ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တိုင်စာပို့သူနှင့် မေးခွန်းမေးသူများကို လုပ်ငန်းပြီးစီးမှုအခြေအနေရှင်းပြ

0
1935

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း မေးခွန်းမေးမြန်းခဲ့သူများနှင့် တိုင်ကြားစာပေးပို့ခဲ့သူများအားခေါ်ယူကာ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၅ ရက်တို့က တိုင်းအစိုးရအဖွဲ့က ရှင်းပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မေးခွန်းနှင့် တိုင်ကြားစာများအနက်မှ  အချက် ၆၁ ချက်ကို ကာယကံရှင်(တိုင်ကြားသူနှင့် မေးခွန်းမေးမြန်းသူ)များအား ရှင်းလင်းဆွေးနွေးရန် နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ညွှန်ကြားစာရောက်ရှိလာကြောင်း တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။

မေးခွန်းမေးမြန်းသူနှင့် တိုင်ကြားသူအချို့ကို ဖိတ်ခေါ်ကာ ရှင်းပြမည့် ကွင်းဆင်းအဖွဲ့ကို သက်ဆိုင်ရာခရိုင်အလိုက် ဖွဲ့စည်း ထားပြီး ထားဝယ်တွင် ၀န်ကြီးဦးဟိုပင်၊ မြိတ်တွင် ၀န်ကြီးဦးဖြိုးဝင်းထွန်းနှင့် ကော့သောင်းတွင် ဝန်ကြီးဦးမြင့်မောင်တို့က ရှင်းပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာ ခရိုင်အလိုက်ရှင်းပြပြီးပါက နိုင်ငံတော်သမ္မတရုံးထံ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့မေးခွန်းတွေကို ဘယ်လိုလေး လုပ်ထားပါတယ်ဆိုတာလေး သူတို့ကို ပြန်အသိပေးတာ”ဟု ဦးမိုးဇော်လတ်က ပြောသည်။

အထက်ပါ အချက် ၆၁ ချက်အနက် ထားဝယ်ခရိုင်နှင့်သက်ဆိုင်သည့် အချက် ၁၄ ချက်ကို မေးခွန်းမေးခဲ့သူများ၊ တိုင်စာပို့ခဲ့သူများနှင့် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူက တိုင်းအစိုးရအဖွဲ့ရုံးတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရှင်းပြခဲ့သည်။

ယင်းအချက် ၁၄ ချက်တွင် ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် မြေငှားခဈေးနှုန်းများသင့်တော်မှုရှိ/မရှိ ပြန်လည်စစ်ဆေး၍ တင်ပြရန်၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ သတ်မှတ်ချက်များကို ချိုးဖောက်ပြီး ကမ်းနီးရေပြင်ဧရိယာအတွင်းအထိ ၀င်ရောက်ငါးဖမ်းဆီးခြင်း၊ ပိုက်ကွက်အစိပ် များအသုံးပြု၍ ဖမ်းဆီးနေခြင်းတို့ကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျဆောင်ရွက်သွားရန် အစရှိသည့် အချက်များ ပါဝင်သည်။

“တွေ့ဆုံပွဲမှာ စာနဲ့မေးတာရော၊ ထမေးတာရော ဖြေရှင်းသွားတာတွေထဲကမှ ဘယ်အချက်တွေကို ဆက်လက်ဆောင်ရွက်နေလဲ ဆိုတာ ဖြေပေးတာ”ဟု ၀န်ကြီးဦးဟိုပင်က ပြောသည်။

မြိတ်ခရိုင်နှင့် သက်ဆိုင်သည့် အချက် ၂၁ ချက်ကိုလည်း မေးခွန်းမေးမြန်းတင်ပြသူများနှင့် ဌာနဆိုင်ရာများကို ခရိုင်ထွေ/အုပ်ရုံးသို့ တိုင်းအစိုးရအဖွဲ့ဝင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်းက မတ်လ ၅ ရက်က တွေ့ဆုံရှင်းလင်းခဲ့သည်။

ယင်းအချက် ၂၁ ချက်တွင် ရေကန်ဘောင်ပြန်လည်တူးဖော်ရေး၊ လျှပ်စစ်မီတာခ ဈေးလျှော့ကျရေး၊ တနင်္သာရီမြို့ ရေကြီးမှုဒဏ် ကာကွယ်နိုင်ရေး စသည့်အချက်အများပါဝင်သည်။

ကော့သောင်းခရိုင်နှင့် သက်ဆိုင်သည့် အချက်များကိုမူ ရှင်းပြရန်ကျန်နေသေးကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း တိုင်စာပေါင်း ၃၀၀ နီးပါး ပေးပို့ခဲ့ကြသည်။

Dawei Watch