တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်းသို့ မည်သည့်နာရီမျှ ယူခွင့်မပြု

0
707

မတ်လ ၆ ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာမေးပွဲခန်းအတွင်းသို့ မည်သည့်နာရီမျှ ယူဆောင်ခွင့်မပြုကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အဆင့်မြင့်နည်းပညာသုံး နာရီများဖြင့် စာမေးပွဲတွင် မသမာသည့် နည်းလမ်းသုံးကာဖြေဆိုခြင်း မပြုနိုင်ရန် ယင်းသို့တား မြစ်ခြင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲအခန်းတိုင်းတွင် တိုင်ကပ်နာရီ တစ်လုံးစီထားမည်ဖြစ်ပြီး စာမေးပွဲ ဖြေဆိုသူများအနေဖြင့် နာရီမယူ လာရန် ဆရာ၊ ဆရာမများမှ ကြိုတင်အသိပေး ထားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ဘယ်ကလေးမှ နာရီမပတ်ရတော့ဘူး၊ စာဖြေခန်းအပြင်မှာ ထားခဲ့ရမယ်၊ တားရဲ့သားနဲ့ယူလာရင် သူ့မှာအပြစ်ရှိတယ်၊ အဲ့တော့ အစကတည်းက အိမ်မှာ ထားခဲ့တာ အကောင်းဆုံးပဲ၊”ဟု ဒေါ်မြင့်စိန် က ဆိုသည်။

နာရီပြင် အီလက်ထရောနစ် စမတ်နာရီ၊ ဘောပင်၊ မျက်မှန်များ ယူဆောင်လာပါက နှစ်အကန့်အသတ်မရှိ စာမေးပွဲဖြေဆိုခွင့်ပိတ်သည့် ပြစ်ဒဏ်အသစ်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စည်းကမ်းချက်များတွင် ထည့်သွင်းသတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင် ၀င်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား ၂၃၁၈၀ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မိုးမြင့်