ဖြည့်စွက် ရန်ပုံငွေ ကျပ် ၈ ဘီလီယံကျော် တိုင်းလွှတ်တော် အတည်ပြု

0
508

တနင်္သာရီတိုင်း အစိုးရအဖွဲ့က တင် သွင်းထားသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ဖြည့်စွက် အဆိုပြု ရန်ပုံငွေ ၈ ဘီလီယံကျော်ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပ သည့် တိုင်းလွှတ်တော် ပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဖြည့်စွက်ငွေတွင် သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံး စရိတ်ဟု နှစ်မျိုးခွဲထားပြီး သာမန်အသုံး စရိတ်အတွက် ကျပ်သန်းလေးရာကျော် (၄၃၂.၆၄၇ သန်း)၊ ငွေလုံးငွေရင်း အသုံး စရိတ် ကျပ် ၈ ဘီလီယံကျော်(၈၃၈၅.၆၃၄ သန်း) ရှိကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီပွားရေးကော်မတီထံမှ သိရသည်။

ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပထမအများဆုံးတောင်းခံထားသည့်ဌာန မှာ လမ်ဦးစီးဌာနဖြစ်ပြီး ကျပ်သန်း ပေါင်း ငါးထောင်နီးပါး(၄၈၇၇.၈၅၀ သန်း)တောင်းခံထားကြောင်း  အထက်ပါ ကော်မတီထံမှ သိရသည်။

ဒုတိယအများဆုံးမှာ တိုင်းအစိုးရ အဖွဲ့ရုံးဖြစ်ပြီး ကျပ်သန်းပေါင်း နှစ်ထောင် နီးပါး(၁၈၃၆.၆၇၈ သန်း) တောင်းခံထား ကြောင်း ယင်းကော်မတီ၏ အစီရင်ခံစာ အရ သိရသည်။

တတိယ အများဆုံးတောင်းခံထား သည်ဌာနမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းဖြစ်ပြီး ကျပ်သန်းပေါင်း တစ်ထောင်ကျော် (၁၃၉၇.၃၂၀ သန်း) ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

တိုင်းလွှတ်တော်က အတည်ပြုထား သည့် ယင်းအဆိုပြု ဖြည့်စွက်ရန်ပုံငွေကို ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် တင်ပြပြီး ပြည်ထောင်စုလွှတ်တော်မှ စိစစ်ဖြတ်တောက်ကာ ထပ်မံအတည်ပြု ပေးမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီပွားရေးကော်မတီ အတွင်းရေးမှူး ဦးလှထွေးက ပြောသည်။

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့အချိန်ဆို အခု တင်ထားတဲ့ ငွေပမာဏအတိုင်း ဖြစ်မှာ မဟုတ်တော့ ဘူး။ အနည်းဆုံး ဘီလီယံချီဖြတ်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။       

Dawei Watch