ကျောက်မီးသွေးတွင်းရှိသည့် ကွမ်းချောင်းကြီးကျေးရွာ ဒေသခံနှစ်ဆယ်ကျော် ဆေးကုသရန် လိုအပ်နေ

0
584

ကျောက်မီးသွေးတွင်း တည်ရှိသည့် ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီးကျေးရွာရှိ ဒေသခံ နှစ် ဆယ်ကျော် ဆေးကုသမှုခံယူရန် လိုအပ် နေကြောင်း ဒေသခံများကို ကျန်းမာရေး စစ်ဆေးရာတွင် ကူညီပေးနေသည့် တာကပေါ လူငယ်အဖွဲ့ထံမှ သိရသည်။

ဘန်းချောင်းဒေသရှိ ကွမ်းချောင်း ကြီးကျေးရွာ ဒေသခံ ၃၇ ဦး၊ ကထောင်းနီကျေးရွာဒေသခံ ၃ ဦး၊ သပြု ချောင်းကျေးရွာ ဒေသခံ ၁ ဦးတို့ကို ပြီးခဲ့သည့် ဇန်န၀ါရီလ တတိယအပတ်က ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း တာကပေါလူငယ်အဖွဲ့ထံမှ သိရသည်။

အသက် ၂၅ နှစ်မှ ၇၀ နှစ်အကြား အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂၂ ဦးကို စစ်ဆေးခဲ့ရာ စစ်ဆေးချက် ရလဒ် များကို ဖေဖော်ဝါရီလ နောက်ဆုံး အပတ်က ရရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

စစ်ဆေးမှုရလဒ်အရ ကျောက်မီး သွေးတွင်း တည်ရှိသည့် ကွမ်းချောင်းကြီး ဒေသခံ ၂၂ ဦးနှင့် အနီးအနားကျေးရွာ ဖြစ်သည့် ကထောင်းနီကျေးရွာဒေသခံ တစ်ဦးတို့တွင် သာမန်ထက် အဆုတ်ကြီး နေသူ ငါးဦး၊ ရင်ဘတ်တွင် အနာဟု ယူဆရသည့် အစက်များပါနေသူ ၁၈ ဦး ပါဝင်နေကြောင်း အထက်ပါအဖွဲ့ ညှိနှိုင်းရေးမှူး နော်ဆေးအယ်မူးက ပြောသည်။

“ရောဂါအမျိုးအစားတော့ မသိရ သေးဘူးပေါ့နော်။ သူတို့( ကျန်းမာရေး စစ်ဆေးတဲ့အဖွဲ့) အကြံပြုတာကတော့ ဒီလူတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေး ကုသသင့်တယ်လို့တော့ အကြံပြုထား တယ်” ဟု နော်ဆေးအယ်မူးကဆိုသည်။

အထက်ပါ ရောဂါလက္ခဏာများမှာ ညစ်ညမ်းသည့်ရေကို သောက်မိခြင်း၊ အမှုန်အမွှားပါသည့် လေကို ရှုမိခြင်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်း စသည်တို့ကြောင့် ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး နော်ဆေးအယ်မူးက ဆို သည်။

ကွမ်းချောင်းကြီးကျေးရွာတွင် တည်ရှိသည့် ကျောက်မီးသွေးတွင်းကို တိုင်းအစိုးရက ယာယီပိတ်ထားပြီးဖြစ် သော်လည်း အချိန်ပြည့် မီးလောင်နေခြင်း ကြောင့် အနံ့ဆိုးများ ရှုရှိုက်နေရပြီး ကျောက်မီးသွေးတွင်းမှ ထွက်ရှိသည့် ညစ်ညမ်းသောရေမှာ ဒေသခံများ အသုံး ပြုနေသည့် ချောင်းများအတွင်းသို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

 ကျော်သူစိုး