တနင်္သာရီတိုင်း သမိုင်းသစ် ဘယ်လိုရေးမှာလဲ

0
382
SONY DSC

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်ထုတ် တနင်္သာရီဂျာနယ်မှာ သမိုင်းနဲ့ ဆိုင်တဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရပါတယ်။ ဆောင်းပါးအမည်က “တနင်္သာရီတိုင်းရဲ့သမိုင်း အသစ်ရေးရ အောင်”လို့ ပေးထားတယ်။ ဆောင်းပါးရှင် မီးမောင်းထိုးပြလိုတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ အတော်များများ ရင်းနှီး ကျွမ်းဝင်နေတဲ့ ပါးစပ်ရာဇ၀င်၊ နောက်ရေး ရာဇ၀င်တွေကို သမိုင်းသုတေသန နည်းကျကျ စိစစ်တိုက်ဆိုင် ညှိနှိုင်းသုံးသပ် တည်းဖြတ်တာတွေ မလုပ်ကြဘဲ သက်ဆိုင်ရာ လူမျိုးစွဲအလိုက် ဟုတ်မှန်းမသိ မဟုတ်မှန်းမသိ ရမ်းသမ်းပြီး အတင်းအဓမ္မ ပြောချင်ရာ ပြောနေကြတဲ့၊ သမိုင်းသုတေသီ မဟုတ်တဲ့ လူမျိုးစွဲဝါဒသမားတွေရဲ့ ထင် သလိုအပြော အရေးတွေကို ဆင်ဆင်ခြင် ခြင် ပြောကြရေးကြဖို့နဲ့ တနင်္သာရီတိုင်းရဲ့ လစ်ဟာနေတဲ့၊ သမိုင်းကွက်လပ်တွေကို စနစ်တကျ စံမီမီ အသစ်ပြန်လည်ရေးသားကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

မူလဆောင်းပါးပါစာမှ အချို့ကို ကောက်နုတ်ဖော်ပြပါမယ်ဆိုရင်

“ရှေးမှတ်တမ်းတွေဖြစ်တဲ့ အမှားတော်ပုံကျမ်းတွေကို ကိုယ်တိုင် တွေ့ကြုံ နေခဲ့ရပါတယ်။ သမိုင်းကို လေ့လာတဲ့ အခါ မှန်တာတွေ ရှိသလို မှားတာတွေ လည်းရှိပါတယ်။ ဒီလိုပါပဲ ဒေသသမိုင်း၊ လူမျိုးစုငယ်တွေ သမိုင်းကို လေ့လာတဲ့ အခါ အင်မတန် မျက်နှာငယ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေအရ ဖျက်ဆီးခံရတာတွေ၊ ဖော်ပြခွင့် မရတာတွေ၊ ၀ါးမြိုခံ လိုက်ရတာတွေ အများကြီး ရှိတယ်။ ဒီလိုပဲ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေက အသိပညာ အားနည်းပြီး ထိန်းသိမ်း စောင့်ရှောက်လိုစိတ် နည်းပါးပြီး ပျက်စီး ပျောက်ကွယ်သွားတာလည်း ရှိပါတယ်”။

“တနင်္သာရီတိုင်းဒေသကြီးမှာဆို ထားဝယ်(သာဂရ)နဲ့ တနင်္သာရီမြို့ဟောင်း တွေက လူသိများ ထင်ရှားပါတယ်။ အခြား မြို့ဟောင်းတွေလည်း အတော်များများ ရှိပါတယ်။ ဒီဒေသနဲ့ ပတ်သက်ပြီး လေ့လာ တဲ့အခါ အတော်စိတ်ဝင်စားဖို့ ကောင်းပါ တယ်” ။

“ဒီ ထားဝယ်နဲ့ တနင်္သာရီမြို့ဟောင်း တွေကို ဗမာကလည်း သူပိုင်တယ်လို့ ဆိုတယ်။ မွန်ကလည်း သူပိုင်တယ် ဆိုတယ်။ ရခိုင်ကလည်း အားကျမခံ ငါတို့ဆီက ထွက်ပြေးတဲ့ လူတွေလို့ ဆိုတယ်။ ရှမ်းက လည်း ငါတို့ပိုင်တယ်တဲ့။ ယိုးဒယားက လည်း ငါတို့မြေလို့ အမြဲပြောတယ်”။

“ဘာသာစကား လေ့လာတဲ့ ပညာရှင် တွေကလည်း ထားဝယ်နဲ့ တနင်္သာရီကို ဗမာလို တစ်မျိုး၊ ယိုးဒယားလို တစ်မျိုး၊ ရှမ်းလို တစ်မျိုး၊ မွန်လိုတစ်မျိုး၊ မလေးလို တစ်မျိုး၊ ကရင်လိုတစ်မျိုး ဘာသာပြန်ကြ လေရဲ့။ ထားဝယ်နဲ့ တနင်္သာရီ စကားတွေ ထဲမှာ ဘယ်စကားလုံးက ငါတို့ စကားလုံး မို့ ဒီမြေက ငါတို့မြေ ဆိုတာတွေလည်း မနည်းပါဘူး”။

“ထားဝယ်ဘက်ကို ကြည့်တဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက လူတွေ ရှိနေပါပြီ။ ဘယ်သူ တွေဆိုတာ ဆက်လက် ငြင်းခုံရဦးမှာပါ။ ထားဝယ်ဒေသမှာ တွေ့ရှိရတဲ့ ရှေးယဉ် ကျေးမှု အထောက်အထားတွေအရ ကျောက်ချော လက်နက်တွေ၊ ပုတီးစေ့ တွေ၊ လက်ရေးစင်းပါ အုတ်တွေ၊ ဒင်္ဂါး တွေ၊ အရိုးအိုးတွေ၊ မြေထည်ပစ်္စည်းတွေ စတဲ့ အထောက်အထားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က စတယ်။ ဒီလို အထောက်အထားတွေနဲ့ မှတ်တမ်း တွေအရ ပြောရရင် ထားဝယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က တည်းက မြို့ပြတည်ထောင်နေတယ်လို့ တွေ့ရ တယ်။”

“ဒီတော့ ကျွန်တော်တွေးမိတာက ထားဝယ်နဲ့တနင်္သာရီကို ဗမာ၊ မွန်၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ယိုးဒယားစတာတွေက သိနေတော့ ဒီလူတွေ ထင်ရှားကျော်ကြား နေချိန်နဲ့ မတိုင်မီကတည်းက ထင်ရှားပြီး သား ဖြစ်နိုင်တယ်။ အရေးပါပြီးသား ဖြစ်နိုင်တယ်”။

အထက်ပါအတိုင်း ပြောထားတာ တွေ့ပါတယ်။

ထိုဆောင်းပါးရှင်က ထိန်းထိန်း သိမ်းသိမ်းနဲ့ ဒီလောက်ပဲ ပြောသွားတာ ဖြစ်ပါတယ်။ တကယ်လက်တွေ့ ကြုံ တွေ့ရတဲ့ ဖြစ်စဉ်အမှန်မှာ သမိုင်းသမိုင်း ဆိုပြီး လူမျိုးရေးအစွဲတွေနဲ့ ဟီရိသြတ္တပ္ပ ကင်းမဲ့စွာ အထောက်အထား မပေးစတမ်း စာတမ်းတွေထဲအထိပါ ထင်ရာရေး ထင်ရာပြောတာ တွေ့ရတယ်။ သမိုင်းကို သမိုင်းလို မရေးဘဲ နိုင်ငံရေးမှာ မိမိတို့ လူမျိုး အသာစီးရရေးအတွက် လက်နက် သဖွယ်အသုံးချပြီး သိက္ခာမထိန်းဘဲ ၀ါဒ ဖြန့်တဲ့ လုပ်ရပ်ပုံစံတွေနဲ့ တမင်တကာ အမှားရေးပြ နားသွင်းယူတဲ့ပုံစံတွေကို ပြောဆို ရေးသားဖြန့်ဝေပြီး စာဖတ်သူကို အဆိပ်ခတ်နေတဲ့ လုပ်ရပ်တွေ ရှိနေကြ တယ်။ အချို့သော အသိအမှတ်ပြုခံ ပညာရှင်ဆိုသူတွေကအစ အဲလိုကိစ္စတွေ မှာ ပါဝင်လျက်ရှိနေတာကိုလည်း အံ့သြဖွယ် တွေ့မြင် နေရပါတယ်။

အနာရှိ၍ စပ်ကြလျှင်လည်း မတတ်နိုင်ပါ။ လက်တွေ့တွင် ထိုသို့ ဖြစ်နေ သည်မှာ အမှန်တရားသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တနင်္သာရီတိုင်းရဲ့ သမိုင်းကို စိတ်ပါဝင်စားကြလို့ ရေးသား ကြရာမှာလည်း မည်သူကရေးသည်ဆိုစေ စနစ်တကျ ချည်းကပ်ထားတဲ့ သမိုင်းစာပေ များကိုသာ ရေးသားကြစေလိုတဲ့ ဆန္ဒရှိပါ တယ်။ စိစစ်ညှိနှိုင်းခြင်းမရှိတဲ့ အပ်ကြောင်း ထပ် ရာဇ၀င်အဆိုတွေ ရေးသားကြတာ များလွန်းနေပြီလို့ ဆိုနိုင်ပါတယ်။

ရာဇ၀င်အဆိုများ မှားသည်မဆိုပါ။ ရာဇ၀င်မှန်ကြောင်း သက်သေပြနိုင်မှ သမိုင်းဆိုတာ ဖြစ်ပါတယ်။

ရာဇ၀ံသခေါ်တဲ့  ရှင်ဘုရင်တွေအကြောင်း ရေးတဲ့ ရာဇ၀င်ဟာ သမိုင်း မဟုတ်သေး။ ရာဇ၀င်လာစာတွေ တကယ်မှန်ပါကြောင်း အထောက်အထားပေး သက်သေပြနိုင်ဖို့ လိုပါတယ်။ ရာဇ၀င်ဆိုတာ သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်တဲ့အတွက် မှန်တယ် မှားတယ် မသိရသေးတဲ့ ရာဇ၀င်အဆို ဒဏ္ဍာရီတွေကို သမိုင်း ခေါင်းစဉ်အောက် ထည့်ရေးတဲ့အခါ အလွတ်တမ်း ၀ါသနာရှင်များ၊ ဒေသန္တရသုတ ရှာမှီးသူများအတွက် ကောင်းပင်ကောင်း ငြားသော်လည်း ပညာရှင်တန်းမှာတော့ စံမမီ ဘောင်မ၀င်လို့ ရယ်ဖွယ်ဖြစ်နေတတ် သလို ပညာရှင်များ ကဲ့ရဲ့ခံရတာလည်း ဖြစ်သွားတတ်ပါတယ်။

ဥပမာအားဖြင့် ဘုရားသမိုင်းဆိုပြီး ဒဏ္ဍာရီတွေရေးသားတာ ဘာသာရေးယုံ ကြည်ချက်အရ သဒ္ဓါတရား ထက်သန်အောင် လှုံ့ဆော်ပေးတဲ့စာဖြစ်သည်မှာ မှန်ပေမယ့် ထိုစာမျိုးကို ခေတ်သစ်သမိုင်း ပညာက ထပ်မံပြီး အထပ်ထပ် စစ်ဆေး တဲ့အခါ ကျမ်းဂန်မှာ တောင်မပါတဲ့ ဗျာဒိတ်တော်ဆိုတာမျိုးတွေ၊ ဘုရားကြွ လာလို့ ဘာဖြစ်တယ် ဆိုတာမျိုးတွေဟာ အလိုအလျောက် ပြုတ်ကျန်ခဲ့ပါတယ်။

ဒီစာမျိုးတွေကို သမိုင်းစာတမ်းတွေ မှာ ထည့်ရေးတဲ့အခါ ပညာရှင်များနဲ့ နားလည်တတ်ကျွမ်းကြသူတွေက လှောင် ပြောင်တာ ကဲ့ရဲ့တာ မပြောသော်လည်း ကြိတ်ပြုံးတာတွေ ဖြစ်ကုန်ပါတယ်။ ဘယ်ခေတ်က ပညာရှင် ရေးတယ် ဒီစာ မှတ်တမ်းတွေ ဘယ်လောက် ရှေးကျတယ် ဆိုဆို ကိုးကားစရာအဖြစ်တောင် စာရင်း မသွင်းကြပေ။ ထိုထိုဒဏ္ဍာရီတွေထဲက ကိုးကားတော့မယ်ဆိုတဲ့အခါ မြေပေါ် မြေအောက်တွေ့ရှိရတဲ့ ပစ္စည်းအထောက် အထားများ ပြည်တွင်းပြည်ပခေတ်ပြိုင်မှတ်တမ်းများနဲ့ တိုင်ဆိုင်စစ်ဆေးပြီးတဲ့ အခါ အနိမ့်ဆုံးအဆင့် အနီးစပ်ဆုံးဖြစ် တယ်ဆိုမှသာ တစလောက် ဆွဲထုတ်ပြီး ကိုးကားပြုကြရတာ ဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးထားပြီး အချက် အလက်မှ ကောက်ချက်ကို ယူဆတင်ပြကြ သည်ကိုပင် ၀ိဝါဒကွဲပြားသည့် အကြောင်း ကိစ္စ များစွာရှိကြပါတယ်။ ဒီလိုမဟုတ် ဘဲ အထောက်အထားမပြ မိမိစိတ်ထင်ရာ ဆွဲရေးတာမျိုး ဖြစ်နေခဲ့သော် မည်မျှပင် စိတ်ကူး စိတ်သန်းကောင်းကောင်းနှင့် ဖတ်ပျော် နှစ်လိုအောင် တင်ပြထားသည် ဖြစ်စေ ထိုစာသည် သမိုင်းမဖြစ်။ အပျော် ဖတ် ရသစာပေ တစ်ခုသာ ဖြစ်ပါတယ်။ ထိုသို့ စာရေးကောင်းတိုင်း သမိုင်းဖြစ်ရ သော် ချစ်ဦးညို၊ တက္ကသိုလ်စိန်တင်စသော စာရေးဆရာများသည်လည်း သမိုင်း ပညာရှင် ဖြစ်နေတော့မှာ ဖြစ်ပါတယ်။

ရာဇ၀င်မှတ်တမ်းများနှင့် ပက်သက် ၍ ရာဇ၀င်လာစာများသည် မှန်တာလည်း ရှိ မှားတာလည်းရှိသလို အပိုအကဲအဖြစ် လုပ်ဇာတ် ထိုးဇာတ်များလည်း အများ အပြား  ပါဝင်နေပြီး တချို့က မြှုပ်ကွက် ပုံစံဖြင့် ရေးသားထားတာတွေလည်း ရှိကြပါတယ်။ ထိုရာဇ၀င်များ မှန်သည် မှားသည်ကို စစ်ဆေးရမည့်တာဝန်ဟာ သမိုင်းသုတေသီများ စာဖတ်သူများရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ရာဇ၀င်ဆရာ တို့ကို အပြစ်တင်စရာ မရှိပေ။ ထိုအရေး အသားပုံစံတွေဟာ သူတို့ခေတ် သူတို့ အခါက ခေတ်စား လူကြိုက်များတဲ့ ပုံစံနဲ့ သူတို့သိမီသမျှကနေ ရေးသားမှတ်တမ်း တင်ပေးခဲ့သည်ကိုကပင် အင်မတန် ကျေးဇူးများလှပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်မှ ခေတ်ပေါ် သမိုင်းပညာရပ်စံသဘောသည် ထိုဆရာတို့ ခေတ်နဲ့ မတူညီတဲ့အတွက် ယခင်ဆရာတို့ ကျေးဇူး ကြွေးချပေးခဲ့တာတွေကနေ မိမိ တို့ခေတ်နဲ့အညီ နိုင်ငံတကာအဆင့် တန်းဝင်စံမီတဲ့ သမိုင်းစံသဘောအတိုင်း လျော်ညီအောင် ပြောင်းလဲပြုပြင်ပြီး နောက်လူတို့အတွက် မှတ်တမ်းပြုပေးရ မှာက ကျွန်တော်တို့ တာဝန် ဖြစ်ပါတယ်။

 ဒီနေရာမှာ စာတမ်းရေးသူများနှင့် ဆောင်းပါးရေးသူများ တင်ပြကြပုံ ခြားနား တတ်တဲ့ သဘောသဘာဝလေးတွေ ရှိကြ တယ်။ စာတမ်းရေးသူဟာ အယူအဆတစ် ခု ပြောတိုင်း အနည်းဆုံးအနေနဲ့ အထောက် အကိုးတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။ အထောက်အကိုးဟူသည် စိတ်ကူးယဉ် (သို့) သဘာဝယုတ်္တိကျသော်လည်း ပညာ ရပ်ဘောင်က လက်မခံသောယုတ်္တိမျိုး ဖြစ်နေ၍ မရ။

ဥပမာ “သူဟာ မင်းအဖေ ဖြစ်ကြောင်း မင်း ဘယ်လိုသိသလဲ။ သူများပြောလို့ သိတယ်။ သွေးက ပြောလို့ သိတယ်။ သူများ ပြောတိုင်း မင်းအဖေဆိုတာ မှန်ရဲ့လား။ သွေးကပြောတာ ဆိုတာမျိုး ဆုပ်ကိုင်ပြစရာ ထိုးပြစရာမရှိတဲ့ ယုတ်္တိမျိုး မဖြစ်ရ။ ဆောင်းပါးရေးသူများကတော့ ထိုသို့အထောက် အကိုး များများပြလေ့ မရှိပေ။ ထိုစာအုပ် က ထိုသို့ဆိုပါသည်။ ထိုသို့ ဖော်ပြထား သည်ကို တွေ့ရသည်ဆိုတာမျိုးဖြင့် အကာအကွယ်ယူပြီး တိုက်ဆိုင် စီစစ် သုတ်သင်တည်းဖြတ်ထားတာတွေ ပါပါ မပါပါ စာဖြစ်ပြီးရော ရောသုပ်ရေးတတ် ကြတာက များပါတယ်။  ဂျာနယ် မဂ္ဂဇင်း တို့၌ ဆောင်းပါးရေးကြသူများတွင်လည်း စာရေးရတာပျော်ပြီး ရေးချင်ရာရေးနေ သူများ၊ တချို့က ၀မ်းရေးအတွက်ရေးသား နေသူများ၊ တချို့က ရည်ရွယ်ချက် တစ်ခု အတွက် ၀ါဒဖြန့်စာများကဲ့သို့ ရေးကြတာ တွေလည်း ရှိပါတယ်။ ဒီလို ပုံစံအမျိုးမျိုး ရှိကြတဲ့အတွက် စာဖတ်သူက အကဲဖြတ် တဲ့အခါ သူတင်ပြလိုတဲ့အယူအဆ ကောက်ချက်အတွက် ဘာအထောက် အထားပေးထားသလဲ ဆိုတာကိုပဲ ကြည့် ပြီး ယူသင့်တာယူ ပယ်သင့်တာပယ်ကြရ တာမျိုး ဖြစ်ပါတယ်။ သူတို့ပြောတိုင်း အမှန်ယူစရာ မလိုအပ်ပေ။ ကျမ်းကိုး ကျမ်းကားအနေဖြင့် ထင်ရှားကျော်ကြား သော ကျမ်းကြီး ကျမ်းခိုင်တို့ဖြင့် မည်မျှ လောက်များအောင် ဖော်ပြရေးသားထား သည်ဆိုစေ မှန်ပြီဟု လက်ခံယူစရာ မလို။ ခေတ်သစ်သမိုင်းပညာရဲ့ စံသဘောက ထိုသို့ မဟုတ်ပေ။ ထိုစာတို့ကို ထပ်မံ စီစစ်ပြီး ယုံကြည်လောက်စရာ ခေတ်ပြိုင် အထောက်အထားရှိပါမှ လက်ခံအတည် ပြုတာ ဖြစ်ပါတယ်။

ဆောင်းပါးဆိုတာက ဆောင်းပါး မျှလောက်သာ ဖော်ပြနိုင်တာပါ။ ဆောင်းပါးသည် ပညာရပ်ဆန်လွန်းနေ လျှင် ဖတ်ကောင်းအောင်ရေးရန် မလွယ် လှသဖြင့် အဆင်မပြေလှပေ။ သို့သော် လည်း နားလည်လွယ်အောင် ပေါ့ပေါ့ပါး ပါးဟန်ဖြင့် စိစစ်ပြီးသား အချက်အလက် မှန်များကို ချပြပြီး တွေးဆစရာ ပေးနိုင်ပါ တယ်။ ရာဇ၀င်လာမှန်သမျှ ကူးချပြီး လျှောက်ရေးနေရုံနှင့်တော့ သမိုင်းမဖြစ် လာနိုင်တာမို့ သမိုင်းဆောင်းပါး ရေးကြ တဲ့အခါ ထိန်းဆဆင်ခြင်ပြီး တင်ပြနိုင် ကြလျှင် သာ၍ကောင်းလာမှာ ဖြစ်ပါ တယ်။

တနင်္သာရီတိုင်းရဲ့ သမိုင်းကို ရေးကြ တဲ့အခါ ကျွန်တော်တို့ရဲ့ အားနည်းချက် လည်းဖြစ် အားသာချက်တစ်ခုအနေနဲ့ လည်းဖြစ်တဲ့ ရာဇ၀င်မှတ်တမ်း များများ စားစား မရှိတာမို့ အရမ်းအားစိုက်ပြီး ပင်ပန်းကြီးစွာ လိုက်စစ်နေရန်ပင် မလိုပါ။ အားသာချက်လို့ ပြောရတာက ရာဇ၀င်တွေကို အများကြီး စစ်ဆေးနေ ရာမလိုတော့ဘဲ မြေပြင်အထောက် အထားနဲ့ ပြည်တွင်းပြည်ပက ခေတ်ပြိုင် လောက်ကိုသာ စစ်ဆေးရတော့တာမို့ အငြင်းပွားစရာ ခေါင်းခဲစရာ နည်းသွား တာမို့ အားသာချက်အနေနဲ့လည်း ဖြစ်တယ် ပြောရတာပါ။

မြေပေါ်မြေ အောက်တွေ့ ပစ်္စည်းအထောက်အထားကို ရေးတဲ့အခါ ဆိုင်ရာပညာအကဲဖြတ် သဘောနဲ့ ဘယ်လိုပင် ကောက်ချက်ဆွဲ သည်ဆိုစေ ကောက်ချက်သာ မှန်တယ် မှားတယ်ရှိပြီး ပစ္စည်းကတော့ အဲသမိုင်း အထောက်အထား အမှန်စစ်စစ် အဆင့် ရောက်ပြီး ဖြစ်နေလို့ ဖြစ်ပါတယ်။ ရာဇ၀င်ရှိနေရင် ရာဇ၀င်နဲ့ လိုက်ညှိနေရ တာကိုက အလုပ်တခု ဖြစ်လာပါတယ်။

မရှိတော့ ဒီအဆင့်ကို လုပ်စရာ မလိုတော့ အေးတာပေါ့။ အငြင်းပွားစရာလည်း နည်းရော။ စာမှတ်တမ်းအနေနဲ့ များများ စားစား မရှိသလို အားလုံးဟာ ခေတ်ပြိုင် စာတွေ မဟုတ်ဘဲ နောက်ရေးရာဇ၀င် တွေချည်း ဖြစ်တာမို့ ရာဇ၀င်တွေကို စစ်ဆေးတဲ့အခါ အနီးစပ်ဆုံး ပြည်တွင်း မှတ်တမ်းတွေအနေဖြင့် မြန်မာရာဇ၀င် မွန်ရာဇ၀င် ယိုးဒယားရာဇ၀င်သမိုင်း စတာတို့လောက်နဲ့ တိုက်စစ်တာ တောင် ရာဇ၀င်အဆို မှန်/ မမှန် သိနိုင်တာဖြစ် ပါတယ်။ ကရင်ရာဇ၀င် ရခိုင်ရာဇ၀င် ရှမ်းရာဇ၀င် စတာတွေက မည်သို့ပင် ဆိုထားချေကာမူ ယင်းအဆိုတို့ မှား ကြောင်း စစ်ဆေးတင်ပြထားကြတာတွေ အများအပြားရှိနှင့်ပြီး ဖြစ်သလို စစ်ဆေး တင်ပြချက်များ မှန်ကန်ကြောင်း အတည်ပြု ထားကြပြီးလည်း ဖြစ်ပါတယ်။ ထပ်မံ စစ်ဆေးရန်ပင် မလိုတော့အောင် လုံလောက်ပြီး ဖြစ်ပါတယ်။

တနင်္သာရီသမိုင်းသစ်ကိုရေးကြတဲ့ အခါ ၀ါသနာရှင်အသီးသီး အနေနဲ့ မိမိ တို့ဒေသအသီးသီးမှ သမိုင်းအထောက် အထားများ စိတ်ဝင်စားဖွယ် ဒေသန္တရ သုတများကို မိမိတို့နားလည်သလို ရေးသားမှတ်တမ်းတင်ပြီး ဂျာနယ်မှဖြစ် စေ သက်ဆိုင်ရာ ပုဂ်္ဂိုလ်တို့ကို ပေးပို့ ခြင်းဖြင့်ဖြစ်စေ ၀ိုင်းဝန်းဖော်ပြ ဆောင်ရွက် ကြပါလျှင် နားလည်ကျွမ်းကျင်သော သုတေသီတို့မှ ယူသင့်တာယူ ပယ်သင့် တာပယ်ရင်း အချက်အလက်များများ စုဆောင်းမိကာ ခိုင်မာတဲ့ သမိုင်းတရပ်ဆီ လှမ်းတက်နိုင်မှာ ဖြစ်ပါတယ်။ နားလည် ကျွမ်းကျင်ကြတဲ့ သမိုင်းသုတေသီများ ကတော့  “မင်းဟာက ပုံပြင်တွေပါကွာ”ဆိုတာမျိုး  တစ်ပါးသူက လက်ညှိုးထိုးပြီး အဟားမခံရအောင် သမိုင်းစံ မူဘောင် အတိုင်း စနစ်တကျ ခိုင်မာတာတွေ လောက်ကို ယူဆတင်ပြကြမှာပဲမို့ နားလည်ပြီးသားသူတို့အတွက် အထူး ပြောစရာလည်း မလိုအပ်ပါ။

ဒေသသမိုင်းဆိုတာ အခြေခံအကျ ဆုံးဖြစ်ပါတယ်။ ဒေသသမိုင်းဟာ နိုင်ငံတော်သမိုင်းလည်း ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် လူများစုသည် အမေရိ ကန်အကြောင်း လကမ်္ဘာအကြောင်း စသဖြင့် ကမ္ဘာနှင့်ချီပြီး အာပေါင်အာရင်း သန်သန် ပြောတတ်ကြ သူများသော်လည်း မိမိရွာတွင် အိမ်ခြေဘယ်လောက်ရှိမှန်း မသိ လူဦးရေ ဘယ်လောက် ရှိမှန်းမသိ မိမိပတ်ဝန်းကျင်က လေ့လာမှတ်သား စရာများကို မှတ်သားထားဖို့လိုကြောင်း လည်းမသိ အမှုမဲ့အမှတ်မဲ့ ဖြစ်နေ တတ်သူတွေက များနေတာပါ။ အင်္ဂလန်လို နိုင်ငံမှာတောင် ကျေးရွာတိုင်းမှာ ကျေးရွာသမိုင်း ကျောက်စာတိုင်တွေ စိုက်ထူထားပြီး အစိုးရအစီအမံနဲ့ ကျောင်း သားတွေကို လေ့လာရေး လွှတ်ပေးတာ တွေ စဉ်ဆက်မပြတ် လုပ်ကြတာ ဖြစ်ပါ တယ်။ ကိုယ့်ကျေးရွာ ကိုယ့်ပတ်ဝန်းကျင် ကို တန်ဖိုးထားတတ်တာ ဂရုပြုတတ်တာ ဟာလည်း နိုင်ငံသားကောင်း ပီသတာ နိုင်ငံတော်ကိုအကျိုးပြုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့လည်း ဒါဟာ ငါတို့ တာဝန်ဆိုတဲ့ အသိစိတ်နဲ့ အထူးတလည်မဟုတ်ဘဲ နေ့တဓူဝ သွားလာလှုပ်ရှားရင်း အနည်းငယ် မျှ ဂရုစိုက်မှတ်သားပြီး ၀ိုင်းဝန်း မှတ်တမ်း ပြုပေးကြပါရင် တဖြေးဖြေးနဲ့ စိုပြေ ဝေဆာတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူ နိုင်မှာ ဖြစ်ပါတယ်။ သမိုင်းသုတေသီ တွေကိုသာ အားကိုးအားထားပြုပြီး ငါတို့နဲ့ မဆိုင်ဟုနေကြပါလျှင် ဘယ်သမိုင်း သုတေသီမှ နယ်စုံအောင် သွားနေနိုင်မှာ မဟုတ် ဒါကြောင့် ငါတို့လည်း လုပ်ဖို့လို တယ်ဆိုတဲ့ အသိစိတ်နဲ့ ရိုင်းပင်းကြမှသာ ပြည့်စုံလာမှာ ခိုင်မာလာမှာ ဖြစ်ပါတယ်။

ဒီစာဟာ တနင်္သာရီတိုင်းရဲ့ သမိုင်း အသစ် ရေးသားဖို့အတွက် ဒေသအသီး သီးမှ သမိုင်းပညာရပ်နဲ့ စိမ်းနေသေးတဲ့ ပုဂ်္ဂိုလ်များအတွက် ရည်ရွယ်တာမို့ ပညာ ရှင်များနဲ့ တတ်သိ နားလည်ထားပြီးကြသူ များက နားလည်ပေးနိုင်ကြဖို့ ရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။ ခေတ်သစ် သမိုင်း ပညာရပ်သဘောအရ သမိုင်း ဘယ်လိုရေးရတယ် ဆိုတာကို ပညာရပ် ဆန်ဆန် မဟုတ်ဘဲ အခြေခံပုံစံသဘော တင်ပြထားတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းရဲ့ သမိုင်းအကြောင်း စံချိန်မှီ ဒေါင်ဒေါင် မြည်ခိုင်မာတဲ့ သမိုင်းမှတ်တမ်း တစ်အုပ် မှ မထွက်ရှိထားသေးပေ။ ကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရေးသား မှတ်တမ်း ပြုနေကြသည် ဆိုသော်လည်း နေရာစုံ ကို မသွားနိုင်သဖြင့် အချက်အလက် စုံ လင်စွာ ဖော်ပြနိုင်ဖို့ မလွယ်ပေ။ တိုင်းတခု ဒေသတစ်ခု အနေဖြင့် နိုင်ငံတကာစံချိန်မီ တဲ့ တနင်္သာရီတိုင်းရဲ့ သမိုင်းသစ်ရေး သားချိန်လည်း တန်ပြီ။ ရှိသင့်ပြီ။ ရှိဖို့ လိုပြီမို့ အာဏာပိုင်များဘက်ကလည်း စိတ်ဝင်တစား ပံ့ပိုးကူညီ ပေးနိုင်ပါလျင် ကာလမကြာမီအတွင်း မာမာချာချာ စံချိန်မီတဲ့ သမိုင်းမှတ်တမ်းတစ်ရပ် ထွက်ပေါ်လာစရာ ရှိပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။      ။

             အာကာဖြိုး(ကံပေါက်)