လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ မွန်လွှတ်တော် တိုက်တွန်း

0
691

မွန်ပြည်နယ်အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism CBT) ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်ပြီး  တိုက်တွန်းလိုက်သည်။

ပြည်နယ်အတွင်း CBT လုပ်ငန်း စတင်လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က အစီအစဉ်ချမှတ် ဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ယင်းအဆိုတင်သွင်းပြီး ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့ဘက်က CBT လုပ်ငန်းသည် (၁) ဒေသခံပြည်သူလူထု၏ စိတ်ပါဝင် စားမှု၊ (၂) အစိုးရအဖွဲ့၊ (၃) ရင်းနှီးမြှုပ်နှံ မှုနှင့် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းဆိုသည့် အဓိက အချက် ၃ ချက် ပြည့်စုံမှသာ ဖွံ့ဖြိုးနိုင်ကြောင်း အချက် ၃ ချက်စလုံးလို မလွှမ်းခြုံနိုင်သည့် အနေအထားကြောင့် CBT လုပ်ငန်းကို အကောင်အထည်ဖော်ရန် အဆင်မပြေနိုင် ဟု ဆွေးနွေးခဲ့သည်။

သို့သော်လည်း ပြည်နယ်အစိုးရက တင်ပြသည့် အချက် ၃ ချက်သည် CBT လုပ်ငန်း အကောင်အထည်ဖော်ရန် အတွက် အဓိက စိန်ခေါ်မှုမဟုတ်ကြောင်း ပြည်နယ်အစိုးရမှ လုပ်ချင်သည့်စိတ်ဆန္ဒ ရှိဖို့သာအဓိက ဖြစ်သည်ဟု အဆိုရှင် ဒေါက်တာအောင်နိုင်ဦးက ထောက်ပြထားသည်။

Dawei Watch