တိုင်ကြားထားသည့် ကော့သောင်းလျှပ်စစ်ကိစ္စ တိုင်းလွှတ်တော်တွင် ကြားနာမည်

0
664

ကော့သောင်းမြို့နယ်တွင် ယခင်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခဲ့သည့် ကုမ္ပဏီက တိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သတ်ပြီး လာမည့် မတ်လ ၇ ရက်တွင် တိုင်းလွှတ်တော်က သက်ဆိုင်ရာတာဝန်ရှိသူများကို ခေါ်ယူကြားနာမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

ယခင်က ကော့သောင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့သည့် Green Power Myanmar ကုမ္ပဏီက လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်ဆိုင်သော ကုမ္ပဏီ(KDDPC) ကို တိုင်ကြားထားခြင်း ဖြစ်သည်။

Green Power Myanmar ကုမ္ပဏီပိုင် လျှပ်စစ်မီးကြိုး၊ မီးတိုင် စသည့် လျှပ်စစ်ပစ်္စည်းများကို KDDPC ကုမ္ပဏီက ယူသုံးနေသည်ဟုဆိုကာ တိုင်းလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူများ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ ကော်မတီကို တိုင်ကြားထားခြင်းဖြစ် ကြောင်း ဦးခင်မောင်အေးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး တိုင်းလျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာဌာနနှင့် သက်ဆိုင်ရာ ကုမ်္ပဏီတို့ ကိုခေါ်ယူကာ လွှတ်တော်က ခေါ်ယူကြားနာမည်ဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

“ဘယ်သူကမှား၊ ဘယ်သူကမှန်တယ်။ တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဘယ်လို ဆက်လုပ်ထားတယ်၊ တိုင်းလျှပ်စစ် ညွှန်မှူးက ဘယ်လိုလုပ်ထားတယ်၊ အဲဒါကို ကြားနာမှာ။ ဒီအချိန်မှာ ဘယ်သူမှားတယ်၊ မှန်တယ် ယူဆလို့ မရသေးဘူး”ဟု ၎င်းက ဆိုသည်။

တိုင်ကြားခံထားရသည့် KDDPC ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ ဦးအင်ရှိန်ကမူ လွှတ်တော်က ခေါ်ယူကြားနာမည့်ကိစ်္စကို မသိရသေးကြောင်းနှင့် လွှတ်တော်က ခေါ်ယူကြားနာပါလည်း ရင်ဆိုင်သွားမည် ဟု ဆိုသည်။

KDDPC ကုမ္ပဏီသည် ကော့သောင်း မြို့နယ်တွင် လျှပ်စစ်ဓာတ်အား တစ်ယူနစ် ၂၈၀ ကျပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးခွင့် တင်ဒါကို ၂၀၁၈ ခုနှစ်  ဇန်န၀ါရီလတွင် အောင်မြင်ခဲ့ပြီး ယင်းနှစ် ဖေဖော်ဝါရီလ တွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးခဲ့ သည်။

လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးချိန်တွင် တင်ဒါအောင်ဈေးနှုန်းဖြင့် မပေးဘဲ တစ်ယူနစ်ကို ၃၃၀ ကျပ်ဖြင့်ဖြန့်ဖြူးခဲ့ပြီး ၂၀၁၉ ခုနှစ် မေလတွင် တစ်ယူနစ် ၄၃၀ ကျပ်ဖြင့် ကောက်ခံလျက်ရှိသည်။

တိုင်းလွှတ်တော်က ကြားနာပွဲမှာ ရရှိလာသည့် အချက်အလက်များကို တိုင်းလွှတ်တော်ကို အစီရင်ခံစာတင်သွင်း မည်ဖြစ်ပြီး ယင်းမှတဆင့် တိုင်းအစိုးရကို အဆိုပါ အစီရင်ခံစာပေးပို့မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။

ကျော်သူစိုး