အကြိုကောင်း၍ အထောင်းခံခဲ့ရသည်

0
1207

တနင်္သာရီတိုင်းသို့ အမေစုလာမည်ဆို ကတည်းက ကျွန်တော်အပါအ၀င်  တိုင်းသူတိုင်းသား အတော်များများက စိတ်လှုပ်ရှားလျက် ရှိသည်။

၂၀၁၂ ကြားဖြတ်ပြီးကတည်းက တနင်္သာရီတိုင်းသို့ အမေစု မရောက်ဖြစ် တော့သည်မှာ အားလုံးအသိ။ ထို့ကြောင့် အားလုံးက အမျှော်ကြီး မျှော်နေကြသည်။

ယင်းသို့ မရောက်တာကြာသည့် အတွက် မျှော်သည့်အပြင် လက်ရှိတိုင်းတွင်း အခြေအနေများကြောင့်လည်း ပိုမျှော်ကြခြင်း ဖြစ်သည်။ လက်ရှိအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့်တကွ အခြားဝန်ကြီးတစ်ဦး၊ NLD တိုင်းဥက္ကဋ္ဌ ဦးအောင်စိုးတို့ကို သမ္မတနှင့် တကွပါတီဗဟိုသို့ တိုင်ကြားထားသည် မဟုတ်ပါလား။

ယခုတစ်ခေါက် အမေစု၏ တနင်္သာရီ ခရီးစဉ်က ဖေဖော်ဝါရီ ၁၃ ရက် မြိတ်ရောက် ကတည်းက ပွဲက စိတ်ဝင်စားဖို့ ကောင်းလှ သည်။ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော် အတိုင်ပင်ခံနှင့် မြိတ်ဒေသခံများ၏ တွေ့ဆုံပွဲက ပွင့်ပွင့်လင်းလင်း ပြောကြ ဆိုကြ၊ တိုင်ကြတန်းကြနှင့် ပွဲကကြည့် ကောင်းလှသည်။ အမေစုပြောသည့် တချို့သော စကားလုံးများကလည်း မှတ်သားစရာ။ မြိတ်သူမြိတ်သားတို့၏ ပွင့်လင်းရဲတင်းမှုကလည်း တစ်နိုင်ငံလုံးက ပြည်သူတွေ ချီးကျူးကြရသည်အထိပင်။

သည်လိုနှင့် ဖေဖော်ဝါရီလ ၁၅ ရက် ရောက်လာသည်။ အမေစု ထားဝယ်ရောက်မည့်နေ့ ဖြစ်သည်။ ဘာပြောပြော မိမိလေးစား ချစ်ခင်ရသည့် ပုဂ်္ဂိုလ်လာမည်ဖြစ်၍ သူ့ကို ကြိုဆိုဖို့ထက် အရေးကြီးတာ ဘာမှမရှိ။ အမှန်တိုင်းဝန်ခံရလျှင် ထိုနေ့က နေ့လယ်စာ ထမင်းပင်လျှင် ညနေ ၃ နာရီလောက်မှ စားဖြစ်သည်။ ဆိုတော့ ကျန်အလုပ်ကိစ္စများ အားလုံးလည်း ခေါင်းထဲမှာ မရှိတော့။ လုပ်မည်ဟု တေးမှတ်ထားသည့် အကြောင်း အရာများလည်း မေ့ကုန်သည်။ အမှန်တိုင်း ပြောရလျှင် ထိုနေ့က အကြံပြုစာ တစ်စောင်ကို လည်း ကမန်းကတန်းရေးပြီး ထည့်ဖြစ်သည်။ ထို့အပြင် ဆောင်းပါးတစ်ပုဒ်ကိုလည်း အချိန်လုပြီး ရေးခဲ့ရသေးသည်။ သောကြ နေ့ဆိုလျှင် ဖောင်ပိတ်ရက်ဖြစ်သောကြောင့် ဆောင်းပါးပို့ချင်လျှင် ထိုနေ့ အပြီးရေးရသည်။

အဆိုးဆုံးကတော့ ၁၅ရက်သည် မီတာခသွင်းရမည့် နောက်ဆုံးရက်။ မီတာ ဘေလ်စာရွက်ကြိုတင်ပြီး လာပေးထားသော်လည်း လက်ထဲမှာ ပိုက်ဆံအဆင်သင့် မရှိလျှင် ချက်ချင်းသွားဆောင်ချင်သော်လည်း မဆောင်နိုင်သည့်အနေအထား။ ထို့ကြောင့်ပင်လျှင် ၁၅ရက်လောက်မှ ဆောင်ဖြစ်သည်ကများသည်။ ကျန်ရက် များဆိုလျှင် ဆရာ၊ ဆရာမများကို လစာ ရှင်းပေးသည့်ကာလ ဖြစ်နေသောကြောင့်ငွေပြတ်သည်။

အမေစုသာ ပြန်သွားသည် ဆွေးနွေးစရာ၊ ပြောဆိုစရာတွေက ယနေ့အထိရှိနေဆဲ ဆိုတော့ မနေ့က မီတာခသွင်းဖို့ ရက်လွန် နေကြောင်း GGS ကုမ္ပဏီက လာအကြောင်း အကြားမှ သတိရတော့သည်။ သူတို့လာ အကြောင်းကြားချိန် ကျွန်တော် လက်ဖက်ရည် ဆိုင်ရောက် နေသည်။ အမေစုခရီးစဉ် အကြောင်း ဆွေးနွေးအာလူး ဖုတ်နေကြသည့် အချိန်။ ရုံးလိုက် လာခဲ့မယ်ဆိုပြီး အမျိုးသမီးကို ပြောခိုင်းလိုက်သည်။ ရက်လွန်ကြေးပေးရ မည်ဟု ပြောသွားသည်ဟု ဆိုသည်။

သူတို့ လာအကြောင်းကြားသည့်အချိန် ဆိုလျှင် စုစုပေါင်းနောက်ကျနေသည့်အချိန်သည် ၁ရက်နှင့် ၁၀နာရီ ဖြစ်သည်။

ကျွန်တော်အတွေးထဲ ပထမဆုံးရောက် လာသည်က GGS ကုမ္ပဏီက နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်နေသည့် အကြွေးကျန် ကျပ် ၈ ဘီလီယံကျော်။ နိုင်ငံတော်သို့ ပေးသွင်းရန် နောက်ကျနေသည့်အချိန်က နှစ်နဲ့ချီနေပြီ။

ကျွန်တော်ပေးသွင်းရန် နောက်ကျ သည်မှာ ၂ ရက်တောင် မစွန်းသေး။ မည်သို့ပင်ဆိုစေ ဆောင်စရာရှိသည်ကို ဆောင်ရမည်သာ မဟုတ်ပါလား။

သို့ကြောင့် တနင်္ဂနွေနေ့တွင် ခါတိုင်း မီတာခ ပေးသွင်းနေကျ နေရာကိုရောက်တော့ ရုံးပိတ်ထားသည်ကို တွေ့ရသည်။ တနင်္ဂနွေနေ့ဖြစ်၍ ပိတ်ထားတာ ဖြစ်မည်ဟု တွေးပြီး ပြန်လာခဲ့သည်။

ဒီမနက်သွားမှ ရုံးနေရာပြောင်းသွားပြီ ဟု TAXI သမားများ ပြောမှ အကြောင်းစုံသိတော့သည်။ ရုံးပြောင်းထားကြောင်း လွယ်လွယ်ကူကူ မြင်သာထင်သာရှိသည့် ဆိုင်းဘုတ် မတွေ့ရပေ။ စာလုံးအရွယ်အစား ခပ်သေးသေးနှင့်ရေးထားသည့် ဗီနိုင်းပြား တစ်ချပ်တော့ ချိတ်ထားသည်။

နောက်ဆုံး ကမ်းနားလမ်းက သူတို့ရုံး ကို လိုက်သွားပြီးဆောင်တော့ ရက်လွန်ကြေးပေးရန် ပြောသည်။ ဘောက်ချာရေးပေးဖို့ ပြောတော့ လက်ရေးနဲ့ ဖြည့်ပြီးရေးပေးလိုက်သည်။ ရှင်းတမ်းတစ်ခုစာအတွက် ကျပ်၃၀၀၀ စီ၊ နှစ်စောင်စာအတွက် ကျပ် ၆၀၀၀ ပို ပေးခဲ့ရသည်။

အမှန်တိုင်းပြောရလျှင် မီးပျက်သည့် အချိန်များတွင် အသုံးပြုနိုင်အောင် ၂ ကီလိုမီးစက်တစ်လုံး ၀ယ်ထားရသည်။ လျှပ်စစ်မီးနဲ့မှ စာသင်ရတာ ပိုအဆင်ပြေ သည်။ ဖယောင်းတိုင်နှင့်ဆိုလျှင် မီးဘေး အန္တရာယ်က ရှိသေးသည် မဟုတ်လား။

ထို့အပြင် ဇန်န၀ါရီလအတွင်း ဂက်စ်ပိုက် လိုင်းပြန်လည်ပြုခြင်း လုပ်ငန်းလုပ်တော့ မီးပျက်သည့်နာရီက အတော်များသည်။ ထိုမီးပျက်သည့်အချိန်တွင် အစားထိုးပေးနိုင်ဖို့ အရန်မီးစက်များ အဆင်သင့်လုပ်ထားဖို့ စာချုပ်တွင်ပါသော်လည်း ယခုကဲ့သို့ မီးပျက်ချိန်တွင် ကိုယ့်မီးစက်ဖြင့် ကိုယ်နှိုးရ တော့ ဆီဖိုးကပင်လျှင် သောင်းချီကုန်ခဲ့ သည်။

ထို့အတွက် ကုမ္ပဏီဘက် မည်သည့် တာဝန်ယူမှုမျိုးမှ မရှိသလို တောင်းပန် ရကောင်းမှန်းတောင်မသိ။ အခုတော့ ရက်လွန်ကြေးပါ ထပ်ကောက် လိုက်သေး သည်။

ရက်လွန်ကြေးကိစ္စကလည်း ဘာမှန်း ကိုမသိပါ။ ရက်လွန်ကြေး ပေးစရာမလို ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီး ဦးကြည်လှိုင်အနေဖြင့် တရားဝင်ပြောကြား ထားသည်ကိုလည်း ဂျာနယ်နှင့် အွန်လိုင်း ပေါ်တွင်တွေ့ရဖတ်ရသည်။

သို့သော်လည်း ကုမ္ပဏီကတော့ ကောက်ဆဲ ကောက်မြဲ ဖြစ်သည်။ ကုမ္ပဏီ အပေါ် ၀န်ကြီး၏သြဇာ မညောင်း၍လော။ သို့တည်းမဟုတ် ကုမ္ပဏီဘက်ကပဲ အရေးမစိုက်၍လော မပြောတတ်ပေ။ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယခုကဲ့သို့ ဖြစ်နေခြင်းကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် မကြားသိ၍လော။ သို့တည်းမဟုတ် မကြားချင်ယောင် ဆောင်နေ၍လော ဆိုသည်မှာ စဉ်းစားစရာပင်။

ပြည်သူများအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စိတ်ပျက်မည်ဆိုလျှင်လည်း စိတ်ပျက်စရာပင်။ အသေးအဖွဲ ကိစ္စလေး ကိုတောင်မှ ထိထိရောက်ရောက် မကိုင်တွယ် နိုင်ဖြစ်နေရခြင်းမှာ အဘယ်ကြောင့်နည်း။

ကျွန်တော်ယခုကဲ့သို့ ပြောဆိုနေရ ခြင်းမှာ ပိုက်ဆံ ကျပ် ၆၀၀၀ အပိုပေးခဲ့ရ သောကြောင့် မဟုတ်။ အမှန်တရားတစ်ခုကို သိလိုသောကြောင့်သာ ဖြစ်သည်။ ယခုစာ မြင်ရကြားရဖတ်ရသည့် အမတ်မင်းများ နစ်နာနေသူ ပြည်သူများအတွက် ကူညီပေး ကြဖို့ တာဝန်သိပြည်သူတစ်ယောက်အနေ ဖြင့် တင်ပြအပ်ပါသည်။       

သန်းဇော်ဦး (ရလိုင်)