ခွင့်ပြုချက်မဲ့ တောခုတ်၊ အဆောက်အအုံဆောက်မှု သက်ဆိုင်ရာဌာန၏ တားမြစ်ချက် ကုမ္ပဏီမလိုက်နာဟုဆို

0
741

ထားဝယ်မြို့နယ် ကျေးဇူးတော်ကျေးရွာရှိ မြေလွတ်၊ မြေလပ်ပေါ်တွင် ကုမ္ပဏီတစ်ခုက ခွင့်ပြုချက်မဲ့ ၀င်ရောက် ကျူးကျော်နေခြင်း တောခုတ်ခြင်း၊ အဆောက်အအုံဆောက်ခြင်းတို့ကို ရေဖြူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက တားမြစ် ထားသော်လည်း လိုက်နာခြင်းမရှိ ကြောင်း ယင်းဒေသခံအချို့က ပြော သည်။

ကျေးဇူးတော်ကျေးရွာတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၁၀၀ နီး ပါးကို ရွှေပဒုမ္မာ တော်ဝင်ကုမ္ပဏီနှင့် ဒေသခံအချို့က အပြိုင်လုပ်ကိုင်ခွင့် လျှောက်ထားဆဲဖြစ်ပြီး ယင်းဧက တစ် ရာအနက် အချို့နေရာများတွင် ရွှေပဒုမ္မာ တော်ဝင်ကုမ္ပဏီက တောခုတ်ခြင်း၊ မီးရှို့ခြင်းနှင့် အဆောက်အအုံဆောက်ခြင်း စသည်တို့ကို ၀င်ရောက်လုပ်ကိုင်နေသည်ဟု ဒေသခံအချို့က ဆိုသည်။

ကုမ္ပဏီက ယင်းသို့ လုပ်ဆောင်နေမှုကြောင့် ဒေသခံများက ကလိန်အောင်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနထံသို့ ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ် တိုင်ကြား ခဲ့ကြသည်။

ဒေသခံများ၏ တိုင်ကြားချက်အရ ရွှေပဒုမ်္မာ တော်ဝင်ကုမ္ပဏီအား ရေဖြူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနက ဖေဖော်ဝါရီလ ၂၈ ရက်စွဲဖြင့် ခွင့်ပြုချက်မရှိဘဲ တောခုတ်၊ အဆောက်အအုံ ဆောက်နေခြင်းကို တားမြစ်ကြောင်း စာပို့ထားသည်။

သို့သော်ကုမ္ပဏီဘက်မှ လိုက်နာခြင်းမရှိဟု ဒေသခံအချို့က ဆိုသည်။

ယင်းကြောင့် မတ်လ ၈ ရက်နေ့ တွင် ရေဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာနကို ထပ်မံတိုင်ကြားစာ ပေးပို့မည်ဖြစ် ကြောင်း ကျေးဇူးတော်ရွာသား စောကံဘွဲ့က ပြောသည်။

“ကျွန်တော်တို့တိုင်တာ နှစ်ကြိမ်ရှိနေပြီ အဲဒါကို (ကုမ္ပဏီက) ဆက်လုပ် နေလို့ စာထပ်တင်မှာ။ လောလောဆယ် မှာ ကုမ္ပဏီက သက်ဆိုင်ရာဌာနတွေကို ဂရုမစိုက်သလို ဖြစ်နေပြီ” ဟု စောကံဘွဲ့ က ဆိုသည်။

ကုမ္ပဏီက လုပ်ကိုင်နေသည့် မြေ နေရာသည် ဒေသခံနှင့် ကုမ်္ပဏီတို့ အပြိုင်လျှောက်နေ သည့်ကာလဖြစ် သဖြင့် သက်ဆိုင်ရာဌာနက ထိရောက်စွာ တားမြစ်ပေးရန်လိုကြောင်း ကျေးဇူးတော် ရွာသား စောချစ်ဝင်းထူးက ပြောသည်။

“ဒေသခံတွေက ပုံစံ(၁)လျှောက်ဖို့ မြေတိုင်းတာ့ ခွင့်ပြုချက်မရှိဘဲလုပ်ရင် ဌာနဆိုင်ရာက တရားစွဲလို့ရတယ်လို့ပြော တယ်။ အခု ကုမ္ပဏီက ခွင့်ပြုချက်မရဘဲ တောတွေခုတ်နေတာ သွားတိုင်တော့ ဘာမှ မလုပ်ပေးဘူး” ဟု စောချစ်ဝင်းထူးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ကလိန်အောင်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ကို ဖေဖော်ဝါရီလ ၈ ရက်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဒေသခံများ တိုင်ကြားစာနှင့်ပတ်သက်ပြီး လုပ် ဆောင်နေခြင်းများရှိကြောင်း ဖြေ ကြားခဲ့ သည်။

အသေးစိတ် လုပ်ဆောင်ချက်များကိုမူ ဖုန်းဖြင့် ဖြေဆိုမည်မဟုတ်ဘဲ ရုံးခန်းတွင် လာရောက်မေးမြန်းရန် ဦးတင့်လွင်ကပြောသည်။ ကလိန်အောင်မြို့မှာ တနင်္သာရီအပတ်စဉ်ရုံးစိုက်ရာ ထားဝယ်မြို့နှင့် ၄၆ မိုင်အကွာအဝေး ရှိသည့်အတွက် အချိန်အခက်အခဲကြောင့် သွားရောက်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ခွင့်ပြုချက်မဲ့ တောမီးရှို့ခြင်းနှင့် ပတ်သက်၍ ကလိန်အောင်မြို့ အရန်မီး သတ်တပ်ဖွဲ့မှ ရွှေပဒုမ္မာတော်ဝင်ကုမ္ပဏီကို ပလပ်စတစ်ထိုင်ခုံသုံးလုံး ၀ယ်ပေးရန် ဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံအချို့ထံ မှ သိရသည်။

Dawei Watch