နှောင်းမှ …

0
566

ဘ၀မှာ သေခြင်းတရားအကြောင်း အတွေးမိဆုံးအချိန်က လေယာဉ်စီးတဲ့ အချိန်ပဲ။ ကိုယ့်ထိုင်ခုံက လေယာဉ် ပန်ကာ ဘေးနားမှာဆိုရင် ပန်ကာ စလည်ကတည်းက “ဒီပန်ကာကြီး ပြုတ်ထွက်လာရင်တော့ ငါအရင်ဆုံးပဲ”ဆိုပြီး စတွေးတော့တာပါပဲ။

ပုံမှန်ရာသီဥတု ကောင်းချိန်ဆို ရင်တော့ လေယာဉ် တက်ချိန်၊ ဆင်းချိန်နဲ့ တိမ်တွေကို လေယာဉ်က တိုးတိုက်ချိန် မှာပဲ တွေးမိပေမယ့် ရာသီဥတု ဆိုးလို့ ကတော့ သေခြင်းတရားအကြောင်း တွေး နေမိတာက အလျင်မပြတ်ပါဘူး။

ကုန်းလမ်းနဲ့ ရေလမ်းဆိုရင် အဲ လောက် မတွေးဖြစ်ဘူး။

              ။။   ။။   ။။

အခါတော်တော်များများမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ရှင်သန်မှုကို ကိုယ့်အိပ်မက်တွေနဲ့ အချိုးကျကျ ရှိဖို့ကို မျှော်လင့် မှတ်ယူထားတတ်ပါတယ်။

နောင် ဆယ်နှစ်၊ နှစ် နှစ်ဆယ် အတွက် အိပ်မက်တွေ ရှိသလိုမျိုးပဲ နောက် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်အထိ အသေအချာ အသက်ရှင်မယ့်အတိုင်း မျှော်လင့်ပြီး နေထိုင် ပြုမူတတ်ကြ ပါတယ်။

ဒါဟာ မျှော်လင့်မှုဖြစ်တဲ့အတွက် မှားတယ်လို့ မဆိုသာသော်လည်း တကယ့် အရှိတရားမှာတော့ စက်္ကန့်တိုင်း ဟာ မရေရာဘူးလေ။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ မေ့မေ့လျော့လျော့ နေလိုက် မိကြပါတယ်။

ဒါက အင်မတန် ကြီးမားတဲ့ မေ့ လျော့မှုပါပဲ။

လာမယ့် စက္ကန့်တစ်ခုစီတိုင်းဟာ ရှင်သန်မှုရဲ့ အဆုံးသတ်ဖြစ်နိုင်တယ် ဆိုတာကို အလေးအနက် မသက်ဝင်ခြင်း က ကျွန်တော်တို့ရဲ့ ဘ၀နေထိုင်မှုအပေါ် များစွာ သက်ရောက်မှု ရှိတယ်။

ငယ်ငယ်က ၀တ်္တုတွေ ဖတ်တဲ့အခါ မှာ “ဒီခရီးက သူကိုယ့်ကို နောက်ဆုံး နှုတ်ဆက်ပြီး ထွက်သွားတဲ့ ခရီးမယ် လို့သာ ကြိုသိခဲ့ရင်” “အဲဒီနေ့ဟာ အမေနဲ့ ကျွန်တော် နောက်ဆုံးတွေ့ရတဲ့ နေ့လို့သာ သိခဲ့ရင်” “အဲဒီအချိန်က သူ့ပုခုံးပေါ် မှီခဲ့တာမျိုး နောက်ထပ် မရနိုင်တော့ဘူးဆိုတာသာ သိမယ်ဆို ရင်”ဆိုတဲ့ ၀ါကျမျိုးတွေကို ခဏခဏ ဖတ်ရမှာပါ။

တကယ့် ဘ၀မှာလည်း အဲလို အခြေအနေတွေ ခဏခဏ တွေ့ကြရမှာ ပါ။

ပြီးခဲ့တဲ့ လပိုင်းက မိတ်တွေတစ် ယောက် လက်ဆောင်ပေးတဲ့ “ဆရာမိုရီ နှင့် အင်္ဂါနေ့များစွာ”ဆိုတဲ့ စာအုပ်မှာ အသုဘအကြိုအခမ်းအနားဆိုတဲ့ အခန်း တစ်ခုပါပါတယ်။ ဆရာမိုရီက ရှင်သန် ဖို့ရာ အချိန်အနည်းငယ်သာ ကျန်တော့ တယ်ဆိုတာကို သိထားရပြီး အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါ ခံစားနေရသူပါ။

ဘာသာရေး အခမ်းအနားတွေ၊ ဘာသာရေးစာပေတွေ၊ ဘုန်းတော်ကြီး တွေထံကနေ လူဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာ သေဆုံးနိုင် တယ်ဆိုတာကို ဖန်တရာတေ နားရည်ဝ အောင် နာယူရပြီးဖြစ်ပေမယ့် မေ့မေ့ လျော့လျော့ပါပဲ။

ဒါပေမယ့် ဆရာမိုရီရဲ့ အသုဘ အကြို အခမ်းအနားအကြောင်း ဖတ်ပြီး ချိန်မှာတော့ နှလုံးသွေးထဲ စီးမျောကျန် ခဲ့တာက ရှင်သန်ချိန်တိုင်းကို အလေးထား ဖို့ဆိုတာပါ။

စာအုပ်ထဲမှာ ဆရာမိုရီက သူ့လုပ် ဖော်ကိုင်ဖက် ဆရာတစ်ယောက်ရဲ့ အသုဘ အခမ်းအနားမှာ လူတွေက သူ့ မိတ်ဆွေ အကြောင်းကို ချီးမွမ်းပြောဆို နေတာတွေကို တွေ့ခဲ့ရတယ်။ အဲဒီမှာ သူက သူ့မိတ်ဆွေအတွက် အတော့်ကို နှမြောတသ ဖြစ်မိတယ်လို့ ဆိုပါတယ်။ ဘာလို့ဆိုရင် ဒီချီးမွမ်းစကားတွေကို သူ့မိတ်ဆွေ ကြားမသွားရသလို အခု ပြောနေတာတွေကိုလည်း မကြားနိုင်တော့ ဘူး မဟုတ်လား။

မိတ်ဆွေရဲ့ အသုဘက အပြန်မှာ တော့ ဆရာမိုရီက သူ့ရဲ့ အသုဘအကြို အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ မိတ်ဆွေတွေက ဆရာမိုရီနဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ ပြောခဲ့ကြပါတယ်။ ၀မ်းနည်း ပြီး ငိုတဲ့သူလည်း ငိုကြတယ် ဆိုပါတော့။

နည်းနည်း အူကြောင်ကြောင်နိုင် တယ်လို့ ထင်ရပေမယ့် သိပ်မကြာတော့တဲ့ အချိန်မှာ သေဆုံးရတော့မယ်လို့ သိထား တဲ့သူတစ်ယောက် အတွက်တော့ အတော့် ကို လက်တွေ့ကျတဲ့ အခမ်းအနားတစ်ခု ပါပဲ။

ဆရာမိုရီရဲ့ အသုဘအကြိုအခမ်း အနားအကြောင်း ဖတ်ပြီးချိန်မှာ ကိုယ့်ရဲ့ နေ့စဉ်ဘ၀ နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပြန်သုံးသပ်မိပါ တယ်။

ကျွန်တော်တို့ဟာ ရှင်သန်နေစဉ် အချိန်မှာ ကိုယ်က ချစ်သော၊ ကိုယ့်ကို ချစ်သော၊ ကိုယ့်အနီးအနားက သူတွေကို ကြင်နာမှု၊ ဖေးမမှု၊ စာနာ နားလည်မှု၊ နွေးထွေးမှုတွေ  အတတ်နိုင်ဆုံး ပေးရဲ့ လားဆိုတာကိုပါ။

အဝေးရောက်နေပြီး မိဘတွေဆီ ဖုန်းမဆက်ဖြစ်တဲ့အခါ ဆရာမိုရီရဲ့ အသုဘအကြိုအခမ်းအနားက ဖုန်းဆက် ဖြစ်ဖို့အတွက် တွန်းအား ဖြစ်စေပါတယ်။

မိတ်ဆွေ သူငယ်ချင်းတစ်ယောက် ယောက် ကြီးကြီးမားမား နေမကောင်းဖြစ် တဲ့အခါ မအားတဲ့ကြားထဲက သွားဖြစ်ဖို့ ကို ဆရာမိုရီရဲ့ အခမ်းအနားက သတိပေး ပါတယ်။

ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့ သူတွေအတွက် တစ်စုံတစ်ရာ ကောင်းတာ လုပ်ဖို့ကို ဆရာမိုရီရဲ့ အသုဘအကြို အခမ်းအနား အကြောင်းက အလေး အနက်ထားအောင် တွန်းပို့နေပါတယ်။

ဆိုရင် . . . နေ့စဉ် ဘ၀ လုပ်ငန်း ဆောင်တာတွေမှာရော  . . 

ခဏနေကျရင် သေရင်သေသွားနိုင် တယ်ဆိုတဲ့ အသိက မကောင်းမှုကို လုပ်ဖို့ အတော့်ကို တွန့်ဆုတ်စေပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ ခဏလေးပါပဲ လေဆိုပြီး လုပ်မိတတ်တာတွေ ရှိတယ် မဟုတ်လား။

တကယ်လို့ ကိုယ်က ပြန်မပြင်ဆင် နိုင်မီမှာ သေသွားရင် ဘယ်လို လုပ်မလဲ ဆိုတဲ့အတွေးမျိုးက ဘ၀နေထိုင်မှုမှာ မကောင်းတာတွေကို မလုပ်ဖြစ်ဖို့ တော်တော် အထောက်အကူ ဖြစ်ပါတယ်။

ပိုပြီး ရိုးရိုးသားသား နေဖို့၊ သမာ အာဇီဝ ကျကျ သက်မွေးဝမ်းကြောင်းဖို့ ပို တွန်းအားဖြစ်စေတယ်။

ကိုယ့်ရှေ့ရောက်လာတဲ့ အခွင့် အရေးတွေနဲ့ ပတ်သက်ပြီးရော ကိုယ်က လုပ်ပေးရမယ့်ဟာတွေနဲ့ ပတ်သက်ပြီးပါ အလေးအနက် ပိုထား ဖြစ်လာတယ်။

မိတ်ဆွေတစ်ယောက်ကတော့ သူ့ အနေနဲ့ ဘ၀မှာ ကြုံတွေ့ရသူတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးပြုမူနေထိုင်ပြီး ဖြစ်တဲ့အတွက် အပိုအလုပ်လို လုပ်နေ ကြသလိုဖြစ်နေတဲ့ အသုဘ အခမ်းအနား ဓလ့အချို့အပေါ် အရသာ မတွေ့တော့ ကြောင်း၊ မသွားဖြစ်တော့ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ယက်မှာ မျှဝေထား လေရဲ့။

မှန်ပါတယ်။

သူမရှိတော့မှ သူ့ရဲ့ ဂုဏ်ပုဒ်တွေကို ပြောမကုန်ဖြစ်ရတာမျိုး၊ သူမနမ်းရှိုက်နိုင် တော့မှ သူ့အတွက် နှင်းဆီတွေ တစ်ပွေ့ ကြီးထည့်ပေးတာမျိုးတွေက အရသာ မတွေ့စရာပါ။

ဒါကြောင့် သေချာတဲ့ စက်္ကန့်တွေမှာ ကျွန်တော်တို့ အကောင်းဆုံး ပြုမူနေ ထိုင်ကြဖို့ လိုပါတယ်။

ဒါမှ နှောင်းမှ တသသ ဖြစ်တာမျိုး မဖြစ်မှာ ဖြစ်ပါတယ်။

သည်မွန်