၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကွင်းဆင်းပြုစုမည်

0
595

၂၀၂၀ ခုနှစ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်း ယခုနှစ်အတွင်း ပြုစုရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေး အတွက် တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာတို့ ပူးပေါင်းပြီး ရပ်ကွက်ကျေးရွာများအထိ ကွင်းဆင်းကာကောက်ယူ မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။

 “ဒီမဲစာရင်းပြုစုတာကို ဘယ်အချိန် စပြုစုမယ်ဆိုတာတော့ မသိသေးဘူး။ ဒီနှစ်ထဲမှာ အချောသတ်နီးပါး ပြီးအောင် တော့ ဆောင်ရွက်မယ်”ဟု ၎င်းင်းကဆို သည်။

မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် တိုင်းအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရှိ ၀န်ထမ်းများအား  ယခုလအတွင်း သင်တန်းပေးမည် ဖြစ်ကြောင်း တိုင်းကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ရပ်ကွက်ကျေးရွာများမှ ကောက်ယူ ရရှိလာသည့် မဲဆန္ဒရှင်စာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင် မှုကြီးကြပ်ရေး ဦးစီးဌာနရှိ လူဦးရေ စာရင်းတို့နှင့် တိုက်ဆိုင် စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ယင်းအပြင် မဲစာရင်းကြည့်ရာ တွင်လည်း ပိုမိုလွယ်ကူလာအောင် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနရှိ လူဦးရေစာရင်းကိုအခြေခံ ပြုစုခဲ့သည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာန နှင့် လူဝင်မူကြီးကြပ်ရေး ဦးစီးဌာနရှိ လူဦးရေစာရင်းမှာ ခေတ်နှင့်မလျော် ညီတော့သဖြင့် ( Up Date မဖြစ် တော့သဖြင့်) ယင်းကဲ့သို့ ပြန်လည် မဲဆန္ဒရှင်စာရင်း ပြန်လည်ပြုစုရန် လျာ ထားခြင်းဖြစ်ကြောင်း တိုင်းကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောသည်။

တိုင်းအတွင်း ရပ်ကွက်၊ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၃၅၇ ဖွဲ့ ဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိတွင် ၃၄၆ ဖွဲ့ ဖွဲ့စည်းထားပြီဖြစ်ကြောင်း တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲကျင်းပစဉ်က တနင်္သာရီတိုင်းတွင် မဲပေးခွင့်ရှိသူ ဆယ်သိန်းခန့် ရှိခဲ့ သည်။

                           ကျော်သူစိုး