အစားအသောက်နှင့် အလှကုန် ပစ္စည်းများကို ရွေ့လျားဓာတ်ခွဲကားဖြင့် တစ်လနှစ်ကြိမ် စစ်ဆေးမည်

0
660

တနင်္သာရီတိုင်းသို့ ခွဲဝေချထားပေးသည့် ရွေ့လျားဓာတ်ခွဲကားဖြင့် အစားအသောက်နှင့် အလှကုန်ပစ်္စည်းများကို စားသုံးရန် သို့မဟုတ် သုံးစွဲရန်မသင့်သည့် ဓာတုပစ္စည်း ပါဝင်ခြင်းရှိ/မရှိကို ဓာတ်ခွဲနိုင်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာန(FDA) ထံမှ သိရသည်။

ရွေ့လျားဓာတ်ခွဲကားဖြင့် ဓာတုပစ္စည်း အမျိုးအစားပေါင်း တစ်ဆယ်ကျော်ကို ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးနိုင်မည်ဖြစ်ပြီး အဆိုပါ ကားကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် လက်ခံရရှိခဲ့ကြောင်း FDA တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံဖြစ်သူ ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။

အထက်ပါကားဖြင့် တိုင်းအတွင်းရှိ စည်ပင်သာယာဈေးများတွင် ရောင်းချနေသည့် အစားအသောက်နှင့် အလှ ကုန်ပစ္စည်းများကို တစ်လလျှင် အနည်းဆုံးနှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ငပိ၊ လက်ဖက်၊ ခေါက်ဆွဲခြောက်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ပဲပြား၊ ရေသန့်၊ ရေခဲ၊ အလှကုန်ပစ္စည်း အစရှိ သည့် ပစ္စည်းများတွင် ခွင့်ပြုဓာတုတာ ရှည်ခံပစ္စည်း၊ ခွင့်မပြု တာရှည်ခံပစ္စည်းများ ပါဝင်မှုကို ဓာတ်ခွဲစစ်ဆေးနိုင်မည် ဖြစ်ကြောင်း ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။

“တိုင်းထဲမှာရှိတဲ့ မြို့ကြီးတွေကို သုံးလတစ်ကြိမ် သွားစစ်ဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ရွေ့လျားဓာတ်ခွဲကားများကို တိုင်းနှင့် ပြည်နယ်တစ်ခုလျှင် တစ်စီးကျ ခွဲဝေပေးခဲ့ခြင်းဖြစ်သည်။

ကိုဇော်