ခဲ့သည်။ ဒေါက်တာလဲ့လဲ့မော် တရားစွဲခံရချိန်တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်ဆဲ ဖြစ်သော ကြောင့် အဂတိပုဒ်မ ၅၅ ဖြင့် တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိလိုက်စားမှုဖြင့် တရားစွဲခံထား ရသူများမွှွှာ ကုမ်္ပဏီ၏ တာဝန်ရှိ သူ ၃ ဦးဖြစ်သော ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ အထွေထွေမန်နေဂျာ ဦးသူရအုံနှင့် ဒါရိုက်တာ ဦးအောင်မြတ် တို့ ဖြစ်သည်။

GGS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးအောင်မြတ်ကိုမူ အဂတိကော်မရှင်မှ တိုက်ရိုက်ကိုင်တွယ်ဖမ်းဆီးကာ ချုပ်ရက် ရမန်ယူပြီး ထားဝယ်အကျဉ်း ထောင်သို့ ပိုဆောင်ခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးကြီး စိန်ဝင်းက ပြောသည်။

ဦးအောင်မြတ်ကို မတ်လ ၁၀ ရက်နေ့တွင် ချုပ်မိန့်ရမန်ပေးခဲ့ပြီး မတ်လ ၁၀ရက်မှ မတ်လ ၂၄ ရက်နေထိ ချုပ်မိန့်ရမန်ပေးခဲ့ကြောင်း ထားဝယ် မြို့နယ်တရားသူကြီးက ပြောကြား သည်။

GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံ တို့သည် မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ သင်္ကန်းကျွန်းမြို့နယ် တရားရုံးတွင် ခရီးသွားရမန် တောင်းခံကာ မတ်လ ၁၃ ရက်နေ့တွင် ထားဝယ် သို့ လေယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့သည်။

မတ်လ ၁၃ ရက်နေ့တွင်ပင် ထားဝယ်မြို့နယ်တရားရုံး၌ မတ်လ ၁၃ ရက်နေ့မှ မတ်လ ၂၂ ရက်ထိ ချုပ်မိန့် ရမန်ယူကာ ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

၎င်း GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးစလုံးကို ထားဝယ်အကျဉ်းထောင်၊ အမျိုးသား ထောင်အချုပ်ခန်းတွင် ထိန်း သိမ်းထားကြောင်း ထားဝယ်ထောင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချစ်လွင်က ပြောသည်။

“ပုံမှန်ပဲ ရောထားပါတယ်။ (ဒေါက်တာ လဲ့လဲ့မော်အပါအ၀င်) အားလုံး ကျန်းမာ ရေးကောင်းကြပါတယ်”ဟု ဦးချစ်လွင် က မတ်လ ၁၄ ရက်တွင် ပြောသည်။

၎င်းတို့သည် အဂတိကော်မရှင်မှ စုံစမ်းစစ်ဆေးရာတွင် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့၏ ခန့်မှန်းတွက် ချက်မှုများအရ အိမ်နှင့်မြေတန်ဖိုး ကျပ် ၃၂၁ ဒသမ ၄ သိန်းခန့်တန်ကြေးရှိ ၀န်ကြီးချုပ်နေအိမ်ကို ကျပ်သိန်း ၂၀၀၀ ဖြင့် ၀ယ်ယူခဲ့ပြီး လျှပ်စစ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ သရက်ချောင်း ငါး လေလံ ဈေးစီမံကိန်းအား လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်မရမီ ကြိုတင် ဆောင်ရွက်ခဲ့ခြင်း၊ နေပြည်တော်ရှိ တနင်္သာရီတိုင်းဒေသကြီး ဧည့်ရိပ်သာ ဆောက်လုပ်ခြင်း၊ ပုလောမြို့တော်ခန်းမ ဆောက်လုပ်ခြင်းလုပ်ငန်း စသဖြင့် လုပ်ငန်းများကို ရယူခံစားခဲ့ခြင်းတို့ စစ်ဆေးပေါ်ပေါက်သဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၏ ချုပ်မိန့်ရမန်မှာ မတ်လ ၂၄ ရက်နေ့ထိ ဖြစ်သည်။

ဒေါက်တာ လဲ့လဲ့မော်၏အမှုကို တိုင်းတရားလွှတ်တော်တွင် စစ်ဆေးဖွယ်ရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၇(ဆ)(၁)တွင် ဤဥပဒေ အရ ပြစ်မှုတစ်ခုခုကို လုပ်ပိုင်ခွင့် အာဏာ ရှိသူက ကျူးလွန်ခြင်း ဖြစ်ပါက ထိုသူအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တွင် တရားစွဲဆိုစေခြင်း ပြုရမည်ဟု ဖော်ပြပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်၏ အမှုမှာ လူအများစိတ်ဝင်စားသည့်အမှုဖြစ်သောကြောင့် ရုံး ထုတ်ချိန်တွင် တိုင်းတရားလွှတ်တော် ရှေ့၌ စောင့်ကြည့်သူများပြားနိုင်သည်။

Dawei Watch