လေယာဉ်ကွင်းချုံရှင်းခကိစ္စ ပြောစရာစကားမရှိဟု ဦးဆန်နီဆို

0
1316

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ထားဝယ်လေယာဉ်ကွင်းချုံရှင်းခနှင့် ပတ်သက်ပြီး ပြောစရာ စကားမရှိကြောင်း လေယာဉ်ကွင်းချုံရှင်းရန် လုပ်ကိုင်ခွင့်ရခဲ့သည့် F 22 Sunny Construction ကုမ္ပဏီပိုင်ရှင် ဦးဆန်နီက ဆိုသည်။

ထားဝယ်လေယာဉ်ကွင်းချုံရှင်းခ ကျပ်သိန်း ၄,၀၀၀ အနက် အမှန်တကယ် ကုန်ကျငွေကျပ် သိန်း ၈၀၀ သာဖြစ်သဖြင့် ကျန်ငွေ ကျပ်သိန်း ၃,၂၀၀ ကို ပြန်ပေးမည် ဟု လူမှုကွန်ယက်ပေါ်တွင် ကျယ်ကျယ်ပြန့် ပြန့်ပျံ့နှံ့ နေခြင်းအပေါ် ၎င်းက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“(ဒီကိစ္စနဲ့ ပတ်သက်ပြီး)ကျွန်တော် ဘာမှမပြောချင်ဘူး၊ ပြောဖို့စကားလည်း မရှိဘူး”ဟု ဦးဆန်နီက ပြောသည်။

ယင်းကဲ့သို့ သတင်းပျံ့နှံ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ယက်ပေါ်တင်ခဲ့သည့်သူကိုသာ ဆက်သွယ်မေးမြန်းရန် ၎င်းက ဆိုသည်။

ယင်းနောက် လေယာဉ်ကွင်းချုံရှင်း သည့်ကိစ္စနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုကော်မရှင်က ခေါ်ယူမေးမြန်းမှု ရှိပါသလားဟု မေးမြန်းချက်ကိုမူ ၎င်းအနေဖြင့် မဖြေလိုကြောင်း ငြင်းဆန်သည်။

တနင်္သာရီအပတ်စဉ်၏ မေးမြန်းမှုကို ငြင်းဆန်ခဲ့သော်လည်း  သိန်းသုံးထောင် ကျော်ပြန်ပေးမည်ဟု သတင်းထွက်ပေါ်နေ သည့်ကိစ္စမှာ မဟုတ်မှန်ကြောင်း ဦးဆန်နီက 7Day နေ့စဉ်သတင်းစာသို့ ဖြေဆိုထား သည်။

၎င်းအပြင် ထားဝယ်မြို့သို့ရောက်ရှိ နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများက ၎င်းအားစစ် ဆေးခဲ့သည်မှာ မှန်ကန်ကြောင်း ဦးဆန်နီ၏ ပြောကြားချက်ကို ကိုးကား၍ မတ်လ ၂ ရက်ထုတ် 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ထားဝယ်လေယာဉ်ကွင်းချုံရှင်း သည့်လုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏ အထွေထွေပိုလျှံငွေ(GRF) ဖြင့် တိုင်းအစိုးရက F 22 Sunny Construction ကုမ္ပဏီပိုင်ရှင်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့က စာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ကွင်းချုံရှင်းရန် လုပ်ကိုင်ခွင့်ပြုထားသည်မှာ ပမာဏအလွန်များပြားနေပြီး ရှင်းလင်းရမည့် ဧကမှာ ၂၅၀ ဧက ရှိပါက တစ်ဧကလျှင် ကျပ် ၁၆ သိန်းနှုန်း ကျသင့်နေကြောင်း  တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက် တွင်ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်၌ ပြောကြားထားသည်။

Dawei Watch