ရေထွက်ပစ္စည်း အရနည်းလာခြင်းကြောင့် ဆလုံအိမ်ရှင်မအချို့ ကုန်းပေါ် အလုပ်ပြောင်းလုပ်လာ

0
824

ပင်လယ်ပြင်မှရရှိသည့် ရေထွက် ပစ္စည်းများ အရနည်းလာခြင်းကြောင့် ဆလုံတိုင်းရင်းသူအိမ်ရှင်မအချို့ ကုန်းပေါ်ရှိ အလုပ်များပြောင်းလုပ်လာကြကြောင်း ဆလုံတိုင်းရင်းသူအချို့နှင့် ဆလုံ ကျေးရွာများတွင်နေထိုင်သူများက ပြောသည်။

ယခင်က ဆလုံအိမ်ရှင်မများသည် လင်ယောက်ျားနောက်သို့လိုက်ကာ ရေအောက်ကျောက်ဆောင်များကြားတွင် ကျောက်ပုစွန်ငုပ်ခြင်း၊ မျှော့ငုပ်ခြင်းနှင့် ပငိုရှာခြင်း စသည့် လုပ်ငန်းများကို လိုက်ပါကူညီ လုပ်ကိုင်ကြခဲ့ကြကြောင်း ၎င်းတို့ထံမှ သိရသည်။

သို့သော် ယခုအချိန်တွင်မူ ရေထွက်ပစ္စည်းများအရနည်းလာသည့်အတွက် ဆလုံတိုင်းရင်းသူအိမ်ရှင်မများမှာ အခြား တိုင်းရင်းသားများ စိုက်ပျိုးထားသည့် ဥယျာဉ်ခြံများတွင် ကွမ်းသီးကောက်ခြင်း၊ ကွမ်းသီးထုခြင်း စသည့် လုပ်ငန်းများနှင့် ကုန်စုံဆိုင်များတွင် အောက်ခြေသိမ်း အလုပ်များ စသဖြင့် ကုန်းပေါ်ရှိအလုပ်များ ကို လုပ်ကိုင်လာကြကြောင်း ၎င်းင်းတို့က ဆိုသည်။

ယခင် ၃ နှစ်ခန့်က  တစ်ပတ်ခန့်အကြာလှေတစ်ခေါက်ထွက်ပြီးပြန်လာ ချိန်တွင် ငွေကျပ်တစ်သိန်းမှ နှစ်သိန်း အကြားရလေ့ ရှိသော်လည်း လက်ရှိတွင် တစ်ခေါက်လျှင် တစ်သောင်းကျပ်၊ နှစ်သောင်းကျပ် သာရရှိတော့ခြင်းကြောင့် အိမ်ရှင်မတချို့မှာ လင်ယောက်ျား နောက်သို့ မလိုက်တော့ဘဲ ကုန်းပေါ်အလုပ် လုပ်ကိုင်နေရခြင်းဖြစ်ကြောင့် ဒုံးပလဲအော်ကျေးရွာအနေ အသက် ၂၃ နှစ်အရွယ် ဆလုံတိုင်းရင်းသူ မ၀င်းနွယ်က ပြောသည်။

“စားဝတ်နေရေးကအရင်ကလို အဆင်မပြေတော့ ဒီလိုပဲကြုံရာအလုပ် လုပ်နေရတာပေါ့”ဟု  မ၀င်းနွယ်က ဆိုသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်ကအထိ ဆလုံတိုင်းရင်းသားများမှာ စားဝတ်နေ ရေးပြေလည်ခဲ့ကြသော်လည်း လက်ရှိတွင်မူ နေ့စဉ်စားသောက်ရန်ပင် အနိုင်နိုင် ဖြစ်နေသည်ဟု ဒုံးပလဲအော်ကျေးရွာ ဆလုံကုန်းအနီး ကုန်စုံဆိုင်ရောင်းချနေသည့် ဗမာအမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က မိသားစုအလိုက် ပင်လယ်ထဲသို့ထွက်ကြလေ့ရှိသော်လည်း လက်ရှိတွင် ရေထွက်ပစ္စည်းအရနည်းလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ကလေးငယ် များကျောင်းတက်လာကြခြင်းတို့ကြောင့် လင်ယောက်ျားဖြစ်သူတစ်ဦးသာ ပင်လယ် ထဲသို့ထွက်ပြီး ဆလုံအိမ်ရှင်မအချို့ ကုန်းပေါ် အလုပ်ပြောင်းလုပ်လာခြင်း ဖြစ်ကြောင်း ဆလုံတိုင်းရင်းသူအချို့ထံမှ သိရသည်။

ဆလုံတိုင်ရင်းသားများနေထိုင်သည့် ပရောဝါးရွာနှင့် ဒုံးညောင်မှိုင်းရွာ တို့တွင်လည်း အိမ်ထောင်ရှင်မတစ်ချို့မှာ အခြား တိုင်းရင်းသားများလုပ်ကိုင်သည့် ဥယျာဉ်ခြံမြေများတွင် ကွမ်းပင်စိုက်ခြင်း၊ ကွမ်းသီး၊ အုန်းသီးကောက်ခြင်း စသဖြင့် ကုန်းပေါ် အလုပ်များ လုပ်ကိုင်နေကြရသည်ဟု ပရောဝါးကျေးရွာဒေသခံဆလုံ တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဒေါ်လ်ပိုင်းက ပြောသည်။

“ပင်လယ်ပြင်ကြီးကို အားကိုးလို့ မရတော့ဘူးဆိုတာ သူတို့သိလာကြတယ်။တစ်ဖက်ကပြန်ကြည့်ရင် ဆလုံလူမျိုး တိုးတက်ရေးအတွက် ဒါကောင်းတဲ့အချက်ပဲ”ဟု ၎င်းက ဆိုသည်။

အခြားသူများထံတွင် လုပ်ရသည့်အတွက် မျက်နှာငယ်သောကြောင့် ကိုယ်ပိုင် ဥယျာဉ်ခြံရှိပါက စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း မ၀င်းနွယ်က ဆိုသည်။

“မော်ကင်း(ဆလုံ)မှာ လုပ်စရာဆို ဒီပင်လယ်ပဲရှိတယ်လေ။ သူများလို အလုပ်လုပ်စရာ ဥယျာဉ်က မရှိဘူး”ဟု ၎င်းက ပြောသည်။

ဆလုံတိုင်းရင်းသားများနေထိုင်သည့် ကျွန်းများတွင် ဥယျာဉ်ခြံလုပ်ငန်းများကို ကရင်တိုင်းရင်းသားများက အဓိက လုပ်ကိုင် ကြပြီး ဆလုံများကမူ ပင်လယ်ပြင်တွင် ကင်းမွန်၊ မျှော့၊ ကျောက်ပုစွန် စသည့် ရေထွက်ပစ္စည်းများရှာဖွေသည့်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

ကိုဆန်း