နွေရာသီ ဘုန်းကြီးကျောင်းသား

0
594

ကျောင်းကြီး ပိတ်တော့မည်။

အတန်းတင် စာမေးပွဲကြီး နောက်ဆုံး ရက်၌ နောက်ဆုံးဘာသာကို ဖြေရသည် မှာ စာရသော်ရှိ မရသော်ရှိ အရသာတော့ အတော်ရှိလှသည်။ အနှီဘာသာဖြေပြီး၍ စာဖြေခန်းမှ ထွက်လျှင် သူငယ်ချင်းများနှင့် အချိန်းအချက်ပြုလုပ်ထားရာ ကျောင်း အ၀င်ရှိ ညောင်ပင်ကြီးဆီ သွားမည်။ လူစုံ လျှင်တော့ ချောင်းနံဘေးလော၊ ဥယျာဉ်ခြံ တစ်ခြံလော မသိသည့် တစ်နေရာရာ သို့သွား၍ တစ်ခုခု ၀ိုင်းလုပ်ကြမည်။ စာမေးပွဲ ပြီးဆုံးသည့် အထိမ်းအမှတ် ပေါ့လေ။ အများအားဖြင့်တော့ ရာသီပေါ် သရက်ကင်း၊ မရမ်းကင်း၊ ဇီးဖြူသီး၊ မာလကာသီးတို့ကို တွေ့ရာအပင်မှာ ခွင့်တောင်းခူးယူ၊ အသင့်ယူလာတဲ့ ငါးပိ ထောင်း၊ ဆား၊ သကြား ငရုပ်သီးတွေနဲ့ ချောင်းနံဘေး သစ်ပင်ရိပ်အောက်မှာ ၀ိုင်းထိုင်လုစားကြ၊ ရေကူးရင်းဆော့ကြ၊ အချိန်တန်လျှင် လူစုခွဲအိမ်ပြန်ကြ၊ ဒါပဲ ဖြစ်သည်။

ဒါသည်ပင် အတော်အရသာရှိခဲ့သော အမှတ်တရများ….။

ကျောင်းဖွင့်စဉ် ကာလတစ်လျှောက် သင်ခန်းစာများ၊ အိမ်စာများ၊ စာမေးပွဲများ နှင့်ချည်း နှစ်ပါးသွားရသဖြင့် ကျောင်းကြီး ပိတ်လျှင် အတော်ပင် ပျော်စရာကောင်း မည်ဟု ထင်မှတ်သော ကျွန်တော်သည် ကျောင်းပိတ်ပြီး နှစ်ပတ်လောက်ရှိလျှင်ပင် ကျောင်းပြန်ဖွင့် စေချင်နေတတ်ပြန်သည်။ အတန်းဖော် သူငယ်ချင်းများ၊ ဆော့ဖော် ဆော့ဖက်များနှင့် ပြန်တွေ့ကာ ဆော့ချင်၍ ပင်ဖြစ်သည်။ လူကြီးများကလည်း အခြား အိမ်သို့ ကျွန်တော်သွားဆော့သည်ကို မကြိုက်သဖြင့် အိမ်ထဲတွင် တွတ်ပီ၊ တာရာပွကြီး၊ သမိန်ပေါသွပ် စသည့်ကာတွန်း စာအုပ်များနှင့် ကုပ်နေရသည်နေရသည်က အများသား။

ကျောင်းဖွင့်စဉ်က စာနွှေးရန်၊ ကျောင်းချိန်မီရန် မနက်စောစော အိပ်ရာထ ဖို့ အားထုတ်ရသလောက် စိတ်ကြိုက် အိပ်ခွင့်ရသည့် ကျောင်းပိတ်ရက်များတွင်မူ နေ့ခင်းအထိ အိပ်ပစ်မည်ဟု ကြံရွယ်သော် လည်း အထမမြောက်ဘဲ မနက်စောစော များတွင် လန်းဆန်းစွာ အိပ်ရေး၀၀ နိုးနေတတ် ပြန်သည်။ သို့သော်လည်း မထသေးဘဲ သံဃာများ ဆွမ်းခံပြန်ချိန် မနက် ၆ နာရီ လောက်အထိ ကွေးရင်း မှေးနေရသည်မှာ အတော်ပင် ဇိမ်ရှိ၏။ ကျွန်တော့် မွေးရပ်တွင် သံဃာများ ဆွမ်းခံကြွလျှင် ဘွနေ်္တာ အစရှိသည် မအော်ဘဲ ကြေးစည်ငယ်ကိုသာ အဆက် မပြတ် တီးလေ့ရှိသည်။ အနှီ ကြေးစည်းသံ “တူးဝမ်းဝမ်း”သည်ပင်လျှင် ကျွန်တော်၏ အိပ်ရာထ အချက်ပေးသံ ဖြစ်နေပြန်တော့ သည်။ (ကြေးစည်ကို ကျွန်တော်တို့ ကလေးများက တူးဝမ်းဝမ်းဟု ခေါ်သည်။)

တစ်ခုသော မနက်ခင်းတွင် ကျွန်တော် သည် မနက်စောစော နိုးနေခဲ့သည်။  အဝေးမှ ကြေးစည်သံသဲ့သဲ့ကို နားထောင် နေရင်းမှ ကြေးစည်သံသည် အရှေ့အရပ်မှ တဖြည်းဖြည်း နီးလာကာ ကျယ်လာသဖြင့် မြို့တွင်းသို့ သံဃာများ ဆွမ်းခံကြွလာ သည်ဟု သိလိုက်သည်။ မေမေဆွမ်းထွက် လောင်းရန် လမ်းပေါ်သို့ ထွက်သွားသည် ကိုလည်း သိနေခဲ့သည်။ ကြေးစည်သံကို နားထောင် ကောင်းဆဲ၌ပင် လမ်းပေါ်သို့ တစ်ခုခုကျသွားသံ ကြားလိုက်ရသည်။ ကြေးစည်သံလည်း ခဏမျှ တိတ်သွား သည်။ ဆွမ်းလောင်းသူများ တီးတိုးပြောနေ ကြသည်။ ထို့နောက် ကြေးစည်သံ ပုံမှန်ပြန်ထွက်လာသည်။ စပ်စုချင်စိတ် ကြောင့် ကမန်းကတမ်း အိပ်ရာမှထကာ မျက်နှာပင်မသစ်သေးဘဲ ဆွမ်းလောင်းရာ မှ ပြန်လာသည့် မေမေ့ကို ဆီးမေးမိသည်။

“ မနေ့ကမှ ၀တ်တဲ့ ကိုရင်လေးလေ..၊ သပိတ်ကြီး လွတ်ကျတာ၊ ကော်သပိတ်ဆို တော့ ကွဲရော”

သပိတ်ဟုဆိုလိုက်သဖြင့် ကျွန်တော့် စိတ်ထဲတွင် ဘောလုံးကို ထက်ခြမ်းဖြတ် ထားသလို ပုံစံ၊ ခွက်မဲမဲကြီးကို မြင်မိကာ ကိုင်ရခက်မည်ဟု တွေးမိသည်။ ထို့နောက် ကျွန်တော်ပင် ထိုသပိတ်ကြီးကို ပိုက်ကာ မနက်ခင်း ဆွမ်းခံထွက်ချင်စိတ် ပြင်းပြ လာမိသည်။

။။                 ။။           ။

နေသားမကျသော နေရာသစ်တခု တွင် ကျွန်တော် အိပ်မပျော်နိုင်ဘဲ တောင်တွေး မြောက်တွေးဖြင့် အိပ်ရာအသစ်ပေါ်တွင် ယောင်တောင်တောင် ဖြစ်နေမိသည်။ မိမိ ဆန်္ဒပြည့်ဝပြီဖြစ်၍ ပျော်သလို မိသားစုဝင် များနှင့် မခွဲစဖူးခွဲရ၍ ၀မ်းနည်းသလို ဟာတာတာ ဖြစ်မိသည်။ ကိုယ့်အိမ်ကိုယ့် ရာ မဟုတ်ဟူသော အသိကြီးက ကျွန်တော့် ကို အားငယ်စေပြန်သည်။ ရွာဦးဘုန်းကြီး ကျောင်းတွင် ဘုန်းကြီးကျောင်းသားအဖြစ် ကျောင်းပိတ်ရက်များအတွင်း သွားနေချင် သည်ဟု မေမေ့ကို ပူဆာသောအခါ မေမေ့က ငြင်းသော်လည်း ဖေဖေကမူ ကျွန်တော်၏ ဆန်္ဒကို လိုက်လျောကာ ၀တ်ပြုကျောင်း ဆရာတော်ထံ အပ်နှံပေးခဲ့သည်။ “ဒင်..ဒင်..ဒင်”ရုတ်တရက် ထမြည်လာ သော ရှေးဟောင်းချိန်သီးနာရီကြီး၏ အသံက ကျွန်တော့်၏အတွေးစကို ဖြတ် လိုက်၏။ ည ၉ နာရီရှိပြီ။ ကျွန်တော့် နံဘေးတွင် ကျွန်တော်နှင့် မရင်းနှီးသေး သော ကျောင်းသားအချို့ အိပ်မောကျနေ ကုန်ပြီ။ အိမ်နှင့် အစစ ကွာလွန်းသည့် ကျောင်းဆောင်ကြီး၏ ကြီးမားသော သစ်တိုင်ကြီးများ၊ မျက်နှာကျက်များရှိ အလှူ့ရှင်နာမည်များကို ဘုရားခန်းမှ ဖယောင်းတိုင်မီး၏ မှုန်ပျပျအလင်းရောင် ဖြင့် လိုက်ဖတ်နေမိသည်။ မီးရောင်မှိန်မှိန် အောက်တွင် အရာရာသည် ၀ိုးတ၀ါး …။

။။          ။။           ။။

“ထ..ထ..”

တယောက်ယောက်က နှိုးသဖြင့် ကျွန်တော် ကမန်းကတမ်းထ လိုက်ရသော် လည်း အိပ်ချင်မပြေသေး။ ရာသီဥတုက အေးစိမ့်စိမ့်။ သူများတွေ အိပ်ရာသိမ်းသလို လိုက်သိမ်းပြီးနောက် ကိုယ်လက်သန့်စင် ရန် လုပ်ရသည်။ အပြင်မှာ မှောင်နေဆဲ။ အေးစက်စက် ကန်ရေနှင့် ထိလိုက်ရခြင်း ကြောင့် လန်းဆန်းသွားသည်။ “တူး.. ၀မ်း..၀မ်း”။ တစ်ယောက်ယောက်က ကြေးစည်ငယ်ကို အားပါးတရ ထုနေ သည်။ ကျောင်းဆောင် အသီးသီးရှိ ဦးဇင်း ကိုရင်များကိုနှိုးခြင်း ဖြစ်သည်။ ဖယောင်းတိုင် မီးရောင်အောက်တွင် အသီးသီး လှုပ်ရှားနေကြသည်။ လင်းကြက် တွန်သံ သဲ့သဲ့ကြားရပြန်သည်။ ကျောင်းသား အချို့ သပိတ်စင်တွင် သပိတ်အသီးသီး ရွေးယူနေကြပြီ။

ကျောင်းသားအစ်ကိုကြီးတစ် ယောက် က ငူငူကြီးရပ်နေသော ကျွန်တော့်ကို ခေါ်၍ “ရော့ ..ဒီသပိတ်ယူ၊ သေချာကိုင် နော်”ဟု ပြောကာ သပိတ်ကြီးတစ်လုံးကို ပေးသည်။ ကျွန်တော် အတော်ဝမ်းသာသွား မိသည်။ တောင့်တခဲ့သော ဆန္ဒသည်ဖြစ် လာခဲ့ပြီ။ သို့ရာတွင် သပိတ်ကြီးမှာ ကျွန်တော့် ခန္ဓာကိုယ်နှင့်စာလျှင် အတန်ငယ်ကြီး နေသည်။ ပြီးတော့ သပိတ်တွင် ကိုင်စရာ လက်ကိုင်လည်း မပါ။ ကိစ်္စမရှိ။ လက်နှစ် ဖက်ဖြင့် ပိုက်ထားမည်။ ဆွမ်းလောင်းလျှင် အဖုံးဖွင့်ပေးရဦးမည်။ လက်တဖက်တည်း နှင့် ဖြစ်ပါ့မလား။ သပိတ်ကို ကြာကြာ ပိုက်ထားနိုင်ပါ့မလား။ ဆွမ်းပူပူတွေ ကြောင့် သပိတ်ပူပြီး လက်ပူလာရင် ဘယ်လို လုပ်ရပါ့…. အစရှိသည့် စိုးရိမ်စိတ်များ တိုးလာချိန်တွင် “ ကိုင်း.. အဆင်သင့်ဖြစ် ရင် ထွက်ကြမယ်”ဟု မိန့်လိုက်သော ဦးဇင်းကြီးတစ်ပါး၏ အသံကြောင့် လန့် သွားမိ၏။ ကြေးစည်ခေါက်သော ကျောင်း သားငယ်က ရှေ့ဆုံးမှသွားပြီး ကျွန်တော် မူကား နောက်ဆုံးမှ လိုက်ခဲ့ရပေသည်။

ပထမဆုံး ဆွမ်းခံထွက်သောနေ့က ကျွန်တော်သည် သပိတ်လွတ်ကျခြင်း မရှိ အောင် ကိုင်တွယ်နိုင်ခဲ့သော်လည်း မညီမညာ ကျင်းချိုင့်များသော လမ်းတွင် ခြေဗလာဖြင့် လျှောက်ရခြင်းကြောင့် ခြေနာခြင်း၊ ဆွမ်းခံတန်း၏နောက်ဆုံးလူကို ဆွမ်းလောင်း သူများက ဆွမ်းများစွာ လောင်းလှူခြင်း ကြောင့် ခဏတွင်းပင် သပိတ်ပြည့်ကာ လေးလံစွာသယ်ရခြင်း၊ လွတ်ကျမည်စိုးကာ  သပိတ်ကြီးကို တင်းတင်းပိုက်ထားခြင်း ကြောင့် လက်ညောင်းခြင်း၊ ကျင့်သားမရ သေးသည့်ခြေလှမ်းကြောင့် ဆွမ်းခံတန်း နောက် မိမိတစ်ဦးတည်း နောက်ကျနေခဲ့ ခြင်း စသည့် အတွေ့အကြုံများကို ရရှိခဲ့တော့ ၏။ နောင်တွင် အကျင့်ရလာသောအခါ သပိတ်ကို ကျင်လည်စွာ ကိုင်တတ်လာ ခြင်းကြောင့် လက်မညောင်းတော့၊ ခြေလှမ်း လည်းမြန်လာသလို ခြေဗလာလည်း သွားတတ်လာသည်။ သို့သော် တခါခါ တွင် ဆွမ်းခံထွက်ရင်း အာရုံလွတ်သဖြင့် ခလုတ်တိုက်ခြင်း၊ ဆူးစူးခြင်း၊ ခွေးများ၏ အီးတုံးလေးများ၊ အန်ဖတ်များကို တက် နင်းမိခြင်းတည်းဟူသော မအီမသာဖြစ် ဖွယ် အတွေ့အကြုံများစွာကို လည်းကြုံ ခဲ့ရပါတော့သည်။

“ယသာ…ယသာ…နု…နု”

“ရပြီ..ရပြီ..တော်တော့”

“စာကျက်တယ်ဆိုတာ ကရားထဲ ကရေကို လောင်းချသလို မပြတ်ဆို နိုင်အောင် လုပ်ရတယ်။ အာဂုံရှိမှ အာဂ လူခေါ်တယ်ကွဲ့”

ဆရာတော်ရှေ့မှောက် ကျုံ့ကျုံ့ထိုင် ကိုယ်ကိုရှေ့သို့ကိုင်းလျက် ကြမ်းပြင် တွင် တံတောင်ထောက် ခေါင်းငုံ့ကာ ဆရာတော်သင် ပေးထားသည့် မေတ်္တာသုတ် အမွှန်း ပထမဆုံးအပိုဒ်ကို စာပြန်နေခြင်းပင်။ မည်မျှပင် ကျက်ထား သည်ဖြစ်စေ ဆရာတော့် ရှေ့ရောက်သည့် အခါ ကြောက်စိတ်ဝင်ကာ စာများကို မေ့စမြဲ၊ ထစ်ထစ် ငေါ့ငေါ့ဖြစ်စမြဲ။ ဆရာ တော့်ကုတင်နံဘေး နံရံတွင် ထောင်ထား သည့် ၅မူးလုံးလောက်ရှိသော ထားဝယ် ကြိမ်ကြီးနှင့် တနေ့နေ့တော့ မိတ်ဆက် ခံရတော့မည်ဟု တွေးကြောက်နေမိသည် မှာ ဆရာတော်ထံ စာပြန်လေတိုင်းပင်။ သို့သော်လည်း ဆရာတော်က ခွင့်လွှတ် နားလည် စိတ်ရှည်စွာပင် တစ်နေ့လျှင် တစ်ပိုဒ်နှုန်းဖြင့် မေတ္တာသုတ် တက်ပေးရာ ၁၂ရက်မြောက်တွင် ပြီးသွား၏။ ပါဠိစာ အရေးသတ်ပုံနှင့် အသံထွက်တို့မှာ မိမိနှင့် မရင်းနှီးသဖြင့် အတော်ပင် ကြိုးစားကျက် မှတ်လိုက်ရသည်။ နောင်တွင် ပါဠိစာနှင့် အတန်အသင့်ကျွမ်းဝင်သွားရာ ဆရာတော် ပို့ချပေးသော ဂုဏ်တော်များ၊ မင်္ဂလသုတ်၊ ရတနသုတ်၊ လောကနီတိ၊ ရှင်ကျင့်ဝတ် ၇၅၊ ပဋ္ဌာန်း စသည်တို့ကို လေ့လာကျက် မှတ်ရာတွင် လွယ်ကူလာတော့သည်။ မနက် ၈ နာရီနှင့် ည ၇ နာရီ ဆိုလျှင် ကျောင်းဝင်းထဲတွင် စာအံသံများ တစာစာ ထွက်ပေါ်နေတော့သည်။

 ။။             ။။        ။။ 

“ဂိုး….ဟေး ဟေး ယေး”

တပြိုင်နက်ထွက်ပေါ်လာသော အသံများကြောင့် ဘယ်အသင်းက ဂိုးသွင်းပါလိမ့်ဟု ကျောင်းပေါ်မှ လှမ်း ကြည့်မိ၏။ ဦးဇင်းကိုရင်များ အသင်းက ကျောင်းသားအသင်းကို ဂိုးသွင်းလိုက် ခြင်းပင်။ ကျောင်းဝင်းအလယ်ရှိ မြေ တလင်း ပြင်ကြီးတွင် ဘောလုံးကန် နေကြသည့် ဦးဇင်း၊ ကိုရင်နှင့်ကျောင်း သားတို့မှာ ချွေးတပြိုက်ပြိုက်နှင့် အပေါ်ပိုင်းဗလာ။ ဦးဇင်း ကိုရင်များက သင်းပိုင် ခါးတောင်းကျိုက်လျက်၊ ကျောင်းသားများကလည်း ဘောင်းဘီ တိုတွေနှင့် အားလုံးလွတ်လပ် အားရစွာ ကန်နေကြသည်။ လောင်းကြေးကတော့ သူတို့ဝေစုရထားသော မုန့်များ၊ အသီး အနှံများ သို့မဟုတ် ပန်းကန်ဆေးခြင်း၊ ကုဋီဆေးခြင်း၊ ကြမ်းတိုက်၊ တံမြက်လှဲ၊ အမှိုက်သိမ်း၊ ထင်းခွဲ၊ နေ့ခင်းဆွမ်းချိုင့်ဆွဲ စသည့် အလုပ်တာဝန်များလည်း ဖြစ်နိုင် သည်။

အများအားဖြင့် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသား၊ ဦးဇင်း၊ ကိုရင် များသည် နှစ်ယောက်၊ သုံးယောက်တစ်ဖွဲ့ ခွဲကာ အလှည့်ကျ အလုပ်တာဝန်များ ဆောင်ရွက်ကြသည်။ ထိုတာဝန်များ သည် ပုံသေမဟုတ် ပြောင်းလွယ်ပြင်လွယ် ဖြစ်ရာ အကယ်၍ ထိုတာဝန်များကို လောင်းကြေးထပ်ပါက ရှုံးသည့်ဘက်က သဘောတူထားသည်အတိုင်း အလုပ် တာဝန်များ လုပ်ဆောင်ရပေမည်။ သို့သော်လည်း ၀ိုင်းလုပ်ကြသည်သာများ ပါသည်။ တွက်ကပ်သည်၊ အငြင်းပွား သည်ဟူ၍ မရှိသလောက်ပါပေ။

  ။။            ။။       ။။

“ကလင်း..ကလင်း”

စူးရှရှခေါင်းလောင်းသံလေးမြည်သောအခါ ဆရာတော် သီတင်းသုံးသော ကျောင်းဆောင်သို့ ကိုရင်(သို့) ကျောင်း သား တစ်ယောက်ယောက် သွားရစမြဲ။ ဆရာတော်ကြီးသည် တစ်စုံတရာ ကိစ်္စကြီးငယ်ရှိလျှင် ခေါင်းလောင်း ကလေးကိုလှုပ်ကာ ခေါ်စမြဲ။ ကျွန်တော်တို့ ကျောင်းသားများ အရေးစိုက်ရသော အချက်ပေးသံ လေးမျိုး ရှိသည်။ ဆရာ တော် ခေါင်းလောင်းသံ၊ ဆွမ်းခံမထွက်မီ မနက်ခင်း ကြေးစည်သံ၊ မနက် ၉ နှင့် ညနေ ၄ နာရီ အုန်းမောင်းခေါက်သံနှင့် ဘုရားဝတ်တက်ရန် အချက်ပေးသော ညနေ ၆ နာရီခွဲ သံချောင်းခေါက်သံတို့ ဖြစ်သည်။ သံဃာတော်များ ဆွမ်းဘုဉ်း သည့်အခါတွင်မူ ကြေးစည်ကြီးကို တီးခတ် လေ့ရှိသည်။

ကျွန်တော်တို့ နှုတ်ဖျားတွင် ဘုရား၊ တင်ပါ့ဘုရား၊ တပည့်တော် ဟူသည်လေ့ နေသည်။ သာမဏေငယ်တစ်ပါးက ခေါ်သည်ဆိုစေဦး ဘုရားထူး၊ တင်ပါ့၊ တပည့်တော် အစရှိသဖြင့်သုံးနှုန်းကာ လက်အုပ်ချီလျက် ရိုသေဂါရ၀ထားကာ ဆက်ဆံကြရသည်။ ဤကား ကျောင်း၏ စည်းကမ်း ကျင့်ဝတ်ပင်။ ရိုင်းပြဆဲဆိုခြင်း စသည့် နှုတ်သရမ်းခြင်းကား ကြားရခဲဘိ ၏။ ကျောင်းပြန်ဖွင့်ခါနီး၍ ကျွန်တော် အိမ်ပြန်သောအခါ အဖွားက ကျွန်တော်၏ နာမည်ကိုခေါ်ရာ ကျွန်တော်က မဆိုင်း မတွပင် “ဘုရား” ဟု ပြန်ထူးသဖြင့် တစ်အိမ် လုံး ပွဲကျကုန်၏။ ထိုသို့လေ့နေသည်မှာ အချိန်အတော်ကြာသည်အထိပင်၊ ““တင် ပါ့ဘုရား””ဟူ၍လည်းကောင်း၊ ကိုယ့်ကို ကိုယ်““တပည့်တော်”” ဟူ၍လည်းကောင်း လေ့နေရာ မေမေကပင် “သားတော်” ဟူ၍ ကျီစယ်ခေါ်ဝေါ် လေ၏။ ဒါတွေသည်ပင် အမှတ်ရစရာတွေအဖြစ်ကျန်နေဆဲ။

ယခုမူ မွေးရပ်မြေသို့ ပြန်ရောက် သောအခါ အရာရာသည် ပြောင်းလဲလျက်။ ကျွန်တော်၏ဇာတိမြေတွင် တစ်ကျောင်း တည်းသာရှိ သော ထိုကျောင်းဝင်းကလေး တွင် သိမ်၊ ကျောင်း၊ တန်ဆောင်း၊ ဇရပ် တို့ကမူ ယခင်ထက် များပြားကောင်းမွန် လာသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရ၏။ သို့ရာတွင်  အုန်းမောင်းခေါက်သံ မကြား ရတော့။ ဆရာတော်ကြီးပင် အသက် အတော်ရနေလေပြီ။ သံဃာလည်း မရှိ သလောက်နည်းလှပြီ။ ကျောင်းသားပင် လျှင် မမြဲတော့။ မနက်ခင်းကြေးစည်သံ လည်း ပုံမှန်မကြားရတော့။ ကျောင်းကြီး သည် တိတ်ဆိတ်ငြိမ်သက်လွန်းနေတော့ သည်။ ကိုရင်လေးများ၊ ကျောင်းသားလေး များ၏ တစာစာ စာအံနေသံ မကြားရ တော့သည်မှာ ကြာခဲ့ပြီတဲ့လေ။ အရာရာ သည် အတိတ်ကလောက် မလှတော့ဟု ကျွန်တော် ခံစားရသည်။ ၆ တန်း ဖြေပြီး အရွယ် ကလေးဘ၀၊ နွေရာသီ ဘုန်းကြီး ကျောင်းဘ၀ကို ပြန်လည်တမ်းတ အောက်မေ့နေမိသော ကျွန်တော်သည်ပင် ထိုကျောင်းကလေးနှင့် ဝေးကွာခဲ့သည်မှာ ဆယ်စုနှစ်တစ်စု ကျော်ခဲ့ပြီကော။ ကာလ ယန်္တရား၏ ရွေ့လျားမှုအောက်ဝယ် အရာရာသည် ပြောင်းလဲခဲ့ပြီ။ ထိုအထဲ တွင် ကျွန်တော်ရော၊ ကျောင်းလေးပါ ပါသည်။ ခေတ်ကာလ၊ စနစ်တွေ၊ လူ တွေ၊ အတွေးအခေါ်တွေလည်း ပါသည်။ ကောင်းသော အပြောင်းလော၊ သိပ်မကောင်း သည့် အပြောင်းလောဟူ၍ မရေရာသည့် လောကကြီးတွင် အတပ်ပြောရန်တော့ ခက်လှသည် မဟုတ်လား။ ။

ဖိုးကြာရိုး