ရေဖြူတွင် မူးယစ်ဆေးဝင်ဖမ်းရာမှ တူမီးသေနတ်နှစ်လက် ဖမ်းမိ

0
658

ရေဖြူမြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းအရအိမ်တစ်လုံးအားဝင်ရောက် ရှာဖွေရာ တူမီးသေနတ်နှစ်လက်ကို ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ နေအိမ်တစ်ဆောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်က ၀င်ရောက်ရှာဖွေရာ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသားကို ၎င်း၏ ရော်ဘာခြံအတွင်း တွေ့ရှိရကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

အထက်ပါ ရော်ဘာခြံစောင့်တဲအတွင်း တူမီးသေနတ်နှစ်လက်၊ တူမီးသေနတ်ဖြင့် ပစ်ခတ်ရသည့် ဘောစေ့ဆိုဒ်စုံ ၁၁၀ လုံး၊ ကပ်ယမ်း ၃၀ ခု၊ ဆေးရှူကိရိယာ တစ်ခုနှင့် အခြားပစ္စည်းအချို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

သေနတ်များဖမ်းမိသည့် အမျိုးသားကို လက်နက်ပုဒ်မ- ၁၉ (စ)ဖြင့် ကလိန်အောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

                             Dawei Watch