မီးနေ ဓလေ့

0
148

ဓလေ့များသည် ကောင်းခြင်း၊ ဆိုးခြင်းနှင့် အတူ လူ့အဖွဲ့အစည်းအတွင်းစိမ့်ဝင် ဖြစ်တည်နေလေ့ရှိသည်။

မီးနေဓလေ့သည်လည်း ထိုနည်းလည်းကောင်းပင်။

ဆေးပညာ ဖွံ့ဖြိုးလာသည့်၊ ဒေသ အများအပြားသို့ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံလာနိုင်သည့်၊ လမ်းပန်းဆက်သွယ်ရေး ကောင်းလာ သည့် ယနေ့ကာလတွင် မိရိုးဖလာ မီးနေသည့် ဓလေ့များက လွှမ်းမိုးနေဆဲ ဖြစ်သည်။

ရှေးဆိုရိုးတစ်ခု ရှိပါသည်။

“ယောက်ျား ဖောင်စီး၊ မိန်းမ မီးနေ”

ယောက်ျားများသည် ဖောင်စီးကာ ရေလမ်းခရီး သွားရသည့်အချိန်တွင် အသက်အန္တရာယ်နှင့် အနီးဆုံးဖြစ်ပြီး၊ မိန်းမများသည် ကလေးမွေးသည့်အချိန် နှင့် ကလေးမွေးပြီးမီးနေသည်ဘ၀သည် အသက်အန္တရာယ်နှင့် အနီးဆုံး ဖြစ်ကြောင်း ဆိုစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။

မီးဖွားမည့် မီးနေသည်လောင်းတို့ကား ဗိုက်ကြီးသည်ဘ၀ကတည်းက “သင်္ချိုင်းကုန်း တစ်နေ့ ၃ ခါ မျက်စောင်း ထိုးနေကြရသည်” ဟုပင် ဆိုရိုးရှိခဲ့သည်။

ထို့ကြောင့် ကလေးမွေးပြီး မီးနေသည် ဖြစ်လာမည့် အမျိုးသမီးတို့အတွက်လည်း ကိုယ်စိတ်နှစ်ပါး လုံခြုံမှုရှိစေရန် မီးဖွားရန် သုံးလေးလအလို ဗိုက် ၆ လသား အရွယ်ခန့်မှစ လိုအပ်သည့်ပစ္စည်းများ စုထားကြ တတ်သည်။ အဓိက ရှာဖွေစုဆောင်း ထားရသည်က ထင်း၊ နနွင်း၊ ငရုပ်ကောင်း နှင့် ဟင်းချိုတွင်ထည့်မည့် ငါးကင်ခြောက် (ထားဝယ်အခေါ် ဟမ်းဗျိုးဇာ)၊ ဆေးဖက်ဝင် အရွက်များနှင့် ဗမာဆေးပူများ။

ကလေးမွေးပြီးလျှင် ကလေးရော မိခင်ရော နွေးထွေးစွာ နားနေရန် မီးနေ ခန်းကို ပြုလုပ်ရသည်။ ထိုအခန်းထဲမှ ၇ ရက်(တစ်ပတ်) မပြည့်မချင်း အပြင်မ ထွက်ရ။ အခန်းထဲ မီးဖိုထားကာ အနည်း ဆုံး ၇ ရက် မီးလှုံရသည်။ ထိုအတွက် အညှော်နံ့ လုံးဝမထွက်သည့် မြယာ၊ မန်းကျီး စသည့်အပင်မှ ခြေသလုံးခန့် အကိုင်းအခက်များကို ထင်းအဖြစ် တစ် တောင်ခန့်စီဖြတ်ကာ ကြိုစုကြရသည်။ ထိုထင်းကို သေချာဂနစွာ သိမ်းထားတတ် ကြသည်။

“အဖွားတို့က အဲဒီထင်းတွေကို လှေကားအောက်မှာ ဆီးပင်ကိုင်းအခက်တွေကို အုပ်ပြီးသိမ်းထားလိုက်တယ်။ မကောင်း ဆိုးဝါးတွေ မပါလာနိုင်အောင်ဆိုပြီး ဆီးပင်တွေ အုပ်ထားတာ။ မီးမဖွားမချင်း အဲဒီဆီးပင်တွေ မဖယ်ပစ်ရဘူး”ဟု လောင်းလုံးမြို့နယ် ကမြောကြီးကျေးရွာမှ အသက် ၇၉ နှစ် ဒေါ်စိန်မြက ပြောသည်။

မီးနေသည်ဘ၀ဖြင့် မီးနေခန်းထဲ နေစဉ်အတွင်း “အုတ်ပူ”ထိုးရသည်။

အုတ်ပူဖြစ်လာမည့် တိုက်အိမ် ဆောက်ရာတွင် အသုံးပြုသည့် အုတ်နီခဲကို အလုံးဖြစ်အောင် သွေးရသည်။ သွေးထားသော အုတ်ခဲလုံးကို မီးနေခန်းထဲက မီးဖိုတွင် မီးဖုတ်ရသည်။ ပူရဲလာလျှင် ရေအေးဇလုံထဲ ထည့်လိုက်သည်။ အသားကို အထိခံနိုင်သည့် အနေတော်ပူနွေးချိန်တွင် ဆယ်ယူ၍ အ၀တ်သန့်သန့်ဖြင့်ထုပ်ကာ မီးနေသည်တစ်ကိုယ်လုံး အုတ်ပူထိုးရ သည်။

“အတက်အကျင်၊ ညောင်းညာကိုက် ခဲတာကို ပျောက်စေတယ်။ အဖွားမီးဖွား တုန်းက အုတ်ပူထိုးထားလို့ အခုချိန်အထိ ညောင်းညာကိုက်ခဲတာ တစ်ခါမှမဖြစ် ဘူး” ဟု ဒေါ်စိန်မြက ပြောသည်။

ယင်သို့ အုတ်ပူထိုးခြင်းက ပူဖောင်းခဲ့သည့် ၀မ်းဗိုက်သားရေများနှင့် ပွနေသည့် အသားများ ပြန်ကျစ်ခြင်းအကျိုးလည်း ဖြစ်စေသည်ဟု ဆိုကြသည်။

တချို့မီးနေသည်များက အုတ်ပူကို စောင်ခေါင်းမြီးခြုံထဲထည့်အိပ်ကာ အုတ် ပူငွေ့လှုံကြသည်။ တစ်လ၊ ၄၅ ရက်အထိ ယင်းသို့ အုတ်ပူလှုံသူတို့ ရှိသည်။

“အုတ်ငွေ့ကို စောင်ခေါင်းမြီးခြုံပြီး မီးနေတာပေါ့၊ အသားအရေတွေ ပွလာတာ သွေးပုပ်၊ ချွေးပုပ်တွေ မကျန်ရလေအောင် အုတ်ငွေ့ခံပြီး မီးနေတာပေါ့”ဟု ထားဝယ် မြို့၊ ဘုံမ္မော်ရပ်၊ ကျန်းမာရေးလမ်းနေ အသက် ၆၁ နှစ်အရွယ် ဒေါ်မြကြည်က ပြောသည်။

မီးနေသည်အတွက် အစားအသောက်တွင် အဓိက ပါဝင်သည်က ငရုပ်ကောင်း။ ဗူးသီးဟင်းချို၊ မြင်းခွာရွက်ဟင်းချိုတို့တွင် ငရုပ်ကောင်းကို မဖြစ်မနေ လှော်ထောင်းကာ ထည့်တိုက်ကြသည်။ အဓိက မိခင်နို့ ရည် အထွက်တိုးစေရန်နှင့် သွေးသား ပူနွေးနေစေရန် ဖြစ်သည်။

တချို့က ထိုဘူးသီး၊ မြင်းခွာရွက် ဟင်းချိုများတွင်ထည့်ရန်အတွက် မီးနေသည်စား၍ရသော စလွယ်၊ ကြာရွက် ကဲ့သို့သော ငါးမျိုးကို ထည့်ပေးကြသည်။

ထိုငါးများ မီးနေသည်ကာလတွင် အလွယ်တကူ ၀ယ်မရမည်စိုးသဖြင့် တချို့က စလွယ်ငါးကို ကင်ပြီး အရိုးနွင် အခြောက်လှန်းကာ ဗူးထဲထည့် သိမ်းထား တတ်ကြသည်။ မိုးတွင်းဆိုလျှင် မီးခိုးစင်တွင် ကြပ်တင်ကြသည်။

ငါးရံ့ခြောက်ကဲ့သို့သော သွေးမတက် သည့်ငါးများကို အခြောက်လှမ်းကာ စု ထားပြီး မီးနေသည်အား မီးဖုတ်ဆီဆမ်း ကျွေးကြသည်။ ကြက်ပေါင်ဟင်းချို၊ ကြက်ကြော်၊ အမဲကြော်တို့ကိုလည်း အားရှိ စေရန် ကျွေးကြသည်။

ကျွေးသမျှ အစားအသောက်သည် သွေးတက်စာ မဖြစ်စေရ။ အထူးသဖြင့် ငရုပ်ကောင်းက မလွတ်။

မီးနေသည်၏ အဓိက သောက်ဆေး နှင့် လိမ်းဆေးက နနွင်း။

ကြိုစုထားသော၊ အချို့က ကိုယ်တိုင် ကြိတ်ထောင်းထားသော နနွင်းမှုန့်စစ် စစ်ကို သောက်ကြသည်။ အရည်ဖျော်ကာ တစ်ကိုယ်လုံးလည်း လိမ်းကြသည်။ တစ်လကျော် လေးဆယ်ငါးရက်အထိ သောက်ကြ လိမ်းကြသည်။

ယင်းသို့ သောက်ကြလိမ်းကြလျှင် ကိုယ်ရေစစ်ကာ အသားအရေလှပြီး ကျန်းမာ ရေးကောင်းကြောင်း လူကြီးသူမတို့က ပြောကြသည်။

မီးနေသည် ရေချိုးလျှင် ရိုးရိုးရေဖြင့် မချိုးကြပါ။ ဖုန်းမသေရွက်၊ မြက်စပ်ပင် ရွက် စသည့် ဆေးဖက်ဝင်အရွက်များကို ပြုပ်ကာ ရေနွေးစပ်၍ ချိုးကြသည်။

“နံဘေးမှာ ထင်းတွေနဲ့ မီးပုံကြီးပုံ ထားတယ်။ ပြီးရင် မြက်စပ်ပင်နဲ့ပြုပ်ထား တဲ့ ရေနွေးကို ၇ ရက် ချိုးရတယ်” ဟု မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၆၅ နှစ်ရှိ ဒေါ်ခင်စီက ပြောသည်။

ရေချိုးရင်း ယင်းဆေးရွက်ပြုပ်ရည်ဖြင့် မျက်နှာနှင့် ကိုယ်လက်များကို ဖြည်းဖြည်းခြင်း နှိပ်နယ်ပေးကြသည်။

ထိုသို့ မီးနေခန်းအတွင်း နေထိုင်နေ စဉ်အတွင်း မီးနေသည်လန့်ဖြတ်စေမည့် အသံ၊ အပြုအမူ၊ အပြောအဆိုတို့ မပြု လုပ်ရပေ။ မီးနေသည် သွေးပျက်တတ် သဖြင့် အထူးရှောင်ရှားကြရသည်။

ယင်းသို့ ပြုမူနေထိုင်စားသောက်ကာ အနည်းဆုံး တစ်ပတ်နေရသည်။

ကျန်းမာရေး ချူချာလျှင် ထိုထက် ပိုကြာနိုင်သည်။

“မီးနေတာ မ၀ရင် တချို့မျက်နှာ တွေ ဖောတာ၊ ကိုယ်လက်တွေ ရောင်တာ၊ ဗိုက်ပူတာတွေ မီးယပ်ချမ်းဖြစ်တာတွေ ဖြစ်တတ်တယ်”ဟု ဒေါ်မြကြည်က ဆို သည်။

တစ်ချိန်က ထိုထိုသော ကိစ္စအ၀၀ ကို လမ်းပြပေးသူမှာ မီးဖွားပေးသည့် အရပ်လက်သည်နှင့် လူကြီးသူမများ ဖြစ်သည်။

ထားဝယ်ပြည်သူ့ဆေးရုံမှ ဆရာဝန် တစ်ဦးကမူ မီးနေဓလေ့များ ဘေးထွက် ဆိုးကျိုးများရှိသည့်အတွက် မလုပ်ရန် တိုက်တွန်းသည်။

“ဆရာဝန်နဲ့မဟုတ်ရင်တောင်မှ သားဖွားဆရာမနဲ့ ကလေးမွေးကြပါလို့ ပြောချင်တယ်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ခေတ်သည် ပြောင်းလာသကဲ့သို့ ဓလေ့များသည်လည်း ပြောင်းလာသည်။

ယခုခေတ်တွင်ကား အရပ်လက်သည် မရှိတော့သလောက်ပင်။ ရပ်တိုင်း ရွာတိုင်းတွင် သားဖွားဆရာမများ ရှိနေကြ ပါပြီ။ ဗိုက်ရလာလျှင် ရွာတာဝန်ကျ သားဖွားဆရာမကို အပ်ကြသည်။ သားဖွား ဆရာမတို့က ကိုယ်တိုင်မွေးပေးကြ၊ ကိုယ်တိုင် မမွေးနိုင်သည့် အနေအထား ဆိုလျှင် ဆေးရုံပို့ပေးကြသည်။

အချို့က ဗိုက်ရကတည်းက ဆေးရုံတွင် အပ်ကြသည်။ အရပ်လက်သည် အခန်းကဏ္ဍ မရှိတော့။ ထို့အတူ မီးဖွား သည့်အိမ်တွင် မီးနေသည်အခန်းတို့လည်း မတွေ့ရတော့ပါ။ ထင်းကြိုစုသူလည်း မရှိတော့ပါ။ မီးဖွားသည်တို့ မီးမ လှုံတော့ပါ။ အုတ်ပူလည်း မထိုးတော့။

“မီးနေတာ နနွင်းသောက်တာ၊ လိမ်းတာတွေ မရှိကြတော့ဘူး” ဟု ဒေါ်မြကြည်က ဆိုသည်။

ထို့အတူ သားသမီးငါးယောက်စလုံးကို ထင်း၊ နနွင်း၊ ငရုပ်ကောင်းတို့ အသုံးပြုကာ အရပ်လက်သည်ဖြင့် မွေးခဲ့သည် ဆိုသော ဒေါ်စိန်မြ၏ မြေးမလေးတို့သည်လည်း ဆေးရုံဆေးခန်းတွင်သာမွေးတော့ ပြီး မီးမလှုံ၊ နနွင်း မလိမ်းတော့ဟု ဒေါ်စိန်မြက ဆိုလာသည်။

သို့သော် ဒေါ်စိန်မြအားကိုးခဲ့သည် များထဲမှ ငရုပ်ကောင်းဟင်းချိုကား ယခု ခေတ်မီးဖွားသည်တို့ကို တိုက်နေကြဆဲ ဖြစ်ပါသည်။           ။

တနင်္သာရီသတင်းအဖွဲ့