မဒီ အမှတ်တံဆိပ် တင်းတိမ်ဝက်ခြံ ပျောက်ဆေး သုံးစွဲရန်မသင့်

0
1732

ထားဝယ်ဈေးကွက်အတွင်း သုံးစွဲသူများသည့်  “မဒီ” အမှတ်တံဆိပ် တင်းတိမ်ဝက်ခြံပျောက် ဆေးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က ထုတ်ပြန်လိုက်သည်။

FDA ဌာနက “မဒီ” အမှတ်တံဆိပ် တင်းတိမ်ဝက်ခြံပျောက်ဆေး အပါအ၀င် အခြားအလှကုန်အချို့ကို သုံးစွဲရန်မသင့်ကြောင်း မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မဒီ” အမှတ်တံဆိပ် တင်းတိမ် ၀က်ခြံပျောက်ဆေးတွင် အရိုးပွရောဂါနှင့် ကျောက်ကပ်ရောင်ရောဂါ အပါအ၀င် အခြားရောဂါများ ဖြစ်ပွားစေသည့်  ဓာတုပစ္စည်း (Triamcinplone) ပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးစွဲရန်မသင့်သည့် “မဒီ” အမှတ်တံဆိပ် အလှကုန်ပစ်္စည်းကို ယခုအပတ်အတွင်း ထားဝယ် ဈေးကွက်တွင် သိမ်းဆည်းမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီများကိုလည်း အကြောင်းကြားမည်ဖြစ်ကြောင်း FDA ဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

“ဒီအပတ်ထဲမှာ သိမ်းဆည်းတာတွေ လုပ်မယ်”ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။

အဆိုပါ အလှကုန်များ သုံးစွဲရန် မသင့်ကြောင်း အများပြည်သူသိရှိစေရန် အသိပညာပေးသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့ ၀ဲကျွန်းရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုက အလှကုန်ပစ္စည်းတွေက သုံးစွဲဖို့ သင့်လား၊ မသင့်လားဆိုတာ မသိနိုင်ဘူး ဖြစ်နေတယ်”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

တိုင်းအတွင်း သုံးစွဲနေသည့် အလှကုန်ပစ္စည်းအချို့တွင် Mercury (ပြဒါး) ပါဝင်နေကြောင်း ထုတ်ပြန်ထားပြီး သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် စိတ်ကျရောဂါ အစရှိသည့် ရောဂါများ ဖြစ်ပွားနိုင်သည်။                                                                  

ကိုဇော်