ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဦးနှင့် တွေ့ဆုံခြင်း

0
2798

ထားဝယ်မြို့ ကမ်းနားဈေးတစ် ၀ိုက်တွင်သည် ပျံကျဈေးသည်များ လမ်းဘေးတွင် ဈေးရောင်းချနေမှုများ ကြောင့် နံနက်ခင်းတိုင်း ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေခဲ့သည်မှာ နှစ်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၈ ခုနှစ် အတွင်း ထားဝယ်မြစ်ကမ်းနား သာယာ လှပရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ရာ ကမ်းနားဈေးအနီးတွင် နှစ် လမ်းသွားလမ်းမနှင့် အများပြည်သူ အပန်းဖြေနေရာတစ်ခု ပေါ်ပေါက်လာခဲ့ သည်။

သို့သော် ပျံကျဈေးသည်များက နှစ်လမ်းသွားလမ်းမနှင့် ဈေးမရောင်းရ တားမြစ်နေရာများတွင် နေ့ရောညပါ စခန်းချနေရာယူ ဈေးရောင်းကြသော ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်မြဲ ဖြစ်နေပြီး ထားဝယ်မြစ်ကမ်းနား သာယာ လှပရေး စီမံကိန်း၏ အနှစ်သာရ ပျောက် ဆုံးနေကြောင်း မြို့ခံလူထုကြား ဝေဖန်မှု မြင့်တက်နေခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးကော်မတီ၏ ဖေ့စ်ဘွတ်စာမျက် နှာတွင် ဈေးမရောင်းရ ဆိုင်းဘုတ်နေရာ တွင် ဆိုင်ခင်းရောင်းချနေသည့် ပျံကျ ဈေးသည်များ၏ ဓာတ်ပုံကို တင်ကာ   “မနစ်နာစေချင်ပါ၊ ကိုယ်ချင်းစာစိတ် အပြည့်ရှိပါသည်။ စည်ပင်ဝန်ကြီး ကယ်ပါ”ဟု ရေးသားခဲ့သည်။

သို့ကြောင့် ထားဝယ်ကမ်းနားဈေး တ၀ိုက်မှ ပျံကျဈေးသည်များ၏ အခြေ အနေနှင့် ယင်းကို မည်သို့ကိုင်တွယ်ဖြေ ရှင်းမည်ကို သိရှိရန်အတွက် ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးအား တနင်္သာရီအပတ်စဉ်မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။

တနင်္သာရီ။     ။ ကမ်းနားလမ်း သာယာလှပရေးစီမံကိန်းအတွက် ဖောက် လုပ်ထားတဲ့လမ်းပေါ် ဈေးသည်တွေ နေ့ရောညပါ ရောင်းနေတာ ရှိတယ်။ အဲဒီကိစ်္စ ဘယ်လို ကိုင်တွယ်နေလဲ။

ဦးလှဦး။          ။ နေရာသီးခြား မှ မပေးနိုင်တာကိုး၊ သူတို့ရောင်းချင် သလို ရောင်းနေကြတယ်ပေါ့။ အဲဒီလို ရောင်းနေလို့ ယာဉ်ပိတ်ဆို့မှုတွေ ဖြစ် လာတော့ ဈေးနောက်မြေကွက်မှာ ယာယီ နေရာ ပေးလိုက်တယ်။ ဒါကို ပေးတဲ့နေ ရာ မရောင်းဘဲလမ်းပေါ် ထွက်ရောင်း ကြတယ်။ အဲဒါကြောင့် စည်းကမ်းမဲ့ ဈေးသည်အချို့ကို အရေးယူတယ်။ အဲဒီလိုအရေးယူလိုက်တော့ ညှာတာမှု မရှိဘူး စာနာမှုမရှိဘူးဆိုပြီး  Facebook တွေက အော်ကြပြန်ရော။ လမ်းပိတ်တယ် အော်လည်း Facebook ပဲ၊ အရေးယူလို့ အော်တာလည်း သူတို့ပဲ။ ခုတော့ စည်ပင် က အရေးယူလိုက်၊ ဈေးသည်တွေက ပြန်ရောင်းလိုက်နဲ့ သံသရာလည်နေတာ ပဲ။

တနင်္သာရီ။     ။ အဲဒီလိုသံသရာ လည်နေတာ ဘာကြောင့်လဲ၊ ဘယ်သူတွေ အားနည်းချက်လဲ။

ဦးလှဦး။      ။  ဈေးသည်တွေက သတ်မှတ်နေရာမှာ ဈေးရောင်းမကောင်း ဘူးဆိုပြီး လမ်းပေါ် ထွက်ရောင်းကြတယ်။ တားမြစ်နေရာမှာ လိုက်ရောင်းတယ်။ အရေးယူတော့ ခဏ ပျောက်သွားတယ်။ ပြီးတော့ ပြန်ရောင်းနေတာပဲ။

တနင်္သာရီ။       ။ ထားဝယ်စည်ပင် သာယာရေးကော်မတီမှာ ဒီသံသရာကို အဆုံးသတ်ဖို့ နည်းလမ်း မရှိဘူးလား။

ဦးလှဦး။      ။ ဈေးသည်တွေက တစ်နေ့တစ်ခြား များလာတယ်။ နေရာ အခက်အခဲတွေရှိတယ်။ ဈေးသည်တွေ ကိုယ်တိုင်လည်း စည်းကမ်းမလိုက်နာ တာတွေ အများကြီး ပါတယ်။ ဒီတော့ တိုင်းစည်ပင်ညွှန်မှူးကတစ်ဆင့် စည်ပင် ၀န်ကြီးကို တင်ပြမယ်ပေါ့။

တနင်္သာရီ။       ။ ကော်မတီ Facebook Page မှာ “စည်ပင်ဝန်ကြီး ကယ်ပါ”လို့ ရေးထားတာ တွေ့တယ်။ ဘာကြောင့် ရေးတာလဲ။ ၀န်ကြီးကယ်မှ ရတော့မှာလား။

ဦးလှဦး။    ။ ၀န်ကြီးကယ်မှရ တော့မယ့်အနေအထား ဖြစ်နေလို့ပေါ့၊ သူက တာဝန် အရှိဆုံးလေ။ ဈေးအတွက် အဖြေကို ရှာရမယ်။ ဈေးဆောက်ရမယ်။ လက်ရှိဈေးနေရာမှပဲ အထပ်မြင့်ဆောက် မလား။ အဲဒီအထပ်မြင့်ပေါ်မှာ ပျံကျဈေး သည်တွေ တက်ရောင်းပါ့မလားပေါ့။ ဒါကြောင့် ၀န်ကြီးကယ်မှ ရတော့မယ်လို့ ရေးတာ။

တနင်္သာရီ။     ။ မြို့နယ်စည်ပင် ကော်မတီက မဖြေရှင်းနိုင်တော့ဘူးလို့ ဆိုလိုတာလား။

ဦးလှဦး။        ။ ဖြေရှင်းနေတာပဲ။ ဒီအတိုင်း ( အရေးယူလိုက်၊ ပြန်ရောင်း လိုက်) ဖြစ်နေတယ်။ ဒီထက်ပိုပြီး ဥပဒေ၊ နည်းဥပဒေအတိုင်း တိတိကျကျ ကိုင် တွယ်လိုက်ရင်လည်း သာမန်ပြည်သူ ဈေးသည်တွေပဲ နစ်နာကြမှာလေ။ နှုတ်နဲ့ ပြောပြန်ရင်လည်း မလိုက်နာကြ ဘူး။ လမ်းဘေး ဈေးသည်ဆိုတာက လည်း ထားဝယ်တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ အခြားမြို့တွေ၊ အခြား နိုင်ငံတွေမှာလည်း ရှိတာဆိုတော့လေ။

တနင်္သာရီ။       ။ လမ်းပေါ်နဲ့ တားမြစ်ဧရိယာမှာ ရောင်းနေတဲ့ ဈေးသည်တွေကိစ်္စကို ဘယ်သူတွေက ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်လဲ။

ဦးလှဦး။          ။ ဈေးသည်တွေ ကိုယ်တိုင် စည်းကမ်း လိုက်နာကြစေချင် တယ်။ ဥပဒေအတိုင်း အရေးယူခံရမှ ပြည်သူ့မျက်နှာ မကြည့်ဘူးလို့                  ထမအော် စေချင်ဘူး။ ပျံကျဈေးသည် တွေအတွက် နေရာသတ်မှတ်ထားပြီး သား။ ဒါပေမယ့် ဈေးသည်အားလုံးက ပျံကျဈေးရဲ့ မျက်နှာစာ (ကားလမ်းဘက် မျာက်နှာမူထားသည့်အတန်း)မှာပဲ နေရာလိုချင်ကြတာဆိုတော့ ခက်တာ ပေါ့။ အထဲမှာဆို လူလာမ၀ယ်လို့ မရောင်းရဘူးဆိုပြီးလေ။ တစ်ကယ်တော့ ပျံကျဈေးဆိုတာက ဦးရာလူ ကြိုက်တဲ့ နေရာခင်း ရောင်းတဲ့စနစ်။ ခုဖြစ်နေ တာက နေရာကောင်းတွေဆို ဖယ်မပေး တော့ဘဲ ကိုယ့်နေရာဆိုပြီး အမိုးအကာ တွေ၊ အခင်းတွေတောင် လုပ်ထား လိုက်ကြတော့ ဈေးသည်တွေ လမ်းပေါ် ထွက်လာတာပေါ့။ ရေရှည်မှာတော့ အထပ်မြင့်ဈေးဆောက်ပြီး ပျံကျဈေး သည်တွေကို ရောင်းဖို့နေရာ သတ်မှတ် ပေးဖို့ ရည်ရွယ်ထားကြတာ ရှိပါတယ်။

တနင်္သာရီ။     ။ ကမ်းနာလမ်း လမ်းဘေးဈေးသည်ကိစ်္စကို အမြစ် မတွယ်ခင် ရောဂါမရင့်ခင် အမြန်ကိုင် တွယ်ဖြေရှင်း ကုသသင့်တယ်လို့ ပြော လာတာတွေ ရှိတယ်။ ခုဖြစ်နေတဲ့ ကိစ္စ တွေမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မြို့သူမြို့သားတွေက ဦးလှဦးကို စည်ပင်ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးထား တယ်။ အခု ပြေလည်အောင် မဖြေရှင်း နိုင်သေးဘူးလို့ ပြောလာတယ်။ ဒီတော့ ဦးလှဦးအနေနဲ့ ကိုယ့်ကိုရွေးချယ်ထားတဲ့ မြို့သူ မြို့သားတွေကို ဘာပြောချင်လဲ။

ဦးလှဦး။          ။ ဈေးမဆောက် ခင်၊ ကမ်းနားလမ်း သာယာလှပရေး စီမံကိန်း မပြီးခင်တော့ တစ်ယောက်နဲ့ တစ်ယောက် သည်းခံပြီး၊ ဈေးသည် တွေနဲ့ ခရီးသွားတွေကြား နားလည်မှု ထားရှိသွားဖို့ပဲ ပြောချင်တယ်။ တစ် ယောက်နဲ့ တစ်ယောက် နားလည်ပေး ကြဖို့ပေါ့။

တနင်္သာရီ။       ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။