တိုင်းလွှတ်တော်အစီရင်ခံစာကိစ္စ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၏ တုံ့ပြန်ချက်နှင့် လူထုအသံ

0
5049

တနင်္သာရီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့် ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာပေးပို့ခဲ့သည့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်က NLD ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း DVB သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတွင် ယင်းသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

NLD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဦးခင်ဇော်၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်းအတွင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပြည်သူတချို့တို့အား တနင်္သာရီအပတ်စဉ်မှ ဆက်သွယ်မေးမြန်းထားပါသည်။

“မမှန်မကန်ဘဲနဲ့ တိုင်တာမျိုး မဖြစ်အောင်ဆိုပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ခွင့် မပေးဖို့၊ အဲဒါပဲ ကျွန်တော်ပြောတာ” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်

တနင်္သာရီ – ဦးခင်ဇော်အနေနဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ပြောသွားတဲ့ဟာလေးတွေကို မီဒီယာတွေမှာ ဖတ်ရတာကတော့ တိုင်တဲ့ ကိုယ်စားလှယ်တွေကို  နောင်ရွေးကောက်ပွဲမှာ ပယ်သင့်တယ်ပေါ့။ ဘာကြောင့် အဲဒီလို ဆွေးနွေးဖြစ်တာလဲ၊ ဘာကို အခြေခံပြီး ဆွေးနွေး ဖြစ်တာလဲ။

ဦးခင်ဇော် – ကျွန်တော်ပြောတာက ရှင်းရှင်း လေးပဲ၊ အစည်းအဝေးမှာ ကျွန်တော်ပြောတဲ့ ကိစ်္စဟာ၊ တာဝန်ရှိတဲ့လူတစ်ယောက် ပြောတဲ့ကိစ္စ၊ ကျွန်တော်ပြောတာ ဘာကိုအခြေခံတာ မဟုတ်ဘူး၊ တိုင်ထားတာတော့ သေချာတယ်၊ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်) ၂၁ ယောက်မှာ အစိုးရအဖွဲ့ဝင် ၇ ယောက် ဖြစ်သွားတဲ့အခါကျတော့ ၁၄ ယောက်က တိုင်တာ သေချာတယ်၊ တိုင်ထားတာအပေါ် မူတည်ပြီးတော့ တကယ်လို့..၊ သူတို့တိုင်ကြားချက်ဟာ မမှန်လို့ ရှိရင် သူတို့ကို … ဟိုဟာ.. ကျွန်တော် ပြောပြမယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီလိုမျိုး ကန့်ကွက်ဆန်္ဒပြတဲ့သူတွေကို အပြစ်ပေးတာ ရှိတယ်၊ အဖွဲ့က ထုတ်ပယ်တာ ရှိတယ်၊ အဲလိုမျိုး ရှိတဲ့အခါကျတော့ သူတို့ရည်ရွယ်ချက် က နောင်မျိုးဆက်သစ်လူငယ်တွေ ကနေပြီးတော့ အလားတူ၊ ဆိုတာက မမှန်လို့ရှိရင် ကျွန်တော်ပြောတာနော်။ မမှန်မကန်ဘဲနဲ့ တိုင်တာမျိုး မဖြစ်အောင်ဆိုပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၀င်ခွင့်မပေးဖို့၊ အဲဒါပဲ ကျွန်တော်ပြောတာ။

တနင်္သာရီ – အဲဒီ ပြောဆိုဆွေးနွေးချက်အပေါ်မှာ တိုင်းသူတိုင်းသားတွေက ပြောကြ တယ်။(ဖြတ်၍ဖြေ)

ဦးခင်ဇော် – ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ သေချာတယ်။

တနင်္သာရီ – အဲဒီအပေါ်မှာရော ဘယ်လို မှတ်ချက် ပြုချင်ပါသလဲခင်ဗျ။

ဦးခင်ဇော် – အဲဒါတော့ဗျာ သူတို့က အခုက လူတွေက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ပေါ် မှာ မူတည်ပြီးတော့ လွတ်လပ်စွာဆဲဆိုပိုင်ခွင့်ဆိုတာမျိုးနဲ့ အဲဒီသဘောပိုက်နေသလား တော့ မသိပါဘူး။ ကျွန်တော်ကတော့ ပြောလိုက်တယ်။ တနင်္သာရီတိုင်းက ဒေါ်အောင်ဆန်းစုကြည်တိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြောတယ်၊ ဒါ သူ့အမာခံတိုင်းလို့ ပြောတယ်။ အဲတော့ ကျွန်တော်တို့ NLD ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်၊ အဲတော့ ကျွန်တော်တို့ အဖွဲ့၊ တနင်္သာရီတိုင်း စည်းရုံးရေးအဖွဲ့ ဒီလိုတွေ ဖြစ်အောင်ဆိုပြီးတော့ ကျွန်တော့်အနေနဲ့ ဒီဟာပေါ် မူတည်ပြီးတော့ ကျွန်တော် ပြောတာပဲ ဖြစ်တယ်၊ တစ်ခြား ဘာရည်ရွယ်ချက်မှလည်း မရှိဘူး၊ ဘယ်သူ့ကို သာစေနာစေလို့လည်း မရှိပါဘူး။

တနင်္သာရီ – ဟုတ်ကဲ့၊ ဒီလိုမျိုး ပြောဆိုဆွေးနွေးတဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိတယ်၊ တချို့ကလည်း အဲဒီကိုယ်စားလှယ် ၁၄ ဦးနဲ့အတူ ရှိတယ်ပေါ့ ခင်ဗျာ၊ ၁၄ ယောက် မှန်တယ်ဆိုပြီး ရေးလာတာ ရှိတယ်ပေါ့၊ အဲလိုမျိုး ပြောတဲ့အပေါ်မှာ ဦးခင်ဇော်အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

ဦးခင်ဇော် – ပြောတယ်ဆိုတဲ့နေရာမှာ လက်မှတ်ထိုးတဲ့ လူတွေ ပါကောင်းပါမှာပေါ့ဗျာ၊ ဟုတ်လား၊ လက်မှတ်ထိုးတဲ့လူတွေ ပါလို့ရှိရင် သူတို့က ၂၀၂၀ ရွေးကောက်ပွဲ မှာ သူတို့ မ၀င်ပါမှာ စိုးလို့၊ အဲဒီအနေနဲ့၊ ခုခံကာကွယ်တဲ့အနေနဲ့ ပြောတယ်လို့ပဲ ကျွန်တော် အဲလိုပဲ မြင်တယ်။

တနင်္သာရီ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

“လွှတ်တော်ကိုယ်စားလှယ်ကတော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်လေ”ဒေါ်ရီရီချို (မြိတ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ NLD ဗဟိုကော်မတီဝင်)

အရေးယူသင့်တယ် ပြောတယ်ပေါ့၊ ဒါကတော့လေ၊ ပြောနိုင်တယ် သူလည်း၊ သူလည်း သူပြောချင်တာ ပြောနိုင်၊ ကိုယ်လည်း ကိုယ်ပြောချင်တာ ပြောနိုင်တယ်ပေါ့။ သူပြောတာ ဘောင်မ၀င်တာက အစည်းအဝေးပွဲရဲ့ သုံးသပ်ချက်ကို ပြောရမှာ၊ အစည်းအဝေးပွဲ ပထမရက်က ကိုယ့်တိုင်း အခြေအနေ တင်ပြတယ်။ ဒုတိယရက်က သုံးသပ်ချက်ကို တစ်တိုင်းကို တစ်ယောက် ပြန်ထပြောကြရတာ။ အဲဒီထပြောတာကို CC (တိုင်းဗဟိုကော်မတီအဖွဲ့ဝင်)အားလုံးက တိုင်ပင်ပြီး ဒီစာကို ရေးရမယ်။ အဲဒါမှာ သူ့ရဲ့ ခံစားချက်ကို ထည့်လိုက်တယ်ပေါ့နော်။ သူပြောတာက မသေချာဘဲနဲ့ ဒီလိုမျိုးလုပ်ရင် တစ်ဖက်သားလည်း နစ်နာတယ်ပေါ့။

လွှတ်တော်ကိုယ်စားလှယ်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်၊ အလယ်တည့်တည့်က အမှန်တိုင်းပဲ နေရမှာ၊ နောက်ပြီး လက်မှတ်ထိုးတယ်ဆိုတဲ့ကိစ္စကလည်း အမှန်က လွှတ်တော်ရဲ့  တွေ့ရှိချက်ပဲလေ။ လွှတ်တော်ထဲက အမေးအဖြေ လုပ်ထားတဲ့ဟာပဲ။ ဒါကိုပဲ ထုတ်နုတ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ကြားက သမာသမတ်ကျကျ ဒါက ဒီလို ရှိပါတယ်လို့ ပြောတာ။ ဒါ အစီရင်ခံစာ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်ကတော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်လေ။ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်လုပ်တာဆိုတော့ သူဘာသူ ဘာပဲ ပြောပြောပေါ့။ ဘယ်လိုမှ မခံစားရပါဘူး။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး သူအဲဒီလို အဆိုပြုတာဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူးလို့ မြင်တယ်”ကိုစိုင်း၊ NLD ပါတီဝင်၊ ကော့သောင်းမြို့။

(လွှတ်တော်ကိုယ်စားလှယ်တွေက) သူတို့အလုပ် သူတို့လုပ်တယ်လို့ပဲ မြင်တယ်။ သူ(ဦးခင်ဇော်)ပြောသလိုသာ ရွေးကောက်ပွဲမှာ အမတ်တွေကို ဗဟိုက ပယ်မယ်ဆိုရင် ဗဟို ဦးစီးစနစ် ဖြစ်သွားမယ်။ အမတ်ဆိုတာ ပြည်သူက ရွေးချယ်တင်မြောက်ထားတာပါ။ ဗဟိုကသာ အဲဒီလို ဆုံးဖြတ်မယ်ဆိုရင် ပြည်သူ့ကိုယ်လှယ်စစ်စစ် ပေါ်လာမှာ မဟုတ်ဘူး။ ဗဟိုကလည်း အဲဒီလို ဆုံးဖြတ်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပြီး သူအဲဒီလို အဆိုပြုတာဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ မြင်တယ်။

“သူ့ကိုရွေးလိုက်မိတဲ့ မဲဆန်္ဒရှင်များအနေနဲ့ အပြစ်ရှိသလို ခံစားနေကြရမလားဆိုတာ စိတ်ပူနေမိပါတယ်”ဦးသန်းဇော်ဦး(ရလိုင်) ကျူရှင်ဆရာ၊ ထားဝယ်မြို့။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေကို ရိုက်ချိုးပစ်လိုက်တာပါ။ လွှတ်တော်ကိုယ်စားလှယ် ၁၄ယောက်ဆိုတာ အဲဒီလူပုဂ်္ဂိုလ် ၁၄ယောက်တည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ ၁၄ယောက်ရဲ့ နောက်ကွယ်က မဲဆန်္ဒရှင်ပြည်သူတွေကို ကိုယ်စားပြုပါတယ်။ ဒီတော့ သူဟာ ကိုယ်စားလှယ် ၁၄ယောက်ရဲ့နောက်ကွယ်က အဲဒီမဲဆန်္ဒရှင်ပြည်သူတွေကို စော်ကားရာလည်း ရောက်ပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံဆိုတာ မမေ့အပ်ပါဘူး။ ယခု တိုင်းတွင်းက အခြေအနေတွေဟာ ပြည်သူတွေရဲ့ နှလုံးသားထဲက ထွက်လာတဲ့ နိုင်ငံရေးပါ။ ဘေးပယောဂကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီလိုပုဂ်္ဂိုလ်မျိုး လွှတ်တော်အမတ် တစ်ယောက် ဖြစ်လာတာဟာ ပါတီဝင်တွေအတွက် ရှက်စရာကောင်းသလို၊ ပါတီရဲ့ပုံရိပ်ကိုလည်း အနည်းနဲ့အများ ထိခိုက်စေမှာပါ။ ၂၀၂၀ ကျရင် ဒီလိုအမတ်မျိုး မပါလာဖို့ပဲ မျှော်လင့်ရပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန်္တရာယ်ရှိလို့ပါ။ အချုပ်နေနဲ့ ပြောရရင် သူ့ကိုရွေးလိုက်မိတဲ့ မဲဆန်္ဒရှင်များအနေနဲ့ အပြစ်ရှိသလို ခံစားနေကြရမလားဆိုတာ စိတ်ပူနေမိပါတယ်။

“သူက ဒီလိုမျိုးတော့ မပြောသင့်ဘူး”မဇင်မာမိုး (၀န်ကြီးချုပ်၊ ဦးအောင်စိုးနှင့် ဦးဖြိုးဝင်းထွန်းတို့အား ဖြုတ်ချပေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ဆိုင်းဘုတ်ကိုင် တောင်းဆိုခဲ့သူ။ မြိတ်မြို့ )

ဒါကတော့ မဖြစ်သင့်ဘူးထင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားလှယ် ၁၄ ယောက်ကို ပြိုင်ခွင့်မပေးဘူးဆိုရင် တနင်္သာရီတိုင်းမှာ လုံးဝမဲအပြတ်အသတ်ရှုံးနိုင်မယ် ထင်တယ်။ သူတို့သာ မရှိရင် တနင်္သာရီတိုင်းမှာ နိုင်စရာအကြောင်း မရှိတော့ဘူး။ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးကို ပေးမပြိုင်တော့ဘူးဆိုရင် မဲထည့်စရာအကြောင်းလည်း မရှိတော့ဘူး။ သူက ဒီလို မျိုးတော့ မပြောသင့်ဘူး။