မြိတ်တွင် ဘေးတွဲဆိုင်ကယ်နှင့်ထော်လာဂျီ မဝင်ရလမ်း သတ်မှတ်မည်

0
1140

မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် ထော်လာဂျီမဝင်ရလမ်းများ သတ်မှတ်ရန် စီစဉ်နေကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ဘေးတွဲဆိုင်ကယ်နှင့် ထော်လာဂျီများသည် မြို့အင်္ဂါရပ်နှင့် မညီညွတ်တော့သကဲ့သို့ ယင်းယာဉ်များကြောင့် လမ်းပိတ်ခြင်း၊ ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလာသည့်အတွက်  ဘေးတွဲဆိုင်ကယ်နှင့် ထော်လဂျီမဝင်ရ လမ်းသတ်မှတ်ရန် တိုင်းအစိုးရထံ ခွင့်ပြုချက်တောင်းခံထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းသို့ သတ်မှတ်နိုင်ရန် လွန်ခဲ့သည့် ၅ လခန့်ကတည်းက တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ ဌာနများနှင့် ဆွေးနွေးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဦးကြည်စိုးက ပြောသည်။

“ဘယ်လမ်းတွေကို သတ်မှတ်မလဲ ဆိုတာကတော့ ဆွေးနွေးပြီး မှ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက်သွားမယ်”ဟု ဦးကြည်စိုးက ပြောသည်။

ဘေးတွဲဆိုင်ကယ်အများစုသည် ပစ္စည်းများအား မနိုင်ဝန်တင်ဆောင်ခြင်း၊ ညအချိန် မီးမထွန်းဘဲ ပရမ်းပတာ မောင်းနှင်ခြင်း များကြောင့် မကြာခဏ ယာဉ်အန္တရာယ်ဖြစ်ပေါ်နေသည့်အတွက်  ယင်းသို့ မဝင်ရလမ်းများသတ်မှတ်မည်ကို သဘောကျကြောင်း မြိတ်မြို့ခံ တချို့က ပြောသည်။

“တခြားမြို့တွေနဲ့စာရင် ဒီမှာက နောက်တောင်ကျနေသေးတယ်”ဟု မြို့သစ်ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် တက္ကစီ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ဘေးတွဲဆိုင်ကယ်နှင့် ထော်လာဂျီများအား မြို့တွင်းမဝင်ရလမ်း သတ်မှတ်ပါ မြို့တွင်းနေထိုင်သူများ ကုန်စည်သယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲရှိလာနိုင်သည်ဟု ဘေးတွဲဆိုင်ကယ်နှင့် ထော်လာဂျီမောင်းသူအချို့က ဆိုသည်။

မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် ထော်လာဂျီ နှစ်ခုပေါင်း အစီးရေ သုံးထောင်ခန့်ရှိနိုင်ပြီး စာရင်းအတိအကျ မရရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Dawei Watch