အဂတိစစ်ဆေးမှု တစ်လအကြာ လူထု ယုံကြည်မှု လျော့ကျလာ

0
1311

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC)၏ စစ်ဆေးမှု ၁ လခန့် ရှိလာပြီ ဖြစ်သည်။

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် လာရောက်စခန်းချကာ တနင်္သာရီတိုင်း ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့၏ အဂတိ လိုက်စားမှုကိစ္စ ဖေဖော်ဝါရီလဆန်းမှ စတင် စုံစမ်းစစ်ဆေးနေသည်မှာ မတ်လ ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

စစ်ဆေးမှု အချိန်ကြာလာသည်နှင့် အမျှ တနင်္သာရီတိုင်းသားတို့၏ ယုံကြည်မှု လျော့ကျလာသည်။

ACC အပေါ် ယုံကြည်မှု လျော့ကျ လာပြီး လက်ရှိ အစိုးရနှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပေါ်တွင်ပါ ယုံကြည်မှု လျော့ကျနေပြီ ဖြစ်ကြောင်း ACC ၏ ခေါ်ယူမေးမြန်း ခြင်းခံရသူတို့က ပြောကြသည်။

ယခုကဲ့သို့ စစ်ဆေးမှု ကြာမြင့်နေခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC)ကိုယ်၌က အဂတိ ကင်းပါရဲ့လားဟု လူထုကြား သံသယ ပိုကြီးထွားစေကြောင်း ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။

“ကြာနေတာနဲ့အမျှ အဂတိအဖွဲ့ပေါ်မှာ လူထုတွေ သံသယ ဖြစ်သွားနိုင်တယ်။ ခုလည်း တချို့လည်း သံသယ ဖြစ်နေကြပြီ၊ အစိုးရနဲ့ ပါတီပေါ်မှာလည်း ယုံကြည်မှု ပိုလျော့လာနိုင်တာပေါ့။ ဒါက စိတ်ပူစရာပါ”ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းမှုများအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC)အဖွဲ့သည် ဖေဖော်ဝါရီ လကုန်အထိ ထားဝယ်ဒေသခံများကို ခေါ်ယူ မေးမြန်းဆဲဖြစ်ပြီး မတ်လ ၂ ရက်အထိ ထားဝယ်မြို့တွင် ရှိနေဆဲဖြစ်သည်။

ကော်မရှင်(ACC)သည် ကနဦး တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများကို တိုင်ကြားထားသည့် ထားဝယ်နှင့် မြိတ်မှ ဒေသခံများကို ခေါ်ယူမေးမြန်းခဲ့သည်။

နောက်ပိုင်းတွင် ပတ်သက်ဆက်နွယ်နေသည့် ဌာနဆိုင်ရာများနှင့်စီးပွားရေးလုပ်ငန်းရှင်များ၊ အဂတိကိစ္စသိရှိနိုင် သည်ဟု ယူဆသူများကို ခေါ်ယူမေးမြန်း နေကြောင်း မေးမြန်းခံရသူများက ပြောကြသည်။

ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိကိစ္စ၊ GGS ကုမ္ပဏီ၏ လျှပ်စစ်ကိစ္စနှင့် တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်များချပေးသည့် ကိစ္စ၊ ကိုယ်ရေးအရာရှိနှင့် GGSကုမ္ပဏီ၏ဆက်နွယ်မှု၊ လေယာဉ်ကွင်း ခြုံရှင်းခ သိန်း ၄၀၀၀ သုံးစွဲခဲ့သည့်ကိစ္စ၊ သရက်ချောင်းငါးလေလံဈေးနှင့် အခြားအဂတိမြောက်နိုင်သည့်ကိစ္စများကို မေးမြန်းခဲ့သည်ဟု ထားဝယ်ဒေသမှ မေးမြန်းခံရသူတို့က ပြောသည်။

ကော်မရှင်(ACC)မှ ခေါ်ယူ မေးမြန်းသည့် ထားဝယ်ဒေသခံတိုင်းကို အထက်ပါ အချက်များသာ မေးမြန်းနေသည်ဟု ကြားသိရပြီး ယင်းမှာ မလိုအပ်ဘဲ အချိန်ဆွဲနေသည့်သဘော သက်ရောက်နေသည် ဟု  ဖေဖော်ဝါရီလ ၂၇ ရက်တွင်  ACC မှ ခေါ်မေးခံရသည့် ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသော်လွင်အောင်က ပြောသည်။

“သူတို့ သိသိကြီးနဲ့ လာစစ်တဲ့ပုံစံ အပေါ်မှာသိပ်ပြီးတော့ သဘောမကျဘူးပေါ့။ ကျွန်တော့်ကို မမေးခင်ကတည်းက တစ်ချို့လူတွေကData(အချက်အလက်) တွေပေးထားပြီး၊ ဖြေဆိုထားပြီးလို့ ဒီအချက် အလက်တွေက ပြည့်စုံနေပြီးသား။ ဒါကိုပဲ ထပ်ပြီးမေးနေတာကြီးက အချိန်ဆွဲနေတဲ့ ပုံစံမျိုးပေါ့ဗျာ”ဟု ကိုသော်လွင်အောင်က ဆိုသည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကိုလည်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စစ်ဆေးဆဲဖြစ်ကြောင်း ၀န်ကြီးချုပ်ကိုယ်တိုင် တနင်္သာရီအပတ်စဉ်သို့ ဖေဖော်ဝါရီ ၂၀ ရက်က ဖြေဆိုထားသည်။

မြိတ်ဒေသခံအချို့ကိုလည်း ထားဝယ်မြို့သို့ ခေါ်ယူမေးမြန်ခဲ့ရာ ၀န်ကြီးချုပ်ကိစ္စ အပြင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း ၏ လုပ်ဆောင်ချက်များကိုပါ မေးမြန်းခဲ့ကြောင်း ဖော်ဖော်ဝါရီလဆန်းက ACC ၏ ခေါ်ယူမေးမြန်းမှုခံရသည့် မြိတ်ဒေသခံတစ်ဦးက ပြောသည်။

မြိတ်တွင် ၀န်ကြီးချုပ်နှင့် ၀န်ကြီး ဦးဖြိုးဝင်ထွန်းတို့ လုပ်ခဲ့သည့် အဂတိ မြောက်နိုင်သည့် ကိစ္စများ၊ တင်ဒါနှင့် အခြားစီပွားရေးလုပ်ငန်းများ အပေးအယူ လုပ်ထားသည့်ကိစ်္စများ၊ တင်ဒါကိစ္စ မရိုးသားမှုများနှင့် တင်ဒါမခေါ်မီ၊  လုပ်ကိုင်ခွင့် မရသေးမီ ကြိုလုပ်ခွင့်ပေးထားသည့်ကိစ္စများ၊ ပိတ်ထားသည့် ငါးအမှုန့်ကြိတ်စက်ရုံကို နှုတ်မိန့်ဖြင့် ပြန်ဖွင့်ခိုင်းခြင်း စသည်တို့ကို အဓိကထား ပြောခဲ့ကြောင်း ယင်းမြိတ်ဒေသခံက ပြောသည်။

“အဂတိအဖွဲ့ကို လုံးဝ အားမရဘူး၊ ဒီလောက်ကြာအောင် စစ်ဆေးတာကို ကျွန်တော်တို့ အံ့သြလို့တောင် မဆုံးဘူး။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်မှာ (၀န်ကြီးချုပ်၊ ၀န်ကြီး)တွေကို အမြန်ဆုံးနည်းနဲ့ ဖြုတ်နိုင် ပြီးတော့ တနင်္သာရီတိုင်းမှာ ဘာဖြစ်လို့ လချီကြာနေရလဲဆိုပြီးတော့” ဟု ၎င်းက ပြောသည်။

ကော့သောင်း၊ ဘုတ်ပြင်းတို့ကလည်း ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့၏ လုပ်ရပ်အား တင်ပြလိုကြောင်း အဂတိကော်မရှင်ထံ ပြောသည်ကိုပင် လာစရာမလိုတော့ကြောင်း၊ ထားဝယ်နှင့် မြိတ်ကိစ္စ ဖြစ်ပင် လုံလောက်နေပြီဖြစ်ကြောင်း အဂတိအဖွဲ့က ပြန်ပြောခဲ့သဖြင့် တစ်ပတ် ဆယ်ရက်အတွင်း(ဒေါ်စု ခရီးစဉ်ပြီးပြီး ချင်း) ဆုံးဖြတ်ချက် ထွက်လာလိမ့်မည်ဟု ယုံကြည်မိခဲ့သည်ဟု ၎င်းက ဖွင့်ဟသည်။

“မြိတ်ဘက်မှာတော့ အခြေအနေ တော်တော် ဆိုးနေပြီဗျ၊ NLD ပါတီပုံရိပ် တအား ထိုးကျသွားတယ်။ လူတွေရဲ့ စိတ်တွေထဲမှာလည်း NLD အစိုးရလက်ထက် ဘာမှမထူးပါလား ဖြစ်နေတာပေါ့၊ လူတွေ တော်တော် စိတ်ပျက်ကုန်ပြီ။ အရေးယူမှုမရှိရင်တော့ ပါတီပုံရိပ် လုံးဝကို ထိုးကျသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ခေါ်ယူမေးမြန်းခံရသူအချို့ကမူ ကော်မရှင်(ACC)၏ မေးမြန်းစုံစမ်းမှုမှာ လာဘ်ပေးလာဘ်ယူမှု သက်သေ အထောက်အထား အထင်အရှားပြနိုင်မှ အဂတိမြောက်သည်ဟု သတ်မှတ်သကဲ့သို့ ဖြစ်နေပြီး ဒေသခံများ လက်လှမ်းမမီနိုင် သည့် ကိစ္စများကို လာရောက်စစ်မေးနေ သကဲ့သို့ဖြစ်နေကြောင်း ပြောကြသည်။

“လာဘ်ယူမှ အဂတိမြောက်တယ် ဆိုတော့ အခုလို လာမေးနေတဲ့အပေါ်မှာ အားမရဘူး။ အဂတိမြောက်တဲ့ကိစ္စတစ်ခု ကို မမြောက်တဲ့ပုံစံနဲ့ စစ်ချက်ယူနေတဲ့ သဘောမျိုးဖြစ်နေတယ်”ဟု ဖေဖော်ဝါရီ လလယ်တွင် ခေါ်မေးခံရသူတစ်ဦးက ပြောသည်။

အစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများအား တာဝန်သိသိဖြင့် တိုင်ကြားခဲ့သူများကို ပါတီနှင့် ACC က ယခုကဲ့သို့ အထပ် ထပ်အကြိမ်ကြိမ် ခေါ်ယူမေးမြန်းနေမှုကို ဒေသခံအချို့က မနှစ်မြို့ကြပေ။

“ရန်ကုန်မှာအစစ်ခံလိုက်၊ ထားဝယ် မှာအစစ်ခံလိုက် လုပ်နေရင်တော့ နောက်ထပ် မတိုင်ကြားရဲလောက်အောင်ကို ဖြစ်လာနိုင်တဲ့ အနေအထားမျိုးဖြစ်လာမယ်။ ဒါဆိုရင်ပြည်သူက အဂတိကော် မရှင်အပေါ် ယုံကြည်မှုရှိလာနိုင်ဦးမလား” ဟု မြိတ် ၈၈ ငြိမ်း/ပွင့် လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်က မေးခွန်းထုတ်သည်။

မြိတ်နှင့် ထားဝယ်မှ ဒေသခံတို့သည် ၀န်ကြီးချုပ်၊ ၀န်ကြီး ဦးဖြိုးဝင်းထွန်းနှင့် တိုင်းNLD ဥက္ကဋ္ဌ ဦးအောင်စိုးတို့ကို အဂတိလိုက်စားမှု၊ တာဝန်မကျေပွန်မှုတို့ ဖြင့် အရေးယူပေးရန် ဇန်န၀ါရီလကတည်းက တိုင်ကြားထားရာ တိုင်ကြားသူအချို့ကို ပါတီက ရန်ကုန်သို့ ခေါ်မေးခဲ့သေးသည်။

NLD ပါတီဗဟိုက ၀န်ကြီးချုပ်ကိစ္စ အဂတိသို့ လွှဲထားပြီး အဂတိ၏ စစ်ဆေး ပေါ်ပေါက်မှု ရလဒ်ကို စောင့်ဆိုင်းနေကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ ၀န်ကြီးချုပ် နှင့် ၀န်ကြီးအချို့၏ကိစ္စကို အဂတိကော် မရှင်က စစ်ဆေးနေပြီး အဖြေပေါ်လာပါက ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းတင်ပြ မည်ဟု တနင်္သာရီတိုင်းခရီးစဉ်တွင် ပြောဆိုထားသည်။

စစ်ဆေးမှု မည်မျှ ကြာမြင့်မည်ကို မည်သူမျှ ထုတ်မပြောကြပေ။

တနင်္သာရီအပတ်စဉ်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC)၏ ပြောရေးဆိုခွင့်ရှိသူအား ဖေဖော်ဝါရီလအတွင်း ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့တိုင်း ယင်းကိစ္စ ကော်မရှင်အနေ ဖြင့် ပြောစရာမရှိပါဟုသာ အကြိမ်ကြိမ်ပြန်လည် ဖြေဆိုခဲ့သည်။

စစ်ဆေးမှု အချိန်ကြာမြင့်လာသည် နှင့်အမျှ အဂတိကော်မရှင်အနေဖြင့်လည်းကောင်း၊ ပါတီအနေဖြစ်လည်းကောင်း၊ သမ္မတအနေဖြင့်လည်းကောင်း တစ်စုံတစ်ရာ အရေးယူလိမ့်မည်ဟူသော တိုင်းသား အချို့၏ မျှော်လင့်ချက်များ ယုတ်လျှော့ လာကြပြီ ဖြစ်သည်။

တချို့ကလည်း အရေးမယူလို၍ အချိန်ဆွဲကာ တိုင်းတွင်းသားများ မည်မျှ သိထားသည်ကို ကော်မရှင်(ACC)မှ သတင်းလာနှိုက်နေခြင်းသာ ဖြစ်သည်ဟု စကားနာ ထိုးလာကြသည်။

ယခုကဲ့သို့ အထပ်ထပ်စစ်ဆေးပြီးမှ အဂတိမမြောက်ဟုဆိုကာ အရေးမယူခဲ့ပါက တိုင်းဒေသကြီးလွှတ်တော်မှ တိုင်း အစိုးရအား အယုံအကြည်မရှိအဆို တင် သွင်းလာလိမ့်မည်ဟု မြိတ် ၈၈ မှ ဦးလှမော် က ယုံကြည်နေသည်။

“လွှတ်တော်တစ်ရပ်အနေနဲ့ အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းရမယ့် အချိန်ရောက်လာလိမ့်မယ်။ စွပ်စွဲအပြစ် တင်မှု လုပ်လိမ့်မယ်လို့ယုံတယ်” ဟု ဦးလှမော်က ဆိုသည်။

ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ကော်မရှင်(ACC)အနေဖြင့် ဆုံးဖြတ်ချက် မကြာသင့်ဘဲကြာနေပြီး အချက်အလက် အသေးစိတ်ကို တိတိကျကျ လိုချင်သဖြင့် စစ်ဆေးနေသည်ဟု ထင်ရ ကြောင်း ပြောသည်။

“သူတို့ရဲ့ ရလဒ်ပေါ်မှာ မူတည်ပြီး အခြေအနေကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့”ဟု ယင်းလွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ကော်မရှင်(ACC)မှ ခေါ်မေးခံရသည့် အထက်ဖော်ပြပါ မြိတ်ဒေသခံကမူ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းမှ ပြန်သွားသည့် တစ်လပြည့်ချိန် မတ်လ ၁၅ ရက်အထိ စောင့်ကြည့်ဦးမည်ဟု ဆိုလာသည်။

ထိရောက်စွာ အရေးယူလိမ့်မည်ဟု မျှော်လင့်ပြီး မျှော်လင့်သည်အတိုင်း ဖြစ်မလာပါက ဆက်လျှောက်ရန်လမ်း ကြောင်းများ စဉ်းစားထားပြီးဖြစ်ကြောင်း၊ မြိတ်လူထုနှင့်တိုင်ပင်ဆုံးဖြတ်ထားခြင်းမျိုး မဟုတ်သဖြင့် စဉ်းစားထားချက်ကို ထုတ်မပြောလိုသေးကြောင်း ယင်းမြိတ် ဒေသခံက ပြောသည်။

“ကျွန်တော်တို့ ထပ်လုပ်မှာပါ။ လွယ်လွယ်နဲ့ အလျှော့ မပေးပါဘူး။ ဒီလိုမျိုးလုပ်လို့ရရင် နောင်လာနောင်သား နိုင်ငံရေးသမားအားလုံးက ဒီလိုပဲ လုပ်စား ကုန်မှာ ကြောက်တယ်”ဟု ၎င်းက ဆို သည်။    ။

Dawei Watch