ထားဝယ်ခရိုင် ဘ၀ါကျေးရွာတွင် ဆင်တုပ်ကွေးရောဂါလက္ခဏာ အစုလိုက်အပြုံလိုက် ဖြစ်

0
1015

ထားဝယ်ခရိုင် ရေဖြူမြိုနယ်၊ နဘုလယ်ဒေသ၊ ဘဝါကမ်းခြေကျေးရွာတွင် မတ်လ ၅ ရက်မှ စတင်ကာ ဆင်တုပ်ကွေးရောဂါ လက္ခဏာများ အစုလိုက် အပြုံလိုက် ဖြစ်ပွားနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ  ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန)ထံမှ သိရသည်။

ပရဒတ်ကျေးရွာအုပ်စု၊ ဘ၀ါကမ်းခြေကျေးရွာတွင် နေထိုင်သူ ၈၃ ဦးမှာ  ဖျားနာခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း စသည့် ရောဂါလက္ခဏာများခံစားနေရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

ယင်းကြောင့် ဘဝါကမ်းခြေကျေးရွာရှိ သံသယလူနာ တစ်ရာခန့်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

အဆိုပါ သံသယလူနာများအနက်မှ လူနာအချို့ကို သွေးကို အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ဆင်တုပ်ကွေးပိုး တွေ့ရကြောင်း ၎င်းက ပြောသည်။

ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်တတ်သည့် ဆင်တုပ်ကွေးဖြစ်ပွားပါက အပြင်းဖျားခြင်း၊ ခြေဆစ်လက်ဆစ် နာကျင်ကိုက်ခဲခြင်း၊ အနီကွက်ထခြင်း အစရှိသည့် လက္ခဏာများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေါက်တာနန္ဒ၀င်းက ဆိုသည်။

အဆိုပါတုပ်ကွေးရောဂါမှာ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်သည့် ခြင်ကိုက်ခံရခြင်းကြောင့် ကူးစက်ခြင်းဖြစ်ပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ဖြစ်ပွားနိုင်ချေ မရှိသော်လည်း လူအများအပြားကို ကူးစက်လေ့ရှိကြောင်း ၎င်းက ရှင်းပြသည်။

“မကြောက်နဲ့လို့လည်း မပြောဘူး၊ ပေါ့ဆပြီးတော့လည်း မနေသင့်ဘူး”ဟု ဒေါက်တာနန္ဒ၀င်းက ပြောသည်။

ပြီးခဲ့သည့် ရက်နှစ်ဆယ်ခန့်မှစတင်ကာ ကျေးရွာတွင်နေထိုင်သူများ ဖျားနာကြပြီး လက်ရှိတွင် ဖျားနာသူပိုများလာကြောင်း ဘ၀ါကမ်းခြေကျေးရွာ ကျေးရွာတာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။

“အိမ်တိုင်းနီးပါးကို ဖြစ်နေကြတယ်၊ ဖျားလိုက်တာနဲ့ အိပ်ယာက မထနိုင်အောင်ကို ဖြစ်နေကြတာ”ဟု ဦးစိုးမြင့်က ပြောသည်။

ကျေးရွာတွင် ရေရှားပါးသည့်အတွက် ရေခွက်များဖြင့် ရေသိုလှောင်ကြရာမှ ခြင်ပေါက်ဖွားနှုန်း များပြားပြီး ရေပိုက်ဖြင့် သွယ်တန်းပေးမည်ဆိုပါက ခြင်ကြောင့် ဖြစ်ပွားသည့်ရောဂါများ လျော့ကျလာမည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။

ဘဝါကမ်းခြေကျေးရွာတွင် အိမ်ခြေ ၂၇၆ လုံးရှိကြောင်း ကျေးရွာတာဝန်ခံထံမှ သိရသည်။

၂၀၁၀ ခုနှစ် ၀န်းကျင်ကလည်း ကော့သောင်းမြို့နယ်တွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ဖူးပြီး ယခုကဲ့သို့ လူအများအပြား ကူးစက်ခံခဲ့ရကြောင်း တိုင်းဒေသကြီး ရ.ပ.က.န အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရောဂါဖြစ်ပွားသည့် ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများတွင် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး သံသယရှိလူနာများ၏ သွေးနမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ထပ်မံပေးပို့ထားကြောင်း ဒေါက်တာနန္ဒဝင်းက ဆိုသည်။

ထို့အပြင် နေပြည်တော်ရှိ ရေဂါနှိမ်နင်းရေးဌာနမှ ပိုးမွှားကျွမ်းကျင်ပညာရှင်ပါဝင်သည့်အဖွဲ့လည်း မတ်လ ၈ ရက်တွင် ရောက်ရှိလာပြီး ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

ဆင်တုပ်ကွေးရောဂါဖြစ်ပွားသည့် နဘုလယ်ဒေသရှိ ကျေးရွာလေးရွာတွင် ဆေးစိမ်ခြင်ထောင်အလုံးရေ ၃၅၀၀ ခန့်ကိုလည်း ဖြန့်ဝေပေးထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မတ်လ ၅ ရက်နေ့တွင် ကျန်းမာရေးဌာနမှ ကောက်ယူထားသည့် ရောဂါလက္ခဏာရှိသူဦးရေ

ရောဂါလက္ခဏာများ လူနာဦးရေ
ဖျားနာ ၃၃
ဖျားနာ+အဆစ်ကိုက်ခဲ ၃၇
ဖျားနာ+ အဆစ်ကိုက်ခဲ+အနီကွက်ထ ၁၃

Dawei Watch