တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် သတ်မှတ်ခြင်း လက်မခံဟုဆို

0
619

မြိတ်ခရိုင် တနင်္သာရီမြို့အား ရှေး ဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန် အဖြစ် သတ်မှတ်ထားသည်ကို လက်မခံ နိုင်ဟု တနင်္သာရီမြို့သူ/သားများက ပြောသည်။

ရှေးဟောင်းဇုန်သတ်မှတ်ထားခြင်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်၊ စည်ပင်ကော်မတီ၊ ထွေ/အုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲတစ်ခုကို မတ်လ ၁ ရက်က တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ရာ တက်ရောက်လာ သူ ၂၀၀ ဦး ကျော်အနက် အများစုက လက်မခံကြောင်း ပြောဆိုခဲ့ကြသည်။

“ရှေးဟောင်းမြို့ကို ဖျက်ဆီးနေတာ မဟုတ်ဘူး တနင်္သာရီမြို့က ဖိရိုးဖလာ အတိုင်း ရှေးဟောင်းအဖြစ်ရှိနေတာက လူတိုင်း သိပြီးသားပါ”ဟု ချောင်းကြီးရပ် ကွက်နေ ဒေါ်ရီရီအောင်က ဆိုသည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့က တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်က သတ်မှတ်ခဲ့သည်။

ဇုန်သတ်မှတ်ပြီး တစ်နှစ်ကျော်အကြာ မှ သဘောမတူ လက်မခံနိုင်ကြောင်း ပြောဆိုလာကြခြင်း ဖြစ်သည်။

နေအိမ်များ ပြင်ဆင် ဆောက်လုပ် ချိန်မှသာ ရှေးဟောင်းဇုန်အဖြစ် သတ်မှတ် ထားခြင်းနှင့် ဇုန်အတွင်းရှိ နေအိမ်များ တိုးချဲ့ဆောက်လုပ်ခွင့်မရှိသည့်အကြောင်း သိရသည့်အတွက် ဇုန်အဖြစ်သတ်မှတ် ထားသည်ကို လက်မခံနိုင်ကြောင်း ချောင်းကြီးရပ်ကွက်နေသူတစ်ချို့က ဆိုသည်။

“တချို့နေရာတွေဆို ဘာမှမရှိ တော့ဘူး။ ရှိတဲ့နေရာကို အဆင်ပြေအောင် ထိန်းသိမ်းတာ အကောင်းဆုံးပဲ”ဟု ချောင်း ငယ်ရပ်ကွက်နေ ဦးသန်းထွဋ်အောင်က ပြောသည်။

တနင်္သာရီမြို့ရှိ ရှေးဟောင်းနှင့် ပတ်သက်သည့် လက်ရှိရှိနေသည့် အုတ် မြို့ရိုးများအား သေချာထိန်းသိမ်းပြီး ကျန် သည့်နေရာတို့အား နေအိမ်များ ဆောက်လုပ်ခြင်းအတွက် နေရာလပ်များ ပေးထားစေချင်ကြောင်းဦးသန်းထွဋ်အောင်က ဆိုသည်။

နေအိမ်များ ဆောက်လုပ်ရာတွင် မြို့နယ်စည်ပင်ကော်မတီ၏ ခွင့်ပြုချက် ဖြင့် ဆောက်ရလုပ်ခြင်းမဟုတ်ပဲ တနင်္သာရီ တိုင်းဒေသကြီး ရှေး/သု ဌာနနှင့် သက်ဆိုင် ရာဌာနများသို့ အဆင့်ဆင့် တင်ပြနေရ ကြောင်း တွေ့ဆုံပွဲ တက်ရောက်လာသူတို့က ဆိုသည်။

ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန်အတွင်းရှိ နေအိမ်တို့သည် တိုးချဲ့ဆောက်လုပ်ခွင့် မရှိကြောင်းကို ပြီးခဲ့သည့်နှစ် မတ်လ ၂၉ ရက်က တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ်သည့် ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ချပြရှင်း လင်းခြင်း အခမ်းအနားတွင် ရှေးဟောင်းစု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကိုကိုနိုင်က ပြောကြားထားသည်။

“သိမှ မသိတာ။ ခုမှ သိရတာ” ဟု ချောင်းကြီးရပ်ကွက်နေ အသက် ၅၀ ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ရှေးဟောင်းဇုန်အဖြစ် သတ်မှတ် ထားသည်ကို မသိရခြင်းနှင့် နေအိမ်ဆောက် ခွင့်မရှိခြင်းတို့ကြောင့် မတ်လ ၁ ရက်တွင် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“တွေ့ဆုံပွဲရလဒ်ကတော့ ဇုန်အဖြစ် သတ်မှတ်တာကို သဘောမတူတဲ့ ဆုံးဖြတ် ချက်တစ်ခု ရတယ်” ဟု တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ရှေးဟောင်းဇုန်အား ပြည်သူလူထုမှ လိုလားခြင်း မရှိသည့်အတွက် ယင်းကိစ်္စ ကို လွှတ်တော်တွင်မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းစသဖြင့် တနည်း နည်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးရဲမြင့်ဆွေက ဆိုသည်။

 မြင့်မိုရ်(မြိတ်)