ခွင့်ပြုချက်မရှိဘဲ ဒီရေတောတွေ အပြောင်ရှင်းခွင့် ရှိသလား

0
6741

ခွင့်ပြုချက်မရှိဘဲ ဒီရေတော ဧက ထောင်ချီ အပြောင်ရှင်းနေသည်ကို မည်သည့်အချိန်တွင် တားမြစ်ပြီး  အမြန်ဆုံး အရေးယူသွားမည်နည်းဟု ဦးဇော်ဟိန်းက အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။

မတ်လ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ၂ ခုက ခွင့်ပြုချက်မရှိဘဲ ဧကထောင်ချီရှိ ဒီရေတောများကို အပြောင်ရှင်းနေကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

မေးခွန်းကို လာရောက်ဖြေဆိုသည့် ပြည်ထောင်စု စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးဆက်အောင်ကလည်း ထိုကုမ္ပဏီ ၂ ခုတွင် မြေယာလုပ်ကိုင်ခွင့် ခွင့်ပြုထားမှု မရှိသေးပါကြောင်းနှင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနတွင်လည်း ပုစွန်မွေးမြူရေး ယာယီလိုင်စင် လျှောက်ထားမှုမရှိသေးသည်ကို စိစစ် တွေ့ရှိရကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ကလည်း ခွင့်ပြုထားမှု မရှိသေးဟု ၀န်ကြီးက ဖြေသည်။

ဝန်ကြီးဖြေဆိုမှုများအရ ဒီရေ တောများကို ခွင့်ပြုချက်မဲ့ ရှင်းလင်း နေကြခြင်း ဖြစ်သည်။

ဝန်ကြီးဖြေဆိုအပြီးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ထပ်မံ မေးခွန်းထုတ်သည်။

“သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ခွင့်ချက်မရှိဘဲ ဆောင်ရွက်ခဲ့ပါက ၎င်းစီမံကိန်းကို အမြန်ဆုံးရပ်ဆိုင်း တား မြစ်ပေးရန် အစီအစဉ်ရှိမရှိနဲ့ ထိရောက် သော အရေးယူမှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းလိုပါတယ်”

ဦးဇော်ဟိန်း၏ ထပ်ဆင့်မေးခွန်းကို  ၀န်ကြီးက တိုင်းအစိုးရနှင့် သယံဇာတ ၀န်ကြီးဌာနတို့ ဆက်လက် စိစစ် စစ် ဆေးသွားမည်ဖြစ်ပြီး အကယ်၍ လုပ်ကိုင် ခွင့်မရှိဘဲ လုပ်ထားပါက ဥပဒေ လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည်ဟု ဖြေဆိုသည်။

မည်သည့်အချိန်တွင် ဆက်လက် စစ်ဆေးမည်ကိုမူ မဖြေဆိုခဲ့ပေ။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း က ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဒီရေတော အပြောင်ရှင်းနေသည့် နေရာ များသို့ ကွင်းဆင်းခဲ့ပြီး ဓာတ်ပုံမှတ်တမ်း များရယူကာ လွှတ်တော်တွင် တင်ပြခဲ့ သည်။

ကွင်းဆင်းမှုအရ ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု မစန်းပါးကျေးရွာတွင် ပုစွန်မွေးမြူရန် ဒီရေတော ဧက ခြောက်ရာကျော် လျှောက်ထားခဲ့သော ခိုင်ဇင်ယော်ကုမ္ပဏီက ၂၀၁၅ ခုနှစ်မှအစ ယခုထိ ခွင့်ပြုချက်မရဘဲ လုပ်ငန်းစတင်ခဲ့ရာ ဒီရေတော ဧကခြောက်ရာကျော်၏ သုံးပုံ တစ်ပုံကျော်ကို အပြောင်ရှင်းထား ပြီးဖြစ်ကာ လက်ရှိအချိန်တွင် ပုစွန်ထုတ် လုပ်နေဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြောသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီမှာ ကျွန်စု မြို့နယ် ကတ်္တလူကျေးရွာအနီးတွင် မြေ ၄၁၅ ဧကကို အပြောင်ရှင်းကာ ပုစွန် မွေးမြူထုတ်လုပ် နေပြီဖြစ်ကြောင်း ဦးဇော်ဟိန်းက ဆိုသည်။

ထိုကတ်္တလူရွာ ပုစွန်မွေးမြူရေး လုပ်ငန်းမှာ ပုစွန်မွေးမြူခွင့်ပြုချက် မချပေးထားကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ စတင်၍ ရေထွက်ပစ်္စည်းရောင်း ၀ယ်စု ဆောင်းခွင့်လိုင်စင်ဖြင့် ဆောင်ရွက်နေ သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၀န်ကြီးက လွှတ်တော်တွင် ဖြေဆိုခဲ့သည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ နောက် ထပ် ပုစွန်မွေးမြူရေး စီမံကိန်းတစ်ခု ဖြစ်သော ကျွန်းစုမြို့နယ် မိန်းကြီးကျွန်း ရေချိုချောင်းကျေးရွာ အနီးရှိ လျှောက်ထားဆဲ ဒီရေတောမြေဧက ၃၆၀ တွင် လည်း သုံးပုံ ၂ ပုံကျော်ကို အပြောင်းရှင်း လင်းခြင်း၊ ခုတ်ထွင်သင်းသတ်ခြင်း များ ပြုလုပ်ထားသည်ကို တွေ့ရကြောင်း ဦးဇော်ဟိန်းက ပြောသည်။

“သာမန်လူဆို အဲလိုသွားခုတ်ရင် ကြာလှပြီပေါ့ ထောင်ထဲရောက်တာ၊ ခုက ကုမ်္ပဏီတွေက အင်အားကြီးတော့ ဥပက္ခာပြုထားသလို ဖြစ်နေတယ်”ဟု ဦးဇော်ဟိန်းက ပြောသည်။

ထိုဒီရေတောများမှာ ဒေသခံများ ဂဏန်း၊ ခရု စသည့် ဒီရေတောထွက် ပစ္စည်းများ သဘာဝနည်းအတိုင်း ထုတ်ယူဝမ်းစာရှာမှီခိုရာ ဖြစ်နေပြီး လက်ရှိတွင် ဒီရေတောများ မရှိတော့ သဖြင့် စားကျက်ပျောက်ကာ ရွာသားများ ရွာမှ ပြောင်းရွှေ့ကြထား ရတော့မည့် အနေအထား ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ၎င်းထံ ရင်ဖွင့်လာကြ ကြောင်း  ဦးဇော်ဟိန်းက ပြောသည်။

ခုတ်ရှင်းလိုက်သည့် ဧကထောင်ချီ သော ဒီရေတောများကို မည်သို့ အစားထိုး ပြန်စိုက်ပေးမည်ကို သိလိုကြောင်း ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ပုစွန်မွေးရန် ဒီရေတောများ အပြောင်ရှင်းနေသည့် နေရာအနီးရှိ ပရည်ကျွန်းကျေးရွာမှ ဦးအောင်လင်းစိုးက ပြောသည်။

“ဒီရေတောမရှိရင် ဒေသခံတွေ ဘယ်မလုပ်စားမလဲ။ (ဒီရေတောထဲ) ဂဏန်းဖမ်းရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့သူ ကျွန်းစုမြို့နယ်ထဲမှာ ထောင်နဲ့ သောင်းနဲ့ချီပြီးရှိနေတယ် ဆိုတာ အစိုးရအဖွဲ့ကို သိစေချင်တယ်”ဟု ဦးအောင်လင်းစိုးက ပြောသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ ဦးလှသန်းကမူ ယင်းနေရာ များအတွက် ကြိုတင်လုပ်ကိုင်ခွင့် ရထား ပြီးသားဟု ပြောသည်။

“မြေလွှတ်မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားပြီးသား။ ကြိုတင်လုပ် ကိုင်ခွင့် ပေးထားတယ်။ သစ်ပင်တွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ဧက ထောင်ချီမရှိပါဘူး လျှောက်ပြောနေတာ”ဟု ဦးလှသန်းက ပြောသည်။

ခိုင်ဇင်ယော်ကုမ္ပဏီ၏ တာဝန်ရှိသူ ဦးစန်းမောင်ကမူ ဒီရေတောက အနည်းငယ်သာရှိပြီး ဒေသခံများ ခုတ်ပြီး ကျန်သည့် ဒီရေတောကိုသာ ရှင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ဒီရေတောဆိုသည်မှာ ဒီရေတော ပင်ကြီးများ ပေါက်နေသည့်နေရာကိုသာ ခေါ်ဝေါ်ခြင်းမဟုတ်ဘဲ ကုန်းမြေဆက်စပ် ဒီရေတော များလည်း အကျုံးဝင်ကြောင်း သစ်တောဥပဒေ စိုးမိုးမှု အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် (FLEGT Myanmar)၏ အမျိုးသားအဆင့် ကိုယ်စားလှယ် ဦးဇော်သူရက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ဒီရေတော ဆက်စပ်နေရာ အချို့တွင်လည်း ပုစွန် မွေးမြူရေးလုပ်ငန်း၊ ငါးလေလံဈေး လုပ်ငန်းများ လုပ်ကိုင်ရန် ခုတ်ထွင်မှု အချို့ ရှိနေသည်ဟု ကြားသိရပြီး ခွင့်ပြု ချက်ရမရနှင့် ခွင့်ပြုချက်ပေးပါက မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း ၎င်းင်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဒီရေတောများသည် ဒေသခံတို့ ၀မ်းစာရေး မှီခိုနိုင်သည့်နေရာ ဖြစ်သကဲ့သို့ သဘာဝ ဘေးကို အကာအကွယ် ပြုပေးနိုင်သော သဘာဝတရား၏ အဖိုးမဖြတ်နိုင်သော လက်ဆောင်ဖြစ်သောကြောင့် မွေးမြူ ရေးလုပ်ရန် အကြောင်းပြကာ ဒီရေတောများ အပြောင်ရှင်းနေသည်ကို နားမလည် နိုင်ဖြစ်ရကြောင်းဦးဇော်သူရက ပြောသည်။

“မွေးမြူရေးလုပ်တာလည်း လုပ်ဖို့ ကောင်းတာပေါ့နော်။ ဘယ်နေရာလုပ်မှာ လဲပေါ့။ အရမ်းအကျိုးဩပတဲ့နေရာကြီးကို ခုတ်ဖြတ်ပြီးတော့ မွေးမြူးရေးလုပ်မယ်ဆိုတာ နားမလည်ဘူးပေါ့နော်”ဟု ဦးဇော်သူရက ပြောသည်။

တိုင်းဒေသကြီး တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကမူ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အထက်ပါ ပုစွန် ကန်နေရာများသို့ ကွင်းဆင်းကာ မှတ် တမ်းများရယူပြီး မှတ်ချက်များနှင့်တကွ ပြည်ထောင်စုသို့ တင်ပြခဲ့ကြောင်း ပြောသည်။

“ကြိုးဝိုင်း ကြိုးပြင်ဧရိယာထဲမှာ မဟုတ်ဘူး၊ ကျွန်တော်တို့က သဘော ထားပေးတဲ့ အနေအထားမှာပဲ ရှိတယ်။” ဟု ၀န်ကြီး ဦးမြင့်မောင်က ဖြေဆိုသည်။

ကြိုးဝိုင်း ကြိုးပြင်ဧရိယာအတွင်း မပါဝင်သည့် ဒီရေတောများကို ခုတ်ယူခွင့် ရှိမရှိကို တနင်္သာရီအပတ်စဉ်က မေးမြန်း ရာ “အဓိကကျတဲ့ဌာနကို မေးပါ”ဟု ဦးမြင့်မောင်က ပြန်လည်ဖြေဆိုခဲ့သည်။

ဝန်ကြီး ဦးမြင့်မောင်သည် သစ်တော ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ကို ကိုင်တွယ်နေသည့် ၀န်ကြီးတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံ သစ်တောဥပဒေ ပုဒ်မ ၁၂ အရ “သစ်တောနယ်မြေနှင့် သစ်တော ဖုံးလွှမ်းလျက်ရှိသည့် အစိုးရက စီမံခန့်ခွဲ ခွင့်ရှိသောမြေ”အတွင်း စီပွားရေး စီမံကိန်းလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင် ဆောင်ရွက်လိုလျှင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ သဘောတူညီချက်ကို ကြိုတင်ရယူ ရမည် ဖြစ်သည်။

ထိုဥပဒေတွင် “သစ်တောနယ်မြေ”ဆိုသည်မှာ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောတို့ ပါဝင်သည့် နယ်မြေကို ဆိုလိုကြောင်း အဓိပ်္ပါယ် ဖွင့်ဆိုထားသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ထိုဒီရေတောများသည် သစ်တောနယ်မြေမဟုတ်သော်လည်း သစ်တောဖုံးလွှမ်း လျက်ရှိသည့် အစိုးရ က စီမံခန့်ခွဲခွင့်ရှိသော မြေဖြစ်သော ကြောင့် စီမံကိန်းလုပ်သူက ၀န်ကြီးဌာန ၏ ခွင့်ပြုချက် ယူကိုယူရမည်ဟု ပြောသည်။

ထို့ပြင် ဒီရေတောများ အပြောင် ရှင်းကာ ပုစွန်မွေးမြူရေး စီမံကိန်းလုပ် ဆောင်မည်ဆိုပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC)၏ ခွင့်ပြု ချက်ရမှသာ  စီမံကိန်းကို လုပ်ဆောင်ရ မည်ဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြော သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၃၆ အရ မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သည့် လုပ်ငန်းများဆိုပါက ကော်မရှင်သို့ အဆိုပြုချက် တင်ပြီး ခွင့်ပြုချက်ရှိမှသာ ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။

“ဒီရေတောသတ်ပြီးတော့ ပုစွန် မွေးမြူတဲ့ကိစ္စက လူထုနဲ့သဘာဝပတ် ၀န်းကျင်အတွက် ကြီးမားတဲ့ အကျိုးသက် ရောက်မှု ရှိစေတဲ့အတွက် ဒါ မဖြစ်မနေ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တင်ကိုတင်ရ မယ်”ဟု ဦးဇော်ဟိန်းက ဆိုသည်။

ထိုခွင့်ပြုချက်များ မရှိဘဲ လုပ်ငန်း ကြိုတင်လုပ်ကိုင်ခွင့်ကို တိုင်းဒေသကြီး အစိုးရက ၂၀၁၈ ခုနှစ်အတွင်း ချထား ပေးခဲ့သည်ဟု စုံးစမ်းသိရှိထားကြောင်း ဦးဇော်ဟိန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်တွင် ဒေသခံတစ်ဦးက အထက်ပါ ပုစွန်မွေးမြူရေးလုပ်ငန်းများအကြောင်း မေးမြန်းခဲ့ရာ တိုင်းအစိုးရအဖွဲ့က ခွင့်ပြုထားခြင်း မရှိဟု ဖြေဆိုခဲ့သည်။

“(တိုင်းအစိုးရက)သူတို့ ခွင်ပြု ထားတာကိုဖုံးကွယ်ပြီး နိုင်ငံတော် အတိုင်ပင်ခံလာတဲ့အချိန်မှာတော့ ခွင့် မပြုထားဘူး ပြောတယ်”ဟု ဦးဇော်ဟိန်းက ပြောသည်။

အမျိုးသားလွှတ်တော်တွင် ဦးဇော်ဟိန်း၏ မေးမြန်မှုကို စီမံ/ဘဏ္ဍာဒုဝန်ကြီးက ဆက်လက်စစ်ဆေးကာ လုပ်ကိုင်ခွင့် မရှိဘဲ လုပ်သည်ဟု ပေါ်ပေါက်လျှင် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ အရေး ယူသွားမည်ဟု ဖြေသွားခဲ့သည်။

မည်သို့ စိစစ်အရေးယူမည်ကို စောင့်ကြည့်နေမည်ဟု ဦးဇော်ဟိန်းက ပြောသည်။

“ဥပဒေမဲ့ လုပ်ထားသူတွေ တာဝန်ခံကြပေါ့”ဟု ဦးဇော်ဟိန်းက ဆိုသည်။

Dawei Watch