စတုတ္ထတန်း ပြဌာန်းစာအုပ်ပါ ၀ံသာနုကဗျာ ပယ်ဖျက်

0
2359

အခြေခံပညာ စတုတ္တတန်း (Grade ၅) သင်ရိုးအဟောင်းရှိ စာရိတ္တ နှင့် ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်ပါ ၀ံသာနုစိတ်ဓာတ် ကဗျာအား လာမည့် ၂၀၁၉-၂၀ ပညာသင်မှ စတင်ပြီး သင်ကြားခြင်းမပြုရန် ပယ်ဖျက်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက မတ်လ ၇ ရက်က ညွှန်ကြားချက် ထုတ်ပြန်လိုက် သည်။

ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ထားသည့် ညွှန်ကြားစာကို ရရှိနေပြီး ခရိုင်၊ မြို့နယ် ပညာရေးမှူများ သိရှိ နိုင်ရန် ထပ်ဆင့်ညွှန်ကြားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ဘာဖြစ်လို့ ဒီလိုပယ် ဖျက်တယ် ဆိုတာကိုတော့ မသိရသေးဘူးပေါ့နော်။ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့ လိုက်လုပ်ရမှာက တို့တာဝန်ပဲ” ဟု ဒေါ်မြင့်စိန်က ဆိုသည်။

ယင်းကဗျာကို ၂၀၁၅/ ၁၆ ပညာ သင်နှစ်မှ စတင်ပြီး စတုတ္ထတန်းတွင် ထည့်သွင်း သင်ကြားနေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အရပ်ဖက်အဖွဲ့အစည်း ၁၂၀ နှင့် တသီးပုဂ္ဂလ ၁၂ ဦးက လက်မှတ်ထိုးကာ ယင်း ကဗျာ ကို ဖြုတ်ပေးရန် သမ္မတကို အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ဖူးသည်။

ယင်းအိတ်ဖွင့်ပေးစာတွင် ယင်း ကဗျာသည် နုနယ်သည့် ကလေးများကို ခွဲခြားဆက်ဆံတတ်သည့်၊ မတူကွဲပြား မှုများကို မုန်းတီးစရာအဖြစ် ရှုမြင်တတ်သည့် အမုန်းစိတ်ဓာတ်ကို သွတ်သွင်းပေးနေသကဲ့သို့ ဖြစ်နေကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပညာရေးဝန်ကြီးဌာနနှင့် အရပ်ဖက်အဖွဲ့အစည်းများ ယင်းကဗျာ အတွက် တွေ့ဆုံဆွေးနွေးပြီး ဆယ်ရက် ကျော်အကြာတွင် ၀ံသာနုစိတ်ဓာတ် ကဗျာကို ပယ်ဖျက်ကြောင်း ပညာရေး ၀န်ကြီးဌာမှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ဝံသာနုစိတ်ဓာတ် ကဗျာတွင် “အမျိုးပျောက်မှာစိုးကြောက်ပါ ကျွန် ဖြစ်နွံနစ်မှာ” ၊ “သွေး နှောတာငါတို့မုန်း လူမျိုးအညွန့်တုံး” စသဖြင့် စာသားများ ပါဝင်သည်။

 ကျော်သူစိုး