မြိတ်ရေသန့်စီမံကိန်း အမေရိကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံမည်

0
756

တနင်္သာရီမြစ်ရေရယူပြီး မြိတ်မြို့သို့ ရေသန့်ပေးဝေမည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌ ဦးလှသန်းက ပြောသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိ တက်ရုံးသစ်တွင် ဖေဖော်ဝါရီလ ၂၈ ရက် က ပြုလုပ်သည့် အများပိုင်ကော်ပိုရေးရှင်း လီမိတက်၏ စတုတ္ထကြိမ်မြောက် အစု ရှယ်ယာရှင်များ စုံညီအထွေထွေအစည်း အဝေး အခမ်းအနားတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ထိုင်းနိုင်ငံ Bright Blue Water Corporation Limited နှင့် မြိတ်အများပိုင်ကော်ပိုရေး ရှင်းတို့ ပူးပေါင်းပြီး လုပ်ကိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

တနင်္သာရီမြစ်ရေကို ရယူပြီး ရေသန့် အဖြစ် ဆောင်ရွက်ပြီးမှ ဖြန့်ဝေရန်စီစဉ် ထားကြောင်း မြိတ်အများပိုင်ကော်ပိုရေး ရှင်းမှ စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောဆိုထားသည်။

တနင်္သာရီမြို့နယ် မော်တုံးကျေးရွာ အနီးတွင် ရေချိုသိုလှောင်ကန်တည်ဆောက် မည်ဖြစ်ပြီး မြိတ်ကွန်ပျူတာ တက်္ကသိုလ် အနီးတွင် ရေသန့်စင်စက်ရုံတည်ဆောက် ကာ မြို့တွင်းရှိ နေအိမ်များအရောက် ရေများ ရယူသုံးစွဲနိုင်ရန် ဆောင်ရွက်ထား ကြောင်း စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင် က ပြောသည်။

စီမံကိန်းအကောင်အထည်ဖော်ရေး အတွက် လုပ်ကိုင်ခွင့်အား တိုင်းအစိုးရထံတင်ပြထားဆဲဖြစ်ပြီး ခွင့်ပြုချက်ရရှိပါ က တည်ဆောက်ရေးလုပ်ငန်းများကို တစ် နှစ်အတွင်း ဆောင်ရွက်သွားနိုင်ရန် မျှော် လင့်ထားကြောင်း ၎င်းင်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံးဖြစ်သည့် စီမံကိန်းဟု ဆိုနိုင် သော်လည်း စီမံကိန်းနှင့် အကျိုးသက် ရောက်မှုရှိနိုင်မည့် တနင်္သာရီမြို့ခံများအား ချပြရှင်းလင်းသင့်ကြောင်း တနင်္သာရီမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ဆိုသည်။

 မြင့်မိုရ်(မြိတ်)