အိမ်ခန်းဝယ်ရန် ငွေချေးနိုင်သည့်ဘဏ် စဖွင့်

0
605

တနင်္သာရီတိုင်းတွင် အိမ်ခန်းဝယ် ယူရန် လိုအပ်သည့်ငွေကြေးကို ထုတ်ချေးမည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ခွဲ(CHID)ကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ထားဝယ်မြို့တွင် ဖွင့်လှစ်လိုက်သည်။

အိမ်ခန်းဝယ်ယူ ရန်လိုအပ်သည့် ငွေကြေးကို အဆိုပါဘဏ်တွင် ထုတ်ချေး မည်ဖြစ်ပြီး ၁၅ နှစ်အတွင်း အရစ်ကျစနစ် ဖြင့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ Chief Policy Oficer ဖြစ်သူ ဦးဝင်းဇော်က ဆိုသည်။

ထားဝယ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ယင်းဘဏ်ခွဲမှာ တနင်္သာရီတိုင်းအတွင်း ပထမဆုံး ဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက တည်ဆောက်ထားသည့် တိုက်ခန်းဝယ်ယူရန်အတွက်သာ ထုတ် ချေးမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း တွင် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောက်သည့် ပြင်ပအိမ်ခန်းအတွက် လည်း ထုတ်ချေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငွေချေးလိုသူများသည် ကိုယ်ဝယ် ယူလိုသည့် အိမ်ခန်းတန်ဖိုး၏ ၃၀ ရာ ခိုင်နှုန်းကို ယင်းဘဏ်တွင် စုဆောင်း ထားရမည်ဖြစ်ပြီး ဘဏ်က ၇၀ ရာခိုင် နှုန်းကို ထုတ်ချေးမည် ဖြစ်သည်။

“အိမ်ရာချေးငွေအတွက် ကျပ်တစ် သောင်းကနေ အကောင့် စဖွင့်နိုင်တယ်”ဟု ဦးဝင်းဇော်က ပြောသည်။

အိမ်ရာချေးငွေ ချေးသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံချက်၊ ကုမ္ပဏီ ၀န်ထမ်းဖြစ်ပါက ကုမ္ပဏီ အကြီးအကဲ၏ ထောက်ခံချက်၊ ချေးယူ မည့်သူ၏ လစာငွေစာရင်း အစရှိသည့် အချက်များကို တင်ပြနိုင်ရမည်ဖြစ် ကြောင်း အထက်ပါဘဏ်ထံမှ သိရသည်။

အိမ်ခန်းဝယ်ယူသူများအပြင် အစိုးရ၏ တင်ဒါလုပ်ငန်းလုပ်ကိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီများကိုလည်း အာမခံပေးစရာမလိုဘဲ ငွေထုတ်ချေး မည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

 ကိုဇော်