တိုင်းအတွင်း တရားဝင် ငွေချေးခွင့်ရှိသည့် အသေးစားငွေချေးလုပ်ငန်း တစ်ဆယ်ကျော်သာရှိ

0
780

တနင်္သာရီတိုင်းအတွင်း တရားဝင် ငွေချေးခွင့်ရှိသည့် အသေးစားငွေချေး လုပ်ငန်း တစ်ဆယ်ကျော်ရှိပြီး ရပ်ကွက်။ ကျေ်းရွာ နှစ်ရာနီးပါးတွင် ငွေချေးလုပ်ငန်း လုပ်ကိုင်နေကြောင်း တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်း အသေးစားငွေချေးလုပ်ငန်း (ကုမ္ပဏီ) ၅ ခု၊ ပြည်ပကုမ္ပဏီ ၅ ခုနှင့် ဖက်စပ်ကုမ္ပဏီ ၁ ခုတို့က လုပ် ကိုင်နေကြောင်း အထက်ပါဌာနထံမှ သိရသည်။

အဆိုပါ အသေးစားငွေချေးလုပ်ငန်းများက လူတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ အထိ ချေးခွင့်ရှိပြီး ၁ နှစ်အတွက် အတိုးနှုန်းကို ၃၀ ရာခိုင်နှုန်း(တစ်လလျှင် ငွေကျပ် တစ်ရာကို နှစ်ကျပ်ခွဲနှုန်း) အများဆုံး ယူရမည်ဖြစ်ကြောင်း ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချိုချို က ရှင်းပြသည်။

ငွေချေးခွင့်လိုင်စင်ကို ပြည်ထောင် စုက ခွင့်ပြုပေးပြီး ငွေချေးသည့် စည်း ကမ်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ကို စောင့်ကြည့်မှုများ လုပ်ဆောင်နေ ကြောင်း ၎င်းင်းက ဆိုသည်။

“အတိုးကြီးကြီးနဲ့ ချေးရတဲ့သူ ရှိရင် အကြောင်းကြားနိုင်တယ်၊ အာမခံ ပစ္စည်းလည်း မယူရဘူး”ဟု ဒေါ်ချိုချိုက ပြောသည်။

အဆိုပါ ငွေချေးသည့် ကုမ္ပဏီများ ထံတွင် ချေးယူထားသည့် ဦးရေ၊ ချေးငွေ ပမာဏနှင့် ကျေးရွာအရေအတွက်ကို ဌာနထံ လစဉ်အစီရင်ခံ စာတင်ပြစေ ကြောင်း ၎င်းက ဆိုသည်။

တရားဝင်ငွေချေးလုပ်ငန်းများတွင် အတိုးသက်သာသည့်အတွက် ချေးယူဖြစ်ပြီး အိမ်ထောင်စုစာရင်းမိတ်္တူ၊ မှတ်ပုံ တင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာနှင့် ပတ်စပို့ဓာတ်ပုံတို့ကို ကုမ်္ပဏီထံပေးရ ကြောင်း ထားဝယ်မြို့ ဇရစ်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

ချေးယူရာတွင် ၀ိုင်းကြီးချုပ်စနစ် နှင့် တစ်ဦးတည်းစနစ်ဟူ၍ နှစ်မျိုးရှိပြီး ငွေကျပ်တစ်သိန်းချေးယူပါက ကျပ်ငါး ထောင်ကို စုငွေအဖြစ် စုဆောင်းရပြီး ယင်းငွေအပေါ် အတိုးပြန်ပေးကြောင်း ၎င်းင်းက ဆိုသည်။

ငွေချေးသည့်ကုမ္ပဏီအပေါ်မူတည်ကာ နေ့စဉ်ပေးသွင်းသည့်စနစ်၊ ၁၄ ရက် တစ်ကြိမ် ပေးသွင်းသည့်စနစ် အစသ ဖြင့် ပေးဆပ်ရသည့် ပုံစံအမျိုးမျိုးရှိ ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အထက်ပါ ငွေချေးကုမ္ပဏီ ၁၁ ခု က တိုင်းအတွင်းရှိ ဘုတ်ပြင်းမြို့နယ်မှအပ ကျန်သည့်မြို့နယ် ကိုးခုတွင် ငွေချေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း အထက်ပါဌာန၏စာရင်းအရ သိရသည်။

တရားဝင်ငွေကျေးလုပ်ငန်းများ

– Microfinance Delta

– DDPC

– BCF

– မြိတ်အများပိုင်ကော်ပိုရေးရှင်း

– ရတနာစုဘူး

– အောင်ပြည့်ဖြိုးကျော်(APPK)

– KEB Hana

– Diamond Palace

– BG Microfinance

– Vision Fund

– Internet Wallet

Dawei Watch