နို့တိုက်မိခင်များ သွေးအားနည်းရောဂါ တနင်္သာရီတိုင်းတွင် အများဆုံးဖြစ်ပွား

0
517

နို့တိုက်မိခင်များတွင် သွေးအားနည်း ရောဂါဖြစ်ပွားမှုမှာ တစ်နိုင်ငံလုံးတွင် တနင်္သာရီတိုင်းက အများဆုံးဖြစ်နေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအထိ ကောက်ယူခဲ့သည့် အဏုအာဟာရ အခြေ အနေနှင့် အစာစားသုံးမှု အခြေအနေစစ်တမ်း အရ တနင်္သာရီတိုင်းရှိ နို့တိုက်မိခင်များ တွင် သွေးအားနည်းရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်နေခြင်းဖြစ်သည်။

စစ်တမ်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ်အားလုံး တွင် ကျပန်းကောက်ယူခဲ့ကြောင်း အထက်ပါဌာန လက်အောက်ရှိ မိခင် ကလေး၊ ကျောင်းကျန်းမာနှင့် အာဟာရ ဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ထွေးမြစိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် နို့တိုက်မိခင်သွေး အား နည်းရောဂါဖြစ်ပွားမှုမှာ တနင်္သာရီ တိုင်းက ၅၄ ဒဿမ ၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းတွင် ၄၅ ဒဿမ ၈ ရာခိုင်နှုန်း နှင့် ကချင်ပြည်နယ် တွင် ၄၂ ဒဿမ ၈ ရာခိုင်နှုန်းရှိကြောင်း  အထက်ပါ စစ်တမ်းတွင် ဖော်ပြသည်။

နို့တိုက်မိခင်များက အယူအဆအမှား များကြောင့် အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာ စားသုံးခြင်းကို ရှောင်လေ့ရှိ သည့် အတွက် သွေးအားနည်းရောဂါဖြစ် ပွားမှု များနေခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ဆိုသည်။

“ကလေးအတွက်လည်း နို့တိုက်ပြီး အာဟာရမျှဝေနေရလို့ အာဟာရပြည့်ဝတဲ့ အစာတွေကို စားသင့်တယ်”ဟု ၎င်းက ပြောသည်။

စစ်တမ်းကောက်ယူရာတွင် တနင်္သာရီတိုင်းအတွင်းရှိ နို့တိုက်မိခင် ၂၄ ဦးထံမှ ကောက်ယူခဲ့ကြောင်း အထက်ပါ စစ်တမ်းအရ သိရသည်။

အဏုအာဟာရ အခြေအနေနှင့် အစာ စားသုံးမှုအခြေအနေစစ်တမ်း ကောက်ကို တနင်္သာရီတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၀ ရွာတွင် ကောက်ယူ ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

စစ်တမ်းတွင် နို့တိုက်မိခင်များ အပြင် အသက် ၆ လမှ ၅၉ လအတွင်း (၅နှစ်အောက်) ရှိ ကလေး များ၊ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်သူမိခင်များကိုလည်း သွေးအားနည်းရောဂါဖြစ်ပွားမှု အခြေ အနေကိုလည်း ဖော်ပြထားသည်။

Dawei Watch