အသံတိတ်သူများ၏ အသံကိုလည်း နားထောင်ပါ

0
565

နိုင်ငံ၏ အရေးအရာ ကိစ္စများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် အလွာအသီးသီးမှ အသံများသည် အင်မတန်အရေးကြီးသည်ကို အားလုံး သိပြီး ဖြစ်သည်။

သို့သော် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများသည် အခါတော်တော်များများတွင် မိမိတို့ လွယ်လင့်တကူကြားသည့် အသံများကိုသာ နားထောင်ပြီး ဆုံးဖြတ်ချက်များကို ချလေ့ ရှိသည်။

ထို့ကြောင့် ထိုဆုံးဖြတ်ချက်များသည် ကြားရသည့်အသံများ၏ အကျိုးစီးပွားနှင့်သာ ဆက်စပ်သည်ကို တွေ့ရသည်။

အမှန်တကယ်တွင် မည်သည့်ကဏ္ဍတွင်မဆို မူဝါဒ ချမှတ်သူများကြားနိုင် လောက်အောင်အထိ အသံမထုတ်နိုင်သည့် အုပ်စုများ ရှိပေသည်။

လူထု၏ အခွင့်အရေးနှင့်ပတ်သက်ပြီး မည်မျှပင် အလေးထားသည့် အခြေ အနေမျိုး ခေတ်စနစ်မျိုးဖြစ်ပါစေ ယင်းသို့ အသံမထုတ်နိုင်သည့် အုပ်စုများ ရှိမြဲ ဖြစ်သည်။

လူထုကို မျက်နှာမူသည့် နိုင်ငံရေးသမားများ၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူများသည် ယင်းအချက်ကို သတိထားရန် လိုပေသည်။

သက်ဆိုင်ရာ ကဏ္ဍတစ်ခုခုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် အရေးကိစ္စ ရှိလာတိုင်း အသံတိတ်နေသူများ၏ အသံကို ရရေးကိုလည်း သတိထားပြီး ကြိုးစား သင့်ပေသည်။

ဥပမာ ရေလုပ်ငန်းကိစ္စ ဆုံးဖြတ်ချက်တစ်ခုခု ချရတော့မည်ဆိုလျှင် အသံ ထွက်နိုင်သည့် အုပ်စုများထံမှ အချက်အလက်များအပြင် အသံမထွက်နိုင်သည့် အောက်ခြေ ရေလုပ်သားများ၏ အသံများ ရရေးကိုလည်း ကြိုးစာရန် ဖြစ်သည်။

လက်ရှိကာလတွင် ကြားသည့်အသံကိုပင် အလေးမထားသည့် အနေအထား ဖြစ်သည့်အတွက် မကြားရသည့်အသံကိုလည်း သတိမူ နားထောင်ရန် ပြောနေခြင်းမှာ အနည်းငယ် ရယ်သွမ်းသွေးဖွယ် ဖြစ်နေမည် ထင်ပါသည်။

မည်သို့ပင်ဖြစ်စေ လူထုကို ၀န်ဆောင်မှု ပေးသည့်အလုပ်ကို လုပ်သည့်အခါ ယင်းမျှအထိ အလေးအနက်ထားရန် လိုအပ်ကြောင်း ပြောလိုရင်း ဖြစ်သည်။

             အယ်ဒီတာ (မတ် ၉၊ ၂၀၁၉)