ကန်တော့ပွဲမျက်နှာ နတ်ကူပါ

0
1458

ရွာရှင်ဘိုးဘိုး နတ်ကွန်းများတွင် ကန်တော့ပွဲ အများဆုံးကာလကို ပြောပါ ဆိုက ယခင်ကဆိုလျှင် ရွာရှင်ဘိုးဘိုး နတ်ပူဇော်သည့်နေ့ဟု ဖြေကြပါလိမ့်မည်။

ထိုအဖြေသည် ယခုခေတ်တွင် အချို့သော ရွာရှင်ဘိုးဘိုးနတ်ကွန်းများ အတွက် မမှန်တော့ပါ။ အချို့နတ်ကွန်း များတွင် ကန်တော့ပွဲ အများဆုံးနေ့မှာ “ဆယ်တန်းစာမေးပွဲ ဖြေသည့်နေ့”” ဖြစ်နေပါပြီ။

လောင်းလုံး-ထားဝယ် ကားလမ်းဘေးရှိ လောင်းလုံးမြို့နယ်၏ နာမည်ကြီး သဗျာရွာ၊ မောင်ဗအဲနတ်ကွန်းဆို လျှင် ကန်တော့ပွဲ ထားစရာ နေရာမရှိ၍ တစ်ချို့က ပြန်သယ်သွားရသည်ဟု ထိုနတ်ကွန်းတွင် ဝေယျာဝစ္စလုပ်နေသည့် ဦးတင်လယ်က ပြောသည်။

“ကန်တော့ပွဲတွေ ဒီအတိုင်းထား ထားရင် ကားလမ်းမတောင်မှ ကျော်သွားမှာ”ဟု ဦးတင်လယ်က ပြောသည်။

တစ်ချို့က နတ်ကွန်း တစ်ခုတည်း တွင်သာ ကန်တော့ပွဲ ပူဇော်ကြသည် မဟုတ်။

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ ဆယ်တန်းကျောင်းသူ တစ်ဦး၏ မိခင် ဒေါ်အေးအေးယုက နတ်ကွန်း သုံးခုတွင် ကန်တော့ပွဲ သုံးပွဲပေးကြောင်း ပြောသည်။

ဇာတိရွာ စစ်ပြဲနတ်ကွန်းတွင် တစ် ပွဲ၊ သမီးစာမေးပွဲ ဖြေသည့်ကျောင်းရှိရာ လောင်းလုံးမြို့တွင် တစ်ပွဲ၊ လောင်းလုံး မြို့နယ်တစ်ဝိုက်၏ နတ်ခေါင်းဆောင်ဟု နာမည်ကြီးသည့် သဗျာရွာရှင် မောင်ဗအဲ ဘိုးဘိုးနတ်ကွန်းတွင် တစ်ပွဲ။

“မနှစ်က သူဖြေတာ မအောင်ဘူး။ မနှစ်ကတော့ သူများတွေလည်း လူတိုင်း ပေးနေတာဆိုတော့ ကိုယ်တိုင်လည်း ယုံကြည်တာဆိုတော့ ကန်တော့ပွဲ ပေးဖြစ်သွားတာ”ဟု ဒေါ်အေးအေးယုက ပြောသည်။

ထို စာမေးပွဲအတွက် ပူဇော်သည့် ကန်တော့ပွဲများတွင် အုန်း၊ ငှက်ပျော စသည့် ကန်တော့ပွဲတစ်ပွဲတွင် ပါဝင် သည့် ပစ္စည်းများသာ ထည့်ထားသည် မဟုတ်ပါ။

သဗျာကျေးရွာ ရွာရှင်နတ်ကွန်းရှိ ကန်တော့ပွဲတိုင်းတွင် အမည်၊ အသက်၊ ခုံအမှတ်တို့ ရေးသားထားသော စာရွက် များ၊ အချို့ကန်တော့ပွဲများတွင် ဖြေဆို ခွင့်ကတ်ပြားမိတ္တူများ ထည့်ထားကြသည်။

“သမီးနာမည်နဲ့ ခုံနံပါတ်ကို ရေး ပြီးလည်း ထည့်လိုက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဖိုးဖိုးရှင်ကြီးက သမီး နာမည်နဲ့ ခုံနံပါတ် မသိမှာစိုးလို့”ဟု ဒေါ်အေးအေးယုက ပြောသည်။

စာမေးပွဲ ဖြေခါနီးရက်၌ ရွာရှင် ဘိုးဘိုးတွင် တစ်ပွဲ၊ မမဖုရား(ကမ္ဘာစောင့် မယ်တော်ကြီး)တစ်ပွဲ ပူဇော်ခဲ့သည် ဆိုသော ထားဝယ်မြို့ဗျောတောဝ ရပ်ကွက်မှ ဆယ်တန်းကျောင်းသား၏မိခင် ဒေါ်နီလတ်သွေးကလည်း စာမေး ပွဲဖြေဆိုမည့် ကတ်ပြားအပြင် စာမေးပွဲ ဖြေရာတွင် အသုံးပြုမည့် ဘောပင်၊ ခဲတံ၊ သူ့စာရေးကိရိယာ စသည်တို့ အကုန်ထည့် ပူဇော်ခဲ့ကြောင်း ပြောသည်။

“ဘာကြောင့် ထည့်တာလဲဆိုတော့ ဒါတွေနဲ့ ဖြေမှာကိုး၊ ဒါတွေပါမှပဲ  အဆင်ပြေမှာလေ၊ ဆုတောင်းပြည့်မယ် လို့တော့ ထင်တယ်၊ ပွဲပေးသူတွေကို ကယ်မနိုင်မယ်””ဟု ဒေါ်နီလတ်သွေးက ပြောသည်။

နောက်ရက်များတွင် ကန်တော့ပွဲ ဆက်မပေးတော့သော်လည်း ရွာရှင်နတ် ကွန်းတွင် ဖယောင်းတိုင်တော့ မပျက် မကွက် ထွန်းကြသေးသည်။

အောင်ခဲ့လျှင်လည်း မစပေးသည့် ရွာရှင်နတ်များကို ပွဲဆက်သဦးမည်ဟု ဒေါ်အေးအေးယုက ဆိုသည်။

“စာမေးပွဲအောင်ရင်တော့ အောင်ပွဲ ဆိုပြီး ထပ်ပေးရမှာပေါ့။ လုပ်ပေးနိုင်မယ် လားဆိုတာတော့ မသိဘူးပေါ့။ လုပ်ပေး နိုင်ရင်လည်း လုပ်ပေးမှာပေါ့”ဟု ၎င်းက ပြောသည်။

မြိတ်မြို့ရှိ ဘိုးဘိုးကြီးနတ်ကွမ်း၌မူ ဆယ်တန်းစဖြေသည့်နေ့တွင် ကျောင်းသား ၁၀၀ ဦးနီးပါးက မိမိတို့ ၏နာမည် ခုံနံပါတ်နှင့် စာမေးပွဲဖြေခွင့် မိတ္တူများဆွဲ၍ ဘိုးဘိုးကြီးတွင် လာရောက် ဆုတောင်းခဲ့ကြကြောင်း မြို့စောင့်ဘိုးဘိုးကြီး နတ်ကွန်းမှ ဦးစံဝင်းက ပြောသည်။

ကော့သောင်းမြို့၊ ရွှေဇင်ယော် ရပ်ကွက်နေ ဒေါ်ညွန့်သည်လည်း ဆယ်တန်းဖြေနေသည့် သမီးဖြစ်သူသည် ကိုယ်စာကျက်မှ ကိုယ်ဖြေနိုင်မည်ကို သိသော်လည်း စာမေးပွဲတွင် အနှောင့်အယှက်ကင်းကင်း ဖြေနိုင်ရန် ရည်ရွယ် ကာ နတ်ကွန်းတွင် ကန်တော့ပွဲဖြင့် ပူဇော်ပသခဲ့ကြောင်း ပြောသည်။

“သားသမီးတွေ စာမေးပွဲဖြေတိုင်း လုပ်ပေးတယ်။ ယုံကြည်မှုတစ်ခုပေါ့။ ဆုတောင်းပေးတယ်၊ ကိုယ်ကတော့ ပြည့်မယ်လို့ ယုံကြည်ပြီး လုပ်တာပဲ”ဟု  ဒေါ်ညွှန့်က ပြောသည်။

တစ်ချို့မိဘများကမူ မိမိတို့ယုံ ကြည်ကိုးစားသူတို့ စေညွှန်သည့်အတိုင်း လုပ်ကြသည်။

ရောင်းမော်ကျေးရွာမှ ဒေါ်ငြိမ်း စိန်ကလည်း ယခုနှစ် စာမေးပွဲဖြေနေ သည့်သားအတွက် ရွာရှင်နတ်ကို ကန် တော့ပွဲ မပေးပါ။

ဗေဒင်ဆရာထံတွင်သာ ဗေဒင်မေး ပြီး ယတြာချေသည်။

“ဘာတွေလုပ်ပေးလဲဆို ဗေဒင် ဆရာပြောတဲ့ အတိုင်းပဲပေါ့”ဟု ဒေါ်ငြိမ်းစိန်က ပြောသည်။

ကျောင်း/ကျူရှင်/ဘော်ဒါဆရာဆရာအချို့ကလည်း ယင်းသို့ နတ်ပူ ဇော်ခြင်း၊ ဗေဒင်မေးခြင်း၊ ယုံကြည် ကိုးကွယ်သည့် ဆရာတော်များထံတွင် အင်းအိုင် လက်ဖွဲ့တောင်းခြင်း၊ ဘောပင် ကို သိဒိ္ဓတင်ခြင်းမျိုးကို ကူညီပေးသည် များလည်း ရှိပါသည်။

“ဆရာမတွေထဲမှာကို အမျိုးမျိုး ဆိုတော့ သူတို့တပည့်တွေအတွက် လုပ်ပေးတာ မြင်ရတယ်။ ကံကောင်း အောင် ဘုန်းကြီးကျောင်းမှာ အလှူသွား လုပ်တာတို့၊ ဘောလ်ပင်တွေ သိဒီ်္ဓတင် ပေးတာတို့မျိုး”ဟု အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

တစ်ချို့ကျောင်းသား မိဘများကမူ နတ်ပူဇော်ခြင်း၊ ဗေဒင်မေးခြင်း မလုပ်ပါ။

ယင်းကိစ္စများကို အယုံအကြည် မရှိသူတို့လည်း ရှိနေပါသည်။

မြိတ်မြို့ မြို့သစ်ရပ်နေ ဒေါ်စန်္ဒာ ကသည်လည်း ဆယ်တန်းဖြေမည့် သမီးဖြစ်သူကို ဘုရားရှိခိုးခိုင်းခြင်း၊ စာကျက်ပြီး ပုတီးစိတ် ဆရာ/ဆရာမ တို့ကို မေတ်္တာပို့စေခြင်းတို့သာ လုပ်ခိုင်း သည်ဟု ဆိုသည်။

“စာကိုပဲ အရ ကျက်ခိုင်းတယ်။ ကိုယ်ဆယ်တန်းဖြေတုန်းကလည်း မိဘ တွေက ဖိုးဖိုးကြီးနတ်တို့ ဟိုနတ် ဒီနတ် ကိုးတာမျိုး မလုပ်ခိုင်းဖူးဘူး၊ ကိုယ့်သမီး ခုဆယ်တန်းဖြေချိန်မှာလည်း မလုပ် ခိုင်း။ အယုံအကြည်လည်း မရှိဘူး”ဟု ဒေါ်စန္ဒာက ပြောသည်။

ကော့သောင်းမြို့ အောင်သုခ ရပ်ကွက်နေ ဦးမောင်မြင့်ကလည်း ဆယ်တန်းဖြေမည့် သားဖြစ်သူ စာမေး ပွဲဖြေနိုင်ရေး လုပ်ပေး၍ရသမျှ အကုန် လုပ်ပေးထားပြီး နတ်ကို အယုံကြည် မရှိသဖြင့် ကန်တော့ပွဲတော့ မပေးဟု ဆိုသည်။

“ကန်တော့ပွဲ ပေးသူတွေလည်း သူ့အပူနဲ့သူဆိုတော့ ဘယ်လိုမှ မမြင် ဘူး၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တာ ပဲလေ၊ သားက ဒီနှစ်စဖြေတာဆိုတော့ စိတ်တော့ပူမိတယ်၊ ဒါပေမဲ့ ကိုယ်တွေ တုန်းကလည်း မိဘတွေက ခုလိုပွဲ ဆက်တာ မမြင်မိပါဘူး”ဟု ဦးမြင့်မောင် က ပြောသည်။

အထက်ပါ အထက်တန်းပြ ဆရာမ ကတော့ နည်းအမျိုးမျိုးဖြင့် ပူဇော် ပသသူများကို အပြစ်မမြင်ပါ။ သို့သော် စာမေးပွဲအောင်ရန်မှာ စာကို ကျေညက်ရန်သာ အဓိကဟု ဆိုပါသည်။

“လုပ်သူတွေ အပြစ်မမြင်ပါဘူး၊ ဒါပေမဲ့ သင်ရိုးတွေအကုန် သင်သမျှ ပုံမှန်ကျက်ထားရင်တော့ အောင်မှာပါ” ဟု ၎င်းဆရာမက ပြောသည်။

မြိတ်မြို့နေ အထက်တန်းပြ အငြိမ်းစားဆရာမကြီးတစ်ဦးကလည်း အထက်ပါ ဆရာမစကားကို ထောက်ခံ သည်။

“စာမရဘဲနဲ့ ဘယ်လိုဖြေမှာလည်း လို့ပဲ ပြောချင်တယ်”ဟု အငြိမ်းစား ဆရာမက ပြောသည်။

နတ်ကွန်းများတွင် ကန်တော့ပွဲ ပူဇော်ကြသူတို့သည်လည်း သိကြပါ သည်။

နတ်က မည်မျှစွမ်းစွမ်း၊ မိမိတို့က နတ်အပေါ် မည်မျှပင် ယုံကြည်ယုံကြည်၊ မည်မျှပင် မျှော်လင့်မျှော်လင့် သား သမီးတို့အပေါ် များစွာတည်မှီသည်ကို သိကြကြောင်း ရင်ဖွင့်ကြပါသည်။

“အကုန်လုံးတော့ မျှော်လင့်လို့ မရဘူး၊ ကိုယ့် သားသမီးရဲ့ ကြိုးစားအား ထုတ်မှုနဲ့လည်း ဆိုင်တယ်”ဟု ထားဝယ် ဗျောတောဝရပ်ကွက်မှ ဒေါ်နီလတ်သွေးက ဆိုသည်။

သို့သော် ဆယ်တန်းဖြေသည့် နေ့တိုင်း နတ်ကွန်းများတွင် ဖယောင်း တိုင်၊ အမွှေးတိုင်များ၊ ကန်တော့ပွဲများက ပြတ်မည် မဟုတ်ပါ။

နောက်နောင်နှစ်များတွင်လည်း ဆယ်တန်းစာမေးပွဲနေ့များတွင် နတ် ကွန်းများ၌ ကန်တော့ပွဲ ကျိတ်ကျိတ် တိုးနေဦးမည်သာ။

ဖယောင်းတိုင် အမွှေးတိုင် ပူဇော် သူများ စည်ကားနေဦးမည်သာ..။

                             Dawei Watch