မွန်တွင် မြေယာကိစ္စ တိုင်ကြားမှု ၁၇၀ စိစစ်ထားပြီးဟုဆို

0
610

မွန်ပြည်နယ်တွင် NLD အစိုးရလက်ထက် ၃ နှစ်တာကာလအတွင်း၌ မြေယာနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း နှစ်ရာခန့် လက်ခံရရှိခဲ့ပြီး အမှုပေါင်း ၁၇၀ ကို စိစစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးက ပြောသည်။

မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ တိုင်ကြားထားသည့် အမှုတွဲပေါင်း ၁၉၂ မှုအနက်မှ အမှုတွဲ ၁၀၄ မှုကို စိစစ်ပြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ(မြေစစ်ဗဟို) တင်ပြထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

အမှုတွဲ ၆၆ မှုကိုမူ စိစစ်ပြီးဖြစ်သော်လည်း မြေစစ်ဗဟို သို့ တင်ပြရန် ကျန်ရှိနေသေးပြီး  ကျန်အမှုတွဲ ၂၂ မှုကို မြေပြင်ကွင်းဆင်းစိစစ်လျက်ရှိသည်ဟု ၄င်းကပြောသည်။

“စီစစ်ပြီးတော့ မြေစစ်ဗဟိုကို တင်ပြထားတာလည်းရှိတယ်၊ စိစစ်ပြီးတော့ မြေစစ်ဗဟိုကို မတင်ပြရသေးတဲ့ အမှုတွဲတွေလည်းရှိတယ်၊ မြေပြင်မှာ ကွင်းစစ် စစ်ဆေးဆဲ အမှုတွေလည်း ရှိတယ်၊ ဒါတွေက အခု အစိုးရလက်ထက် ၃ နှစ်အတွင်းမှာ မြေယာနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေပဲ” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။ 

အဆိုပါ တိုင်ကြားထားသည့် အမှုတွဲ ၁၉၂ မှုတွင် သမ္မတ မွန်ပြည်နယ်ခရီးအတွင်း တိုင်ကြားခဲ့သည့် အမှုတွဲများပါသကဲ့သို့ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားထားသည့် မြေယာနှင့် ပတ်သက်သည့် တိုင်စာများလည်း ပါဝင်သည်ဟု ၄င်းက ဆိုသည်။

မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီသို့ တိုင်ကြားလာသည့် တိုင်စာများထဲတွင် မြေယာနှင့် ပတ်သက်သည့် တိုင်ကြားမှုက ၇၀ ရာခိုင်နှုန်းခန့်ထိရှိသည်ဟု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

“မြေယာပြဿနာကများတယ်၊ ကျွန်တော်တို့ ဖြေရှင်းလို့ရတဲ့ ကိစ္စဆိုရင် ကျွန်တော်တို့ ကော်မတီက ဖြေရှင်းပေးလိုက်တယ်၊ အစိုးရဌာနကို လွှဲပေးတာက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီသို့ တိုင်ကြားလာသည့် မြေယာကိစ္စအချို့မှာ ယခင်အစိုးရလက်ထက်ကတည်းက ဖြစ်ပွားခဲ့သည့် မြေယာပြသနာများလည်းရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

Dawei Watch