နွေရာသီ မွန်စာသင်ကြားသည့် ကျောင်းသူ/သား နှစ်စဉ် ပိုများလာ

0
478

နွေရာသီ မွန်စာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသား နှစ်စဉ်ပိုများ လာနေသည်ဟု နွေရာသီ မွန်စာသင် ကြားပေးနေသည့် ဆရာများနှင့် မွန် ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှု အဖွဲ့တို့၏ ပြောပြ ချက်အရ သိရသည်။

နွေရာသီ မွန်စာသင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးစေ လိုသည် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် နှစ်တိုင်း မတ်လပထမအပတ်မှစကာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

ယမန်နှစ်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ  မြို့နယ် ၁၈ မြို့နယ်တို့တွင် ကျောင်းသူ ကျောင်းသားပေါင်း ၈ သောင်းကျော်ထိ နွေရာသီ မွန်စာသင်တန်းသို့ တက် ရောက်ခဲ့သည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ရှိ စာရင်းအရ သိရသည်။

“ဒီနှစ်လည်း ပိုတိုးလာဖို့ ရှိတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ အတွင်း ရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှုကို နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို သံဃာတော်များကသာ သင်ကြားပေး ကြပြီး ကျောင်းသူ၊ ကျောင်းသား ပိုများလာနေသည့်အတွက် သင်ကြားပေးသည့် ဆရာ အခက်အခဲရှိသည်ဟု ကျောင်းသူ ကျောင်းသား ထောင်နှင့်ချီကို မွန်စာသင်ကြားပေးနေသည့် မော်လမြိုင်မြို့ ပေါ်ရှိ ရာမည ရဌဗုဒ္ဓတက္ကသိုလ်မှ တာဝန်ခံဆရာတော်က မိန့်ကြားသည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရလက်ထက်က အစိုးရကျောင်းများတွင်  မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သော်လည်း မဆလ အစိုးရ လက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေ ကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွေမှာ နားလည်မှုဖြင့် အချိန်ပိုင်း သင်ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ မွန်စာသင်ကြားခွင့်ကို လုံးဝပိတ်ပင် ခံခဲ့ရကာ နောက်ပိုင်းတွင် မွန်စာကို နွေရာသီအချိန်တွင် ဘုန်းတော်ကြီး ကျောင်းတွေ အစိုးရစာသင်ကျောင်း တွေမှာ သံဃာတော်တို့က သင်ကြား ပေးလာခဲ့သည်။

တဖန် ဦးသိန်းစိန်အစိုးရလက် ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အစိုးရ ကျောင်းတွေမှာ မွန်စာသင်ကြားခွင့် ပြန်လည် ရရှိလာခဲ့သည်။

                     ယဉ်စနိုင်း