စာကြည့်တိုက်ဆောက်ရန် ပြည်ထောင်စုက ရန်ပုံငွေမပေးတော့ဟုဆို

0
755
ဓာတ်ပုံ - အောင်ကို

တနင်္သာရီတိုင်းတွင် စာကြည့်တိုက် အဆောက်အအုံများဆောက်လုပ်ရန် အတွက် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေ ချထားပေးခြင်းမရှိတော့ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် ပုံမှအစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် မေးမြန်းသည့်မေးခွန်းကို ၀န်ကြီးကအထက်ပါ အတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

မေးခွန်းရှင် ဒေါက်တာထူးနေအောင်က တိုင်းအတွင်း စာကြည့်တိုက်ဆောက် ပေးရန်၊ စာကြည့်တိုက်များကို စာအုပ် ထောက်ပံ့ရန်၊ ပြည်သူများ စာဖတ်ခြင်းကို စိတ်ပါဝင်စားလာအောင် အထူးစီမံချက် တစ်ရပ်ရေးဆွဲပြီး တိုင်းအစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် ရှိ/ မရှိ မေးမြန်းခဲ့သည်။

ရန်ပုံငွေမရှိသဖြင့် စာကြည့်တိုက် မဆောက်နိုင်သော်လည်း ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များထောက်ပံ့ပေးရန်အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ထံ ဆက်သွယ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးမြင့်မောင်က ပြောသည်။

“ပြည်ထောင်စုက ဘာကြောင့် ချမပေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုကနေပြီး ဖြေမယ် ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံမှာ ဖြစ်ပါ တယ်”ဟု ၀န်ကြီးဦးမြင့်မောင်က ဆိုသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ရန်ပုံငွေချထားပေးခြင်းမရှိပါက တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် ဒေါက်တာထူးနေအောင်က ထပ်ဆင့် မေးခွန်းမေးမြန်းခဲ့ပြီး ရန်ပုံငွေရရှိရေး တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြပေးမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြန်လည်ဖြေကြားသည်။

“တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာ ရင်းဦးစီးဌာနနဲ့ ထပ်မံညှိနှိုင်းပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ အကြောင်းပြန်ပေးမှာဖြစ်ပါတယ်”ဟု ဦးမြင့်မောင်က ဆိုသည်။

ပြည်သူများ စာဖတ်ခြင်းကို စိတ်ပါဝင်စားလာစေရန် ပညာရေးဌာန၊ ဒေသခံစာရေးဆရာများ စာပေ၀ါသနာရှင်များ၊ စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း တို့ဖြင့် ပူးပေါင်းဆောင် ရွက်နေကြောင်း ၀န်ကြီးက ပြောသည်။

သို့သော်လည်း မြေပြင်အခြေအနေ တွင် ပြည်သူများအနေဖြင့် စိတ်ဝင်တစား စာဖတ်နေခြင်းမျိုး မတွေ့ရကြောင်း ဒေါက်တာထူးနေအောင်က ၀န်ကြီး၏ဖြေကြားချက်ကို တုံ့ပြန်ခဲ့သည်။

စာကြည်တိုက်ဆောက်လုပ်ရန်အတွက် ယခင်က ပြည်ထောင်စုအစိုးရမှ ဘတ်ဂျက်ချပေးခဲ့ဖူးကြောင်း ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင်ပြောဆိုခဲ့ ပြီး မည်သည့်ခုနှစ်က ချပေးခဲ့ဖူးသည် ဆိုသည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

ကျော်သူစိုး