အသိုက်

0
344

အက်ဒမန်ပင်လယ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ ဆားနံ့ပါသည့်လေ သည် ကမ်းခြေတစ်လျှောက် မြူးတူးခုန် ပေါက်နေသည်။ ကျောက်တုံးကျောက် ဆောင်တွေနဲ့ ထိတွေ့လိုက်ချိန်မှာ လေ တိုးသံတွေ တရွှီးရွှီး။

နွေဦးဟာ တပေါင်းကိုကြိုဖို့ ဒီကမ်းခြေကို လေရူးနဲ့ ကြိုရောက်နှင့် နေ ပြီ။ လေမြူးဟာ ကမ်းခြေက သပြေပင် ကြီးတွေပေါ်ကိုလည်း ခုန်တက်ဆော့ ကစားသေးတယ်။ နောက်တော့ လှိုင်းပုတ်သံတွေ သစ်ရွက်မြည်သံတွေနဲ့ရောပြီး ကမ်းခြေမှာ မေးတင်ထားတဲ့ တံငါရွာ ကလေးထဲကို အပျိုဖျန်းလေးတစ် ယောက်လို ကော့ကော့မော့မော့ ပြေးဝင် သွားလေရဲ့။

“အမေနဲ့ ရွာကို သားမောင်လွမ်းလို့ ဩဩ.”

ကမ်းခြေ သပြေပင်ကြီးအောက် ကျောက်တုံးကလေးတစ်တုံးပေါ် တင် ထားတဲ့ ရေဒီယိုအိုလေးဆီက ထွက်လာ တဲ့ အမေ့အိမ်လွမ်းတေး။ ရေဒီယိုလေး နံဘေးမှာတော့ တင်ပျဉ်ခွေ အကျအန ထိုင်ပြီး ငါးဖမ်းပိုက်ဖာနေတဲ့ မိုးမြင့်။ ငါးဖမ်းပိုက်ရဲ့ ကြိုးစတစ်ဖက်ကို ကမ်း ခြေဘက် ငိုက်ကျနေတဲ့ သပြေကိုင်းမှာ ချည်ထားလေရဲ့။ သပြေကိုင်းပေါ်ကနေ တွဲလောင်းကျနေတဲ့ ငါးဖမ်းပိုက်ရယ်၊ ဖြူလွှလွှ သဲသောင်ပြင်တစ်လျှောက် လေ ရူးသယ်ရာ လွင့်ပါနေတဲ့ သပြေရွက်ကြွေ တွေရယ်နဲ့ မိုးမြင့်ရဲ့ နွေနေ့လယ်ခင်းဟာ ကဗျာပင် ဆန်နေသေးတော့။

ဒီနေရာက မိုးမြင့်ရဲ့ ကိုယ်ပိုင် အသိုက်အမြုံလေး။

မိုးမြင့် နှစ်သက်လွန်းတဲ့ ဘူမိနက် သန်။ ပင်လယ် မထွက်တဲ့ အချိန်တွေမှာ ခဏတဖြုတ် အနားယူဖို့ပဲဖြစ်ဖြစ်၊ ပိုက် ဖာတာ၊ ခဲသီးချည်တာ အစရှိတဲ့ ပင်လယ် ဗာဟီရအလုပ်တွေကို လုပ်ဖို့ပဲဖြစ်ဖြစ် မိုးမြင့် စခန်းချရာနေရာလေး။ မြောက် ဘက်ကိုက်တစ်ရာလောက်ကို လှမ်း ကြည့်လိုက်ရင်တော့ နွေဦးနေပူပူ အောက်က မိုးမြင့်တို့ ရွှေ့ပြောင်းရေလုပ် သားတွေရဲ့ ယာယီတဲနန်းစုစုတွေ။ အဲဒီ တဲနန်းတွေအပေါ်ကနေ မြောက်ဘက်ကို ကိုက်တစ်ရာလောက် ထပ်ကျော်ကြည့် လိုက်ရင်တော့ ကျောက်ထရံရွာ။

ရေဖြူမြို့နယ်ထဲက မြောက်ကော့စ မော့ကျွန်းရဲ့ အရှေ့ဘက်တည့်တည့် ကျောက်ထရံလို့ခေါ်တဲ့ တံငါရွာကလေး။ ကော့စမော့ကျွန်းကိုတော့ ဒေသခံတွေက ဟိန်္ဇဲဘုတ်လို့ ခေါ်ကြတယ်။ ကျွန်းရဲ့ အရှေ့မြောက်ဘက်ယွန်းယွန်းက ရေဖြူ မြို့နယ်ထဲမှာ အကြီးဆုံးလို့ ပြောလို့ရ မယ့် အက်ဒမန်ပင်လယ်ထဲကို စီးဝင် နေတဲ့ ဟိန်္ဇဲချောင်းကို အစွဲပြုပြီးခေါ်ကြ တယ်လို့ မှတ်ယူမိပါရဲ့။ တောင်ဘက် ဘ၀ါကမ်းခြေ၊ မြောက်ဘက် ဖြူနတ်၊ ဓမင်းဆိပ်၊ ပိုက်တဲလေး၊ ကင်းတောင်၊ ဗျူကြီး၊ ဗျိုက်၊ ကျောက်ထရံကြီးတွေလိုပဲ မိုးမြင့်ရဲ့ အသိုက်အမြုံလေးတည်ရှိရာ ကျောက်ထရံရွာကလေးဟာ ရေဖြူမြို့နယ်ထဲက တံငါရွာလေးတစ်ရွာ။

ကျောက်ထရံဟာ မိုးမြင့်ရဲ့ ဒုတိယ အသိုက်အမြုံလို့ ပြောရင်ပိုမှန်လေမလား။

မောင်နှမတစ်ဆယ်လောက်ရှိတဲ့   လောင်းလုံးမြို့နယ်ထဲက တီဇစ်လို့ခေါ်တဲ့ တံငါရွာကလေးကနေ မိုးမြင့်ထွက်လာ တာတောင် ဆယ်စုနှစ်တစ်ခု ကျော်နေခဲ့ ပြီပဲလေ။ တကယ်ဆိုတော့ ပင်လယ်ဆို တာ မိုးမြင့်တို့ဘ၀ပါ။ ပယ်လယ်မှာ မွေး၊ ပင်လယ်မှာကြီး ပင်လယ်ကို အမှီပြု ပြီးပဲ ဘိုးဘွားဘီဘင် လက်ထက် ကတည်း က ထူထောင်ခဲ့ကြတဲ့ ဘ၀တွေပဲလေ။

လေးတန်းကျောင်သား လွယ်အိတ် တန်းလန်းနဲ့ ပင်လယ်ထဲရောက်ခဲ့တဲ့ မိုးမြင့်။ မိသားစုစားဝတ်နေရေးအတွက် သူချစ်တဲ့ ဖတ်စာအုပ်တွေအစား ငါးဖမ်း ပိုက်တွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ မိုးမြင့်။

“ကျွန်တော်တို့ ဘ၀တွေက ရွေးချယ်စရာ အရမ်းနည်းပါးခဲ့တယ်လေ၊ ဒါပေမယ့် ဒီဘ၀မှာပဲ ပျော်အောင်နေရ တာပါပဲ”

အက်ဒမန် ပင်လယ်ကြီးကို ငေးရင်း မိုးမြင့် ပြောလာတယ်။

နှစ်စဉ် သီတင်းကျွတ်ရာသီရောက် လာပြီဆို မိုးမြင့်တို့ ကျောက်ထရံဘက်ကို ကူးလာကြပြီ။ ယောက်ျားသားတွေက ယာယီတဲတွေ အရင်လာဆောက်ကြ၊ ငါး ဖမ်းပိုက်တွေ လှေတွေ နေရာချကြနဲ့ အ လုပ်ရှုပ်ကြတဲ့ ပွင့်လင်းရာသီပေါ့။ ဒီလိုနဲ့ မီးထွန်းပွဲတွေပြီးလို့ ရွာက အမျိုးသမီး တွေ၊ ကလေးတွေနဲ့ မွေးထားတဲ့ ခွေးတွေ ၀က်တွေပါမကျန် တီဇစ်ကနေ ကျောက် ထရံကို ပြောင်းလာကြချိန်ဆို မိုးမြင့်တို့ လှေတွေ ငါးဖမ်းစထွက်ဖို့  အားလုံးအဆင် သင့်။

တစ်ဆောင်းနဲ့ တစ်နွေ ငါးဖမ်းရာသီ တစ်ရာသီစာပြီးရင်တော့ ပုံမှန်အားဖြင့် မိုးမြင့်တို့ ပြည်တော်ပြန်လေ့ ရှိတယ်။ တန်ခူး၊ ကဆုန် မိုးဦးလေရူးတွေ စတင် ချိန်မှာ မိုးမြင့်တို့ ကွန်းခိုရာ ယာယီတဲနန်း တွေကို စတင်စွန့်ခွာကြရပြန်ပြီပေါ့။ ဒီ လိုနဲ့ ဆယ်စုနှစ်တွေ ချီကြာအောင် အက်ဒမန်မှာ စုန်ဆန်ကူးလူးခဲ့ကြ။ မိုးမြင့်လည်း ဒီရွာသူနဲ့အကြောင်းပါ၊ တစ်အိုးတစ်အိမ် ထူထောင်ဖြစ်ပေမယ့် ဇာတိရွာလေးက အမေ့အိမ်ဆီ နှစ်စဉ်ပြန် ဖြစ်မြဲ။

“ဒီလို ဘယ်လာနေချင်မလဲဗျာ၊ ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ နေထိုင်ပြီး အေး အေးဆေးဆေး လုပ်စားချင်တာပေါ့၊ ခု တော့ မိဝေး ဖဝေးနဲ့၊ မိဖတွေလည်း အို နေပြီလေ”

တီဇစ်ဘက်မှာ ကင်းမွန်မီးထွန်း လှေကြီးတွေ များလာတာ၊ ၀ါလတ်လို့ ခေါ်တဲ့ ဒရွတ်ဆွဲပိုက်လှေကြီးတွေ ကမ်း နီးကို အမြဲတမ်းနီးပါး ၀င်ဝင်ဆွဲပြီး ငါး ဖမ်းတာတွေက မိုးမြင့်တို့လို ဘုတ်မလှေ ကလေးတွေနဲ့ တစ်နိုင်တစ်ပိုင်ငါးဖမ်းလုပ် ငန်းလုပ်ကိုင်ကြတဲ့ ဒေသခံတွေကို အကျပ် ရိုက်စေခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလတွေကတည်းက။

“ရေကြည်ရာ မြက်နုရာ” ဆိုတာ ကုန်းမှာပဲရှိတာမဟုတ်။ မိုးမြင့်တို့ ရေ လုပ်သားတွေလည်း မူရင်းဌာနေ ငါး ဖမ်းကွက်တွေကို ဘ၀ရှင်သန်မှုအတွက် စွန့်ခွာခဲ့ကြရတယ်လေ။

ပုံမှန်အားဖြင့် ငါးဖမ်းဖို့ အဆင်သင့် ဖြစ်သည်အထိ အနည်းဆုံး ကျပ်သိန်း၇၀ ကနေ ၈၀ နဲ့ ၁၀၀ ကြားအထိ ရင်းနှီးလုပ် ကိုင်ရတဲ့ မိုးမြင့်တို့လို ငါးဖမ်းပိုက်လှေ အများစုက အရင်းအနှီး မရှိကြသူများ တယ်။ ဒီတော့ ထုံးစံအတိုင်း ငါးအ၀ယ် ဒိုင်တွေမှာ ကြိုတင်ငွေယူကြ၊ ဖမ်းမိလာ တဲ့ ငါးတွေကို အ၀ယ်ဒိုင်မှာ ပြန်သွင်းကြ။ အ၀ယ်ဒိုင်ကပေးတဲ့ ငါးဈေးနဲ့ အပြင်ဈေး ကွက်မှာ ပေါက်တဲ့ဈေး ကွာဟချက်ဆို တာမျိုးကတော့ မိုးမြင့်တို့ ထည့်တွက်ဖို့ စဉ်းကို မစဉ်းစားကြတော့။

 မဲရှင်မ “မ”လို့ ငါးအထိအမိများ ရင် ဒိုင်က အကြွေးကလေးဖဲ့ဖဲ့ ပြီးဆပ် ပေါ့။ ဒါပေမယ့် ငါးဖမ်းရာသီ တစ်ရာသီ ပြီးသွားလို့ ဒိုင်အကြွေး ကျေသွားတဲ့သူ ဆိုတာ ခပ်ရှားရှားရယ်ပါလေ။ တစ်မိုး တွင်းလုံးစားဖို့၊ ကလေးတွေ ကျောင်းစ ရိတ်၊ ကျန်းမာရေးစရိတ်ဆိုတာတွေမျိုးက ခေါင်းစဉ်ပေါင်းစုံနဲ့ ငါးအ၀ယ်ဒိုင်မှာ ပိုက်ဆံကြိုထုတ်ထားဖို့ မိုးမြင့် မိန်းမကို တွန်းပို့နေတတ်တာမျိုးကိုး။

“ငါးမရတာထက် ဆိုးတာက ပိုက် တွေပြတ်တာပဲဗျ၊ ဓာတ်ငွေ့ပိုက်လုံးနဲ့ ငြိပြီးပြတ်တာ၊ ကျောက်တင်သင်္ဘောနဲ့ ငြိပြီးပြတ်တာတွေဆိုတာက နေ့စဉ်လိုလို ကို ဖြစ်နေတာလေ၊ ဆန်းကိုမဆန်းတော့ ဘူး၊ ဘယ်နေရာမှာ သွားတင်ပြရမှန်း လည်း မသိတော့ ဒီအတိုင်းပဲ ခံနေရတာ ပါပဲ။ ပိုက်တွေ အကုန်ဆုံးသွားလို့ ထွက် ပြေးသွားရတဲ့သူတွေလည်း မနည်းဘူး၊ အများစုက လုပ်စားစရာမရှိလို့ ပေပြီး နေနေကြတာ များပါတယ်” ပြီးခဲ့တဲ့ ရက် ပိုင်းကမှာ ကျောက်တင်သင်္ဘောနဲ့ငြိပြီး ပြတ်သွားတဲ့ ပိုက်ဖုံနဲ့ ဓာတ်ငွေ့ပိုက် လိုင်းနဲ့ငြိပြီး ပြတ်သွားတဲ့ ပိုက်ဖုံတွေကို ညွှန်းရင်း မိုးမြင့် ပြောတယ်။ ငြိသွားတဲ့ နေရာတွေကိုလည်း သူ့တယ်လီဖုန်းထဲက ရေပြင်မြေပုံကိုတစ်လှည့် အက်ဒမန် ပင် လယ်ကြီးကိုတစ်လှည့် လက်ညှိုးတညွှန် ညွှန်နဲ့ပြနေသေး။

ပင်လယ်ထဲက စိန်ခေါ်မှုတွေ အ ကြောင်းပြောပြနေတဲ့ မိုးမြင့်တို့ ငါးဖမ်း မိတ်ဆွေတစ်စုရဲ့ အမူအရာက တခါတ လေ စိတ်အားတက်ကြွဖွယ်ကောင်းသလို မျှော်လင့်ချက်မဲ့နေပုံမျိုးလည်း ပေါ်လွင် လှတယ်။

မိုးမြင့်တို့ စိုးရိမ်နေတဲ့အထဲမှာ ရှိ ရင်းစွဲ ဓာတ်ငွေ့ပိုက်လိုင်းတွေကြောင့် ဆုံးရှုံးရမှု၊ ကျောက်တင်သင်္ဘောနဲ့ ၀ါ လတ်ငါးဖမ်းလှေတွေကြောင့် ထိတ်လန့် နေရမှု အပါအ၀င် အဆိုပြု ဓာတ်အားပေး စီမံကိန်းကြောင့် သူတို့ရဲ့ ဘ၀ရပ်တည်မှု တွေကို ဘယ်လိုထိခိုက်လာမလဲဆိုတာ မျိုးလည်းပါတယ်။

“ကျွန်တော်တို့က စီမံကိန်းတွေကို မလုပ်နဲ့လို့ ပြောနေတာ မဟုတ်ပါဘူး၊ စီမံကိန်းတွေ အကောင်အထည်ဖော်ကြရင် ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို မထိခိုက်စေဖို့ပဲ ပြောချင် တာပါ၊ ခုက အရမ်းကို ထိခိုက်လွန်းနေ တယ်ဗျာ” ပိုက်ဖာတဲ့အလုပ်ကို လက်စ သိမ်းလိုက်ပြီးချိန်မှာတော့ ဒီရေတောင် ကမ်းစပ် သပြေပင်ကြီးအနားကို ရောက် လုပြီ။ ရေပြည့်ပြီကိုး။ မိုးမြင့် ပိုက်ဖုံတွေ ကို နေလောင်နေတဲ့ သူ့ပုခုံးတွေအပေါ် ပစ်တင်လိုက်တယ်။ ညနေ ငါးဖမ်းထွက်ဖို့ သူပြင်ရဦးမယ်။ အိမ်သူ သက်ထားက လှေထွက်ဖို့ အစားအသောက်တွေ အဆင် သင့်ဖြစ်အောင် ချက်ပြုတ်နေချိန် လှေစစ် တာ၊ စက်စစ်တာတွေကို သူဆောင်ရွက် ရဦးမယ်။

“ဖေဖေ၊ သားသားလည်း လိုက်မယ် ”ဆိုပြီး နှစ်လိုဖွယ်အသံကိုပြု သဲခုံဖွေးဖွေး ဒီရေအစပ်ကနေ ဖခင်ရှိရာ အပြေးလာတဲ့ မိုးမြင့်ရဲ့ ရင်နှစ်သည်းချာ သားလှ ရတနာ။ ငါးဖမ်းပိုက်တွေ ထမ်းထားရင်း သားကို စွေ့ကနဲကောက်ချီ ပါးပြင်ကို ရွှတ်ကနဲနမ်းပြီး မိုးမြင့်က သားဖြစ်သူကို မှာ တမ်းခြွေတယ်။

“ငါ့သားက ငါးမဖမ်းရပါဘူး၊ ကျောင်းဆရာကြီး လုပ်ရမှာ၊ ဖေဖေတို့ ဖမ်းဖို့တောင် ငါးတွေက မကျန်တော့တာ ငါ့သားလေးကြီးလာရင် ဟောဒီပင်လယ် ကြီးထဲမှာ ဘာငါးမှ ရှိတော့မှာမဟုတ် ဘူးလေ၊ အဲဒီတော့ သားလည်း ဖမ်းစရာ မလိုတော့ဘူး”

နေပင် အတော်စောင်းလုပြီ။

စောစောက မြူးတူးနေတဲ့ လေရူး ကား အားပျော့ကာ လေပြည်အေးကလေး အသွင်ပြောင်းသွားခဲ့ပြီးလေပြီ။ မိုးမြင့် ကား ပိုက်ကိုထမ်း၊ သားကို တစ်ဖက် ကပွေ့နဲ့ သူ့ငါးဖမ်းလှေဆီ တရွေ့ရွေ့ ချီတက်လေပြီ။ ကမ်းစပ်မှ လှေဆီ ဆင်း လာနေပြီဖြစ်သည့် အိမ်သူသက်ထားထံ သားကို အပ်ပြီးလျှင်တော့ မိုးမြင့် အက်ဒ မန့်ရင်ခွင်ဆီ ခိုလှုံရပေဦးမည်။

မိုးမြင့်စိတ်ထဲမှာ ဘာတွေများ တွေး နေမှာလဲ။

ငါးတွေ အများကြီးဖမ်းမိဖို့ မဲရှင် မဆီမှာများ ဆုတောင်းနေလေမလား။

ဘုရားမလို့ ကင်းမွန်မီးထွန်းလှေ တွေ  ဒရွတ်ဆွဲဝါလတ်လှေတွေ ကမ်းကို ၀င်မဆွဲကြပါစေနဲ့လို့ များလား။

သို့တည်းမဟုတ် လောလောလတ် လတ်ဖြစ်ထားသလို ဓာတ်ငွေ့ပိုက်လိုင်း ဒါမှမဟုတ် ကျောက်တင်သင်္ဘောနဲ့ သူ့ငါးဖမ်းပိုက်တွေ မငြိပါစေနဲ့လို့များ လား။

ဝန်ခံချက် ။    ။ ရေဖြူမြို့နယ်၊ ကျောက်ထရံကျေးရွာရှိ ငါးဖမ်းသမား တစ်ဦး၏ ဘ၀မှန်ကို အခြေခံရေးသား ထားခြင်းဖြစ်ပါသည်။ မိုးမြင့်မှာ စာရေး သူစိတ်ကူးဖြင့် မှည့်ခေါ်ထားသည့် အမည်သာ ဖြစ်ပါသည်။

အောင်လွင်(ကံပေါက်သား)