လောင်းလုံးကျောင်းသူတစ်ဦး ကျောင်းပေါင်းစုံပြိုင်ပွဲမှ နိုင်ငံလက်ရွေးစင် ဖြစ်လာ

0
5231

တိုင်းနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည့် လောင်းလုံးမြို့နယ် သကျက်တောအထက်တန်းကျောင်းသူ မသင်းသင်းစိုးသည် နိုင်ငံလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် အရွေးခံခဲ့ ရသည်။

လက်ရှိတွင် ၂၀၁၉ ခုနှစ်  အာရှ အသက် ၁၆ နှစ်အောက် ချန်ပီယံရှစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲတွင် လက်ရွေး စင် ကစားသမားအဖြစ် ၀င်ရောက်ယှဉ် ပြိုင်လျက်ရှိသည်။

၂၀၁၇ ခုနှစ်က ကျင်းပသည့် တိုင်းနှင့်ပြည်နယ် အခြေခံပညာ ကျောင်း ပေါင်းစုံ ပြိုင်ပွဲတွင် မသင်းသင်းစိုးသည် တနင်္သာရီတိုင်း လက်ရွေးစင် ရှေ့တန်း တိုက်စစ်မှူးအဖြစ် သွားရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးဆု ကို ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းနောက် ၂၀၁၈ ခုနှစ်တွင် အား ကစားနှင့်ကာယသိပ္ပံကျောင်း(ရန်ကုန်) တွင် ဘောလုံးလေ့ကျင့်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က By Name ဖြင့် မသင်းသင်းစိုးအား ခေါ်ယူခဲ့ကြောင်း လောင်းလုံးမြို့နယ် အားကစားမှူး ဦးဇေယျာဌေးက ပြောသည်။

ယင်းအားကစားသိပ္ပံတွင် ဘောလုံး အားကစားလေ့ကျင့်နေရင်း မန်္တလေးမြို့ တွင် ဖေဖော်ဝါရီလ ၂၇ ရက်က စတင် ကျင်းပနေသည့် ၂၀၁၉ ခုနှစ် အာရှ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် လက်ရွေးစင် ကစားသမားအဖြစ် ကျောနံပါတ် ၂၂ ၀တ် ဆင်ကာ ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

မသင်းသင်းစိုးသည် အခြေခံပညာ ကျောင်းပေါင်းစုံပွဲများတွင် ထားဝယ်ခရိုင် လက်ရွေးစင်၊ တိုင်းလက်ရွေးစင်အဖြစ် ဘောလုံးကစားခဲ့ စဉ်က ရှေ့တန်းတိုက်စစ် မှူးဖြစ်သော်လည်း အာရှချန်ပီယံရှစ် ခြေစစ်ပွဲတွင် အလယ်တန်း ကစားသမား အဖြစ် ပါဝင်နေကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ဘော်လီဘော၊ ပိုက်ကျော်ခြင်း ကစား နည်းများကို နှစ်သက်သည့် မသင်းသင်းစိုး သည် ဆဌမတန်းကတည်းက ဘောလုံးကို စတင်ကစားခဲ့ပြီး ကျောင်းစာတွင်လည်း အဆင့်တစ်မှ တစ်ဆယ်အတွင်း အမြဲဝင်လေ့ရှိသည်ဟု သကျက်တော အထက်တန်းကျောင်းအုပ် ဆရာမ နော်ဖလောရင့်ဒူးက ပြောသည်။

“ဒီလိုမျိုးနိုင်ငံပွဲမှာ ပါနေတာ အရမ်း ၀မ်းသာတာပေါ့။ သူ့အတွက်လည်း တက်လမ်း ဖြစ်သွားတယ်လေ။ နိုင်ငံတော် အတွက် သဲတစ်ပွင့်လေး မွေးထုတ်ပေးနိုင် တဲ့ သဘောပေါ့နော်”ဟု နော်ဖလောရင့်ဒူး က ဆိုသည်။

၂၀၁၉ ခုနှစ် အာရှ အသက် ၁၆ နှစ် အောက် ချန်ပီယံရှစ်ခြေစစ်ပွဲဝင်နေသည့် မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါ ရီလ ၂၇ ရက်က အာရှအင်အားကြီး တရုတ်အသင်းကို ၅ ဂိုး၊ ဂိုးမရှိ၊ မတ်လ ၁ ရက်တွင် ဘင်္ဂလာဒေရှ့်အသင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

ယင်းပွဲစဉ်နှစ်ပွဲစလုံး၏ ပွဲထွက် လူစာရင်းတွင် မသင်းသင်းစိုး ပါဝင်ခဲ့ခြင်း မရှိသေးပေ။

မြန်မာအမျိုးသမီးအသင်းသည် မတ်လ ၃ ရက်တွင် အုပ်စု နောက်ဆုံးပွဲ စဉ်အဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

 ကျော်သူစိုး