တိုင်းလွှတ်တော် ဗဟိုမျှော်

0
1816
ဓာတ်ပုံ - ဖိုးချမ်း

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်ရန် လုံလောက်သော အထောက်အထားများ ရရှိနေပြီဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြသည်။

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းအစိုးရ ၏ လုပ်ဆောင်ချက် ၂ ခုကို လွှတ်တော်ကော်မတီ ၂ ခုက ဝေဖန်ထောက်ပြလိုက် ပြန်သည်။

ပထမ တစ်ခုမှာ မြိတ်မြို့၏ နာမည်ကျော် အနံ့ဆိုးထုတ် ငါးအမှုန့်ကြိတ်စက်ရုံများကိစ္စကို စီမံခန့်ခွဲရာတွင် လျော့ရဲနေမှု၊ စက်ရုံ ၂ ရုံက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ခွင့်ပြုချက်မရှိဘဲ လည်ပတ်နေမှု ဖြစ်သည်။

ဒုတိယတစ်ခုမှာ ၀န်ကြီးချုပ်၊ တိုင်း NLD ဥက္ကဋ္ဌတို့နှင့် ဆွေမျိုးနီးစပ်သူ ပါဝင်သော ကုမ္ပဏီအုပ်စုအား ဆောက်လုပ် ရေးလုပ်ငန်း ၃ ကို လုပ်ထုံးလုပ်နည်းနှင့် မညီဘဲလုပ်ပိုင်ခွင့် ချထားပေးမှု ဖြစ်သည်။

ထိုအချက်များနှင့်အတူ တိုင်းအစိုးရ၏ လုပ်ဆောင်ချက်အချို့ကို အခြေခံကာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးအချို့ကို စွပ်စွဲပြစ်တင်ရန် ခိုင်လုံနေပြီဟု လွှတ်တော်ကိုယ် စားလှယ်အချို့က ပြောဆိုသည်။

“စွပ်စွဲပြစ်တင်ဖို့ အချက်အလက် တော့ အတော်လေး စုံနေပြီပေါ့။ လုံလောက် နေပါပြီ”ဟု ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နောက်တစ် ဦးကလည်း ယင်းအချက်ကို ထောက်ခံ သည်။

“လိုလောက်တဲ့ အထောက်အထား  တွေ ရှိတယ်၊ လုံလောက်တဲ့ အကြောင်းအရင်း တွေ ရှိနေပြီ”ဟု ၎င်းက ပြောသည်။

သို့သော် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အများစုက ဗဟိုကို မျှော် နေကြသည်။

တနင်္သာရီအပတ်စဉ်မှ ဆက်သွယ် မေးမြန်းခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးအနက် ၈ ဦးက ဗဟိုက တစ်စုံတရာ ဆုံးဖြတ်မည်ကို စောင့်ကြည့်၊ စောင့်မျှော်နေကြောင်း ပြော သည်။

“ဗဟိုက ဆုံးဖြတ်လိမ့်မယ်လို့ အပြည့် အ၀ ယုံကြည်တယ်၊ စွပ်စွဲပြစ်တင်တယ် ဆိုတာက ဒုတိယအစီအစဉ်ပေါ့၊ ဒုတိယ အစီအစဉ်ဆိုတာကလည်း ပထမအစီ အစဉ် မထွက်(မဆုံးဖြတ်)ခင် ဘာမှ ပြောလို့ မရဘူးလေ”ဟု ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အထက်ပါလွှတ်တော်အစည်းအဝေး မတိုင်မီ ဇန်န၀ါရီလ ၂၈ ရက်ကလည်း တိုင်းလွှတ်တော်အနေဖြင့် တိုင်းအစိုးရ အဖွဲ့ကို ဒေသခံအချို့ တိုင်ကြားခဲ့သည့် လေယာဉ်ကွင်း ချုံရှင်းခ ကျပ်သိန်း ၄၀၀၀ ကိစ်္စ၊ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်တွင် ကွက်လပ်များ ဖြစ်ပေါ်နေ သည့်ကိစ်္စ၊ ထားဝယ်ခရိုင်လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်းကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေးထားသည့် ကိစ်္စတို့နှင့် ပတ်သက်၍ ၀န်ကြီးချုပ်၏ လုပ်ဆောင် ချက်များအပေါ် တွေ့ရှိချက်များကို ဗဟို သို့ အစီရင်ခံခဲ့သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး က နိုင်ငံတော်သမ်္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်၊ NLD ဗဟိုတို့ထံ ပေးပို့ခဲ့သည့် အထက်ပါအစီရင်ခံစာတွင် ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိခန့်ထား သည့်ကိစ္စ၊ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ကို တင်ဒါမခေါ်ဘဲ ချထားပေးသည့်ကိစ်္စ များကို ပါဝင်သည်။

မြိတ်နှင့် ထားဝယ်ခရိုင်အတွင်းမှ ဒေသခံတို့ကလည်း ၀န်ကြီးချုပ်နှင့် ၀န်ကြီးများအပေါ် အဂတိလိုက်စားခြင်း၊ စွမ်းဆောင်ရည် ညံ့ခြင်း၊ မိမိနှင့် ဆွေမျိုးတော် သူ၊ နီးစပ်သူများကို လုပ်ပိုင်ခွင့်ချထားပေး ခြင်း၊ လျှပ်စစ်စာချုပ်တွင် ကွက်လပ်များ ဖြင့် ချုပ်ဆိုထားခြင်း စသည်တို့ကို စုံစမ်း စစ်ဆေးအရေးယူပေးရန် တိုင်ကြားထားသည်။

ထိုတိုင်ကြားမှုများကို စုံစမ်းစစ်ဆေး နေကြောင်း၊ စစ်ဆေးပြီးပါက ပြည်သူကို ပွင့်လင်းစွာ တင်ပြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြောဆိုသွားသည်။

လက်ရှိတွင်လည်း ယင်းကိစ္စများ အတွက် စစ်ဆေးနေကြောင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ ဒေသခံတို့၏ တိုင်ကြားချက်များနှင့် ပတ်သက်၍ ၀န်ကြီးချုပ်အား စစ်ဆေးနေ ခြင်းမျိုး ရှိပါသလားဟု  တနင်္သာရီအပတ်စဉ်မှ စာဖြင့် မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို “စစ်ဆေးဆဲ ဖြစ်ပါသည်”ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဖေဖော်ဝါရီ ၂၀ ရက်တွင် စာဖြင့် ပြန်လည်ဖြေဆိုခဲ့သည်။

မြိတ်ခရိုင်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း  နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ဆုံးဖြတ်မှုကို မျှော်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏  တနင်္သာရီတိုင်းခရီးစဉ်တွင် တိုင်စာသုံးရာ ကျော်ရှိမှုနှင့်အတူ ၀န်ကြီးချုပ်နှင့် တိုင်း အစိုးရအဖွဲ့ဝင်အချို့ နှုတ်ထွက်ပေးရန် တိုက်ရိုက် တင်ပြခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းအပေါ် တစ်စုံတရာ ဆုံးဖြတ်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း အထက်ပါ ကိုယ်စားလှယ်က ပြောသည်။

“ပြည်သူတွေ ရင်ဖွင့်လိုက်တာတွေလည်း အများကြီးပဲလေ။ အမေစု ပြည်ထောင်စု ပြန်သွားပြီဆိုတော့ အမေစု ဆီကပဲ ဘာတွေ ဆုံးဖြတ်မယ်၊ ပြည်ထောင်စုက ဘာတွေ ဆုံးဖြတ်မယ်ဆိုတာကိုပဲ နားထောင်ရမှာပဲ”ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကမူ အကယ်၍ ဗဟိုမှ တစ်စုံတရာအရေးယူမှု မရှိပါက လူထုက တိုင်းလွှတ်တော်ကို ဖိအားပေး တိုက်တွန်းကြတော့မည်ဖြစ်၍ တိုင်းလွှတ်တော်က စွပ်စွဲပြစ်တင်မှု မလွှဲမသွေ လုပ်ဆောင်လာမည်ဟု ထင်မြင်ယူဆကြောင်း ပြောသည်။

“(စွပ်စွဲပြစ်တင်)ဖြစ်လာနိုင်တယ်၊ နောက်ဆက်တွဲ ဖိအားတွေက လာဦးမှာကိုး။ ပြည်သူတွေက ပြောနေရုံပဲ ရတာလေ၊ ကိုယ်တိုင်ထဲထဲဝင်ဝင် လုပ်လို့ မရဘူး၊ နောက်ဆုံးတော့ လွှတ်တော်ပဲ လာဖိမှာပေါ့ဗျ၊ ဒီတော့ ဖြစ်လာနိုင်တယ်” ဟု အထက်ပါ ကိုယ်စားလှယ်က ပြောသည်။

တိုင်းလွှတ်တော်မှ ဇန်န၀ါရီ ၂၈ ရက်က ပြည်ထောင်စုသို့ စာပို့ပြီးချိန်ကမူ လိုအပ်လျှင် တိုင်းအစိုးရကို စွပ်စွဲပြစ်တင်ရန် အသင့်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောဆိုခဲ့ဖူးသည်။

Dawei Watch