ကျောက်တင်သင်္ဘောကြောင့် ငါးဖမ်းပိုက်များပျက်စီးမှု ယခုလအတွင်း ညှိနှိုင်းပေးမည် ဟုဆို

0
1389

ရေဖြူမြို့နယ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်ရေးကုမ္ပဏီထံတွင် ကျောက်လာတင်သည့် သင်္ဘောကြောင့် ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပျက်စီးခဲ့သည့်ကိစ္စကို မတ်လအတွင်း ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာက ပြောသည်။

ဇာဒီကျေးရွာအုပ်စု၊ ခရင်းချောင်းရွာတွင် လမ်းခင်းကျောက်ထုတ်လုပ်နေသည့်  Myanmar Rock Mountain ကုမ္ပဏီတွင် ဇန်န၀ါရီလ ၁၉ ရက် ညနေပိုင်းက ကျောက်လာတင်သည့် သင်္ဘောကြောင့် ဒေသခံရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ကြောင်း ရေလုပ်သားအချို့ထံမှ သိရသည်။

ယင်းသဘောင်္ကြောင့် ကျောက်ထုတ်လုပ်ရေးလုပ်ကွက်အနီးရှိ ကျောက်ထရံကျေးရွာမှ ဒေသခံ ရေလုပ်သားငါးဦး၏ ငါးဖမ်းပိုက်ဖုံ ၂၀ ကျော် ဆုံးရှုံးခဲ့သည်ဟု ရေလုပ်သားများက ပြောသည်။

ငါးဖမ်းပိုက်တစ်ဖုံလျှင် ငွေကျပ် နှစ်သိန်းနီးပါး(၁၈၀၀၀၀ ကျပ်) တန်ဖိုးရှိကြောင်း ရေလုပ်သားများထံမှ သိရသည်။

ကျောက်တင်သင်္ဘောနှင့်ငြိကာ ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ခြင်းအပေါ် လျှော်ကြေးငွေရရှိစေရန် သင်္ဘောကုမ္ပဏီနှင့် ရေလုပ်သား များအကြား ကြားဝင်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း Myanmar Rock Mountain ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာက ဆိုသည်။

“ကျောက်တင်သင်္ဘောနဲ့ မတော်တဆငြိသွားတာကို ကြားဝင်ဖြေရှင်းပေးပါ့မယ်”ဟု မန်းနေးဂျင်းဒါရိုက်တာက ပြောသည်။

အဆိုပါ ကျောက်လုပ်ကွက်မှ မိုင်အနည်းငယ်အကွာရှိ ပင်လယ်ပြင်တွင် ငါးဖမ်းရာ၌ ငါးဖမ်းပိုက်ရှိမှန်းသိသာစေရန် အလံတိုင်များ နှင့် အချက်ပြမီးပွိုင့်များ ပြထားသော်လည်း ကျောက်တင်သင်္ဘောက ငါးဖမ်းပိုက်များကို ၀င်ရောက်တိုက်ဖြတ်သွားခဲ့ကြောင်း ငါးဖမ်းပိုက် ၈ ဖုံ ဆုံးရှုံးခဲ့ရသည့် ကျောက်ထရံကျေးရွာနေ ရေလုပ်သားတစ်ဦးဖြစ်သူ ဦးသိန်းအောင်က ဆိုသည်။

“ဆုံးရှုံးမှုတွေ ပြန်လျော်ပေးရင် တော်ပြီ၊ နောက်ပိုင်းလည်း သင်္ဘောက ရှောင်ပြီးသွားဖို့ လိုတယ်”ဟု ဦးသိန်းအောင်က ပြောသည်။

ယခင်နှစ်ကလည်း အဆိုပါ ကျောက်ထုတ်လုပ်ရေးလုပ်ကွက်မှ သင်္ဘောကြောင့် ငါးဖမ်းပိုက်များ ဆုံးရှုံးခဲ့ရသော်လည်း မည်သည့်နေရာတွင် တိုင်ကြားရမှန်းမသိသည့်အတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့ကြောင်း လက်ရှိတွင် ငါးဖမ်းပိုက် ၂ ဖုံ ဆုံးရှုံးခဲ့သည့် ဦးမောင်ဦးက ဆိုသည်။

ငါးဖမ်းပိုက်များ ဆုံးရှုံးမှု မဖြစ်စေရန် ကျောက်တင်သင်္ဘောများ ၀င်ထွက်သွားလာမည့်အချိန်ကို ရေလုပ်သားများကို ကြိုတင်အကြောင်းကြားခြင်း၊ ညှိနှိုင်းခြင်းများ လုပ်ဆောင်စေလိုကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

Myanmar Rock Mountain ကုမ္ပဏီသည် ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းရွာတွင် ကျောက်ထုတ်လုပ်လျက်ရှိပြီး ကျောက်တင်သဘောင်္များရပ်နားနိုင်သည့် ဆိပ်ကမ်းတစ်ခုကိုလည်း ဆောက်လုပ်ထားသည်။

Dawei Watch