ဇမ္ဗူသီရိအဖွဲ့ အခမဲ့ဆေးခန်း ယခုလကုန်ဖွင့်မည်၊ အသုံးမလို ပိုလျှံသည့် ဆေးများ လာလှူနိုင်

0
1286

ထားဝယ်မြို့ရှိ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ရုံးတွင်  အခမဲ့ဆေးခန်းကို ယခုလကုန်ပိုင်းတွင် စဖွင့်မည်ဖြစ်ပြီး အသုံးမလိုတော့သည့် ပိုလျှံဆေးဝါးများကို လှူဒါန်းနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အဆိုပါဆေးခန်းတွင် အထွေထွေ ရောဂါများကို ပြသကုသနိုင်မည့်အပြင် လိုအပ်သည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ ဥက်္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

အဆိုပါဆေးခန်းကို မွန်းလွဲ ၁ နာရီ မှ ညနေ ၃ နာရီအထိ နေ့စဉ်ဖွင့်လှစ် မည်ဖြစ်ပြီး လာပြသည့် လူနာများကို နှလုံးရောဂါ၊ ဆီးချို၊ သွေးချို၊ သွေးတိုး အစရှိသည့် အခြားကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ဦးနိုင်မျိုးသွင်က ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးစစ်ဆေး သည့် စက်ပစ္စည်းများရှိနေပြီဖြစ်ပြီး ကုသ ပေးမည့် ဆရာဝန်များနှင့်လည်း ချိတ်ဆက် ထားပြီးဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

“လာသမျှ အခမဲ့ကုပေးမယ်၊ တတ်နိုင် တဲ့ဆေးဆိုရင် လှူပေးမယ်၊ ဈေးကြီးတဲ့ ဆေးဆိုရင် လူနာရှင်တွေ ၀ယ်ရမယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေး နိုင်ရန် သုံးစွဲရန် မိမိလက်ဝယ်ရှိ သက်တမ်း မကုန်သေးသည့် အသုံးမလိုတော့သည့် ပိုလျှံဆေးဝါးများ ကိုလည်း လှူဒါန်းနိုင် ပြီး ဆေးပဒေသာပင် တစ်ပင်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့်လည်း လှူဒါန်းနိုင် ကြောင်း ၎င်းက ဆိုသည်။

ဇမ္ဗူသီရိအဖွဲ့ရုံးကို ထားဝယ်မြို့အခွန်လွတ်ဈေးအနီးတွင် ဖွင့်လှစ်ထားသည်။

ကိုဇော်