ကော့သောင်းတွင် ကမ်းနီးငါးဖမ်းလိုင်စင်မရှိသည့် ငါးဖမ်းလှေ အစီးရှစ်ရာကျော်ရှိ

0
668

ကော့သောင်းမြို့နယ် သတ်မှတ် စည်းကမ်းချက်နှင့် မညီသည့်အတွက် ကမ်းနီးငါးဖမ်းခွင့်လိုင်စင် မထုတ်ပေး နိုင်သည့် ကမ်းနီး ငါးဖမ်းလှေ ၈၆၁ စီး ရှိကြောင်း ကော့သောင်းမြို့နယ် ငါးဦးစီး ဌာနထံမှ သိရသည်။

လှေအလျား ပေ ၃၀ နှင့် မြင်း ကောင်ရေ ၂၀ အောက် ငါးဖမ်းလှေကိုသာ ကမ်းနီးငါးဖမ်းလိုင်စင် ထုတ်ပေးပြီး ယင်းသတ်မှတ်ချက်ထက်ကျော် လွန် သည့် ငါးဖမ်းလှေများကို ငါးဖမ်းလိုင်စင် မထုတ်ပေးတော့ကြောင်း အထက်ပါဌာန မှ သိရသည်။

၂၀၁၇-၂၀၁၈တွင် အစီးရေ ၆၀ကို ငါးဖမ်းလိုင်စင်ထုတ်ပေးခဲ့ပြီး ယခု နှစ်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် ၃ စီးသာ ထပ်ထုတ်ပေးနိုင်ခဲ့သည် ဟု မြို့နယ်ငါးဦးစီးမှူး ဦးအောင်နိုင် က ဆိုသည်။  

လက်ရှိ သတ်မှတ်ထားသည့် ကမ်းနီးငါးဖမ်းလိုင်စင်ပါ စည်းကမ်း ချက်များသည် လက်ရှိအနေအထားမှာ ငါးဖမ်းဆီးရန် မဖြစ်နိုင်သည့်အတွက် ကမ်းနီးငါးဖမ်းလှေများသည် စည်းပျက် ယာဉ်အဖြစ် သတ်မှတ်ခံရပြီး ဖမ်းဆီး ခံနေရကြောင်း ကမ်းနီးရေလုပ်ငန်းပိုင်ရှင် ဦးကျော်ခိုင်က ဆိုသည်။

“စည်းကမ်းချက်နဲ့မညီလို့ လိုင်စင် မထုတ်ပေးလည်း လှေတွေက နားနေ တာမှ မဟုတ်တာ၊ စားဝတ်နေရေးအတွက် ခိုးကြောင်ခိုးဝှက် လုပ်နေကြရတယ်၊ အဲလိုမဖြစ်အောင် ဒေသအခြေအနေအရ စည်းကမ်းချက်တွေပြင်ပြီး ငါးဖမ်း လိုင်စင် ထုတ်ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ကမ်းနီး ရေလုပ်သားတွေအတွက် သေန္တသရအစိုးရက တာဝန်ယူပေးနိုင်ရန် ဒေသလိုအပ်ချက်အရ ဥပဒေများ ပြင်ဆင်ပြီး ဒေသလိုင်စင်ထုတ်ပေးနိုင်ရန် တင်ပြ တောင်းဆိုမူတွေ လုပ်ထား ကြောင်း ကမ်းနီးငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်က ဆိုသည်။

မတ်လ ၁ ရက်တွင်လည်း စည်းပျက် ကင်းမွန်ငါးဖမ်းလှေနှစ်စီးကို ပင်လယ်ပြင် စိုးမိုးရေးတပ်ရေယာဉ် ၂၆၇ မှ ဖမ်းဆီးခဲ့ပြီး  ငါးလုပ်ငန်းဦးစီးဌာနထံ လာရောက်အပ်နှံခဲ့သည်ဟု ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

ကော့သောင်းတွင် ကမ်းနီးငါးဖမ်း လှေအစီးရေ  ၉၀၀ ကျော်ရှိကြောင်း ကော့သာင်းမြို့နယ် ငါးလုပ်ငန်း ဦးစီး ဌာနထံမှ သိရသည်။

 မိုးအိ