အားကစားရုံတွင်နေရသည့် ကျောင်းသားများအား ယခုလအတွင်း အဆောင်သစ်သို့ ရွှေ့မည်ဟုဆို

0
893

ထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်းရှိ အားကစားရုံကို အဆောင်အဖြစ် နေထိုင်နေရသည့် ကျောင်းသားများအား ယခုလအတွင်း အဆောင်အသစ်သို့ ပြောင်း ရွှေ့နေထိုင်စေမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးက ပြောသည်။

လက်ရှိဆောက်လုပ်နေသည့် သုံးထပ်အဆောင်မှာ ကိုးဆယ်ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

“ပြီးတာနဲ့ ပြောင်းပေးဖို့(ပညာရေး ကောလိပ် တာဝန်ရှိသူကို) မှာထားတယ်” ဟု ၀န်ကြီးဦးဟိုပင်က ဆိုသည်။

လက်ရှိတွင် ထားဝယ်ပညာရေး ကောလိပ် ကျောင်းသား ၅၂ ဦးသည် အားကစားရုံအတွင်း နေထိုင်နေရပြီး မိုးရာသီတွင် ယင်းအဆောင်တွင်းကို ရေ၀င်လေ့ရှိကြောင်း ပညာရေးဝန်ကြီး၏ ထားဝယ်ခရီစဉ်တွင် ယင်းကောလိပ် ကျောင်းသားများ သမဂ္ဂဒုဥက္ကဋ္ဌဟောင်းက တင်ပြဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီလ ၂၂ ရက် ပညာရေး ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ထားဝယ်တက်္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတွေ့ဆုံပွဲ တွင် ယင်းကျောင်းသားက တင်ပြဆွေး နွေးခဲ့ခြင်း ဖြစ်သည်။

ကျန်အဆောင်များတွင် ရေ၀င်လေ့ မရှိဘဲ ယင်းအဆောင်တစ်ခုသာလျှင် ရေ၀င်လေ့ရှိပြီး တစ်ခါတရံ ရေများသဖြင့် အဆောင်ပြောင်းနေထိုင်ရခြင်းများရှိ ကြောင်း ယင်းကောလိပ် ကျောင်းသားများ သမဂ္ဂဒုဥက္ကဋ္ဌဟောင်း ကိုဝေယံစိုးက      ပြောသည်။

“ပညာရေးဝန်ကြီးကတော့ ၀န်ကြီး ဦးဟိုပင်ကိုခေါ်ပြီး အားကစားရုံထဲက ကျောင်းသားတွေကိစ်္စကို အမြန်ဆုံးဖြေရှင်း ပေးဖို့မှာခဲ့တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်း ဆောက်လုပ်နေသည့်အဆောင် မှာ ကျောင်းသူ၊ ကျောင်သား ၁၅၀ ဆန့် အဆောင် ဖြစ်သည်။

ထားဝယ်ပညာရေးကောလိပ်တွင် ယခုပညာသင်နှစ်တွင် ပညာသင်ကြား နေသူ ကျောင်းသား၊ ကျောင်းသူ ငါးရာ ကျော်ရှိကြောင်း ယင်းကောလိပ်ထံမှ သိရ သည်။

အားကစားရုံတွင် ကျောင်းသားများ ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင် နေရာချထားခဲ့ကြောင်း ထားဝယ်ပညာ ရေးကောလိပ်ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ကျော်သူစိုး