တိုင်းရင်းသားများ ဥပဒေပါ အခွင့် အရေးနှင့် ရပိုင်ခွင့် ရ /မရ စစ်တမ်း ကောက်မည်

0
823

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ ကရင်၊ မွန် တိုင်းရင်းသားများအနေဖြင့် ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရ /မရ စစ်တမ်းကောက်မည်ဖြစ်ကြောင်း တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီးရုံးထံမှ သိရသည်။

၂၀၁၅ ခုနှစ်တွင် ပြဠာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသား အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရ/မရကို စစ်တမ်းကောက်ယူမည် ဖြစ် ကြောင်း အထက်ပါရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မီမီကျော်က ပြောသည်။

၎င်းင်းအပြင် မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာရေးဆွဲရေးရာတွင် ထည့်သွင်းမည့် ဦးစားပေးဆောင်ရွက်ရမည့် အချက်များ ကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း ဒေါ်ဇင်မီမီကျော်က ပြောသည်။

“ဒီနှစ်မှာ စစ်တမ်းကောက်ဖို့ တိုင်းရင်း သားတွေ အနေများတဲ့ နေရာ ၄ နေရာကို ရွေးထားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနေရာများမှာ ထားဝယ်တိုင်း ရင်းသား အများစုနေထိုင်သည့် လောင်းလုံး မြို့နယ်၊ မြို့ဟောင်းကျေးရွာ၊ ကရင်တိုင်း ရင်းသား အများစုနေထိုင်သည့်  သရက်ချောင်း မြို့နယ် ပဒပ်ချောင်းကျေးရွာနှင့် မွန်တိုင်း ရင်းသား အများစုနေထိုင်သည့် ရေဖြူမြို့နယ် ရားဖူးကျေးရွာတို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ထားဝယ်၊ ကရင်၊ မွန် တိုင်းရင်သားများ စုပေါင်းနေထိုင်သည့် ထားဝယ်မြို့နယ် ၀ကုန်းကျေးရွာလည်းရွေးချယ်ထားပြီး  မြို့ဟောင်းနှင့် ၀ကုန်းတွင် စစ်တမ်းကောက်ယူခြင်း ပြီးစီးနေပြီဖြစ် ကြောင်း ၎င်းက ပြောသည်။

မတ်လ တတိယအပတ်တွင် ပဒပ် ချောင်းနှင့် ရားဖူးကျေးရွာတို့တွင် ဆက် လက် စစ်တမ်းကောက်ခံမည်ဖြစ်ကြောင်း ဒေါ်ဇင်မီမီကျော်က ပြောသည်။

ယင်းစစ်တမ်းတွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့် များ၊ တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူနေမှုဘ၀၊ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးစွမ်း ဆောင်ရည်ကို အသိအမှတ်ပြုရေး စသည့် အချက်အလက် ၅၀ ကို ကောက်ယူခြင်း ဖြစ်သည်။

ယင်းစစ်တမ်းမှ ရရှိလာသည့် အချက် အလက်များကို မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရ သည်။

ယင်းစစ်တမ်းကို နောက်နှစ်တွင် မြိတ်ခရိုင်အတွင်းကောက်ယူရန် လျာထား ကြောင်း အထက်ပါရုံးထံမှ သိရသည်။

ကျော်သူစိုး