ဘိလပ် မဟာတန်း ကျောင်းသား ၁၁

0
736

နှင်းဧည့်သည်

ဒုတိယ လေးလပတ်အတန်းများစသည်နှင့် မထင်မှတ်သော ဧည့်သည်မှာ ဆီးနှင်းဖြစ်လေသည်။ ဘရစ္စတိုသား အချို့နှင့် နှင်းအကြောင်းအရင်က ပြောဖြစ်တော့ မနှစ်က မေလခန့်တွင် နှင်းကျခဲ့သည်ဟု ဆိုသည်။

ထိုကြောင့်သည်နှစ်လည်း ထိုရာသီ အချိန်လောက်ပဲ ကျမည်ဟု ဘာသိဘာသာ ပင်နေခဲ့သည်။

သို့သော်မခေါ်ဘဲနှင့် ရောက်လာသည့် ဧည့်သည်က တကယ့်ကို ဗြုန်းစားကြီး ဖြစ်သည်။ ဇန်နဝါရီလ လယ်လောက်က
တည်းက ဘရစ္စတိုနှင့် အင်္ဂလန်တောင်ပိုင်းတွင် ကျနိုင်သည့် နှင်းအကြောင်းသတင်းတွေ တွင်ဖော်ပြနေနှင့်ပြီး ဖြစ်သည်။

သို့သော်ကိုယ်တိုင်က ခပ်ပေါ့ပေါ့ ပင်။

ဇန်နဝါရီလလယ်မှလကုန်ခန့်အထိ ဥရောပကုန်းမကြီးသို့ ခရီးထွက်သွားရာ ထိုနှင်းအကြောင်း တွေးပင် မတွေးမိလိုက်။

ဘရစ္စတိုပြန်ရောက်ပြီးဇန်နဝါရီလ ကုန်အပတ်တွင် ဒုတိယလေးလပတ် အတန်းများ စတက်ရသည်။ ရာသီဥတုကတော့ ဆောင်းနှင့်အညီသုညဒီဂရီ ဝန်းကျင်ဖြင့် အေးတတ်သည့်အတိုင်း ပုံမှန်ပင်။

သို့သော်မှတ်မှတ်ရရ ဇန်နဝါရီလ ၃၁ ရက် ကြာသပတေးနေ့လယ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အင်တာနက် စာမျက်နှာတွင်နှင်းထုကြီးလာတော့မည့်အကြောင်း သတိပေးသည့် သတင်းတက်လာသည်။ ထိုနေ့ ညနေပိုင်းနှင့် တစ်ညလုံး
နီးနီး နှင်းကျမည်ဟု ဆိုသည်။

ရုတ်တရက်ဆိုတော့နည်းနည်းတော့ ရင်ခုန်သွားသည်။ သို့သော် ညနေပိုင်းအထိ နှင်းကား ရောက်မလာ။ ရာသီဥတုက လည်းပုံမှန်အတိုင်းပင်။ မိုးက အုံမှိုင်းမှိုင်း၊ လေက ခပ်သွဲ့သွဲ့၊ အေးအေးထိုင်း ထိုင်းဖြင့်တကယ့်ကို ပျင်းစရာကောာင်းသော ရာသီပင် ဖြစ်သည်။

ရာသီဥတုခန့်မှန်းချက်ကလည်းအလွဲကြီးဟု ကျောင်းသား အချင်းချင်းတောင် နောက်နေကြသေးသည်။ ရုပ်မြင် သံကြားသတင်းဌာနအချို့တွင်မူ တောင်ဘက်တွင် ကျမည့် နှင်းထုအကြောင်း ခန့်မှန်းချက်ကို ဝေေ၀ဆာဆာ ရှင်းလင်း
တင်ပြနေကြသည်ကိုတွေ့ရသည်။ သို့သော် ညနေခင်းအထိ အရိပ်အယောင် မျှပင် မတွေ့ရပေ။

ညနေခင်း ရာသီဥတုမှာပုံမှန် အတိုင်းပင်။

တကယ့်နှင်းကျချိန်ကအနည်းငယ် နောက်ကျသည်။ ညဦးပိုင်းတွင်မှ သူရောက်လာသည်။ နှင်းကို တွေ့ဖူးသော်လည်း နှင်းကျသည်ကိုနဖူးတွေ့ ဒူးတွေ့တွေ့ဖူးသည်မှာ ပထမဆုံးပင် ဖြစ်သည်။

ဝါဂွမ်းကဲ့သို့သောအမှုန်များ တဖွဲဖွဲ ကျနေသည်။ အပြင်ထွက်ပြီး ခဏတာမျှ လမ်းလျှောက်ကြည့်တော့ ဦးခေါင်းပေါ်နှင့်
ကိုယ်ပေါ်တွင် နှင်းမှုန်မျှင်များ ကပ်နေသည်။ နှင်းသာကျနေသော်လည်း အအေးဓာတ်က ပုံမှန်ထက်အနည်းငယ်မျှ အေးသည်ထက် မပို။

သို့သော်နှင်းထုမှာ တစ်နာရီကျော်မျှ အတွင်းမှာပင် ဝန်းကျင်တစ်ခွင်လုံး ဖြူလွှသွားလောက်အောင်စိုးမိုးနေခဲ့ပြီး ဖြစ်သည်။ မော်တော်ကားများ၊ လမ်းများ၊ ပလက်ဖောင်းများ၊ မြက်ခင်းများအားလုံးသည် ဖြူလွှသော နှင်းရောင်များ ဖြစ်ကုန်သည်။

ညခင်း  နီယွန်မီးရောင်အောက်တွင် နှင်းထုက တဖြည်းဖြည်း ထူလာသည်။
သို့သော် နှင်းမှုံတို့က ထပ်ကျဆဲပင်။ကိုယ်တွေပင်မဟုတ်။ဘရစ္စတိုသား တော်တော်များများပင် နှင်းထုအကြောင်း ရင်ခုန်စွာ ပြောကြ၊ နှင်းတောထဲ လမ်းလျှောက်ဓာတ်ပုံရိုက်ကြနှင့် တကယ့်ညခင်းပင် ဖြစ်သည်။ သူတို့အတွက်လည်း တကယ့်ကို ရှားရှားပါပါး၊အနည်းဆုံး တော့ တစ်နှစ်မှတစ်ခါရသည့် ခံစားမှုပင် ဖြစ်သည်။

အချို့ကတော့နှင်းမှုန်များသည် ကျပြီးသည်နှင့် ချက်ချင်းပင် ပျော်သွားပြီး ပျောက်သွားနိုင်ကြောင်းတွက်ကြ၊ မေးခွန်းထုတ်ကြ၊ ငြင်းကြသည်။ သို့သော် ထိုသို့ မဟုတ်ပါ။ နှင်းမှုန်များ ထပ်ကျနေဆဲအချိန်တွင်ပင် မြေပြင်မှ နှင်းထုက တဖြည်း ဖြည်း ထူလာသည်။

အိမ်အနီးအနားကစားသောက်ဆိုင်များ၊ ဘားများတွင် အပြင်ထွက် စနည်းနာ၊ နှင်းကို ထိတွေ့ခံစားပြီး တစ်ခွက်တစ်ဖလား
ဝင်မြည်းသူများဖြင့် ပြည့်လာသည်။ ဘားအတွင်း ထိုင်စရာနေရာပင် မရှိ။

အချို့ကလည်းဆိုင်အပြင်ဘက် ပလက်ဖောင်းပေါ် ရပ်ရင်း နှင်းအကြောင်း အတင်းတုတ်ကြတော့သည်။

နှင်းမှုန်များကတော့သူ့အလုပ် သူလုပ်ဆဲ။

အိမ်ဝန်းကျင်တစ်ပတ်ပတ်ပြီး ပြန်လာသည်။ ပြတင်းပေါက်ကို လာရိုက်နေသော လေတိုးသံများ၊ နှင်းမှုန်များကို
အခန်းတွင်း မှ ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ လဲမှုန့်၊ ဝါမှုန့်များနှင့်သဏ္ဌာန်တူလှသော နှင်းဖတ်များက ပြတင်းပေါက်ကို လာရိုက်လွင့်ထွက်သွား ကြသည်။ တကယ့်ကိုပေါ့ပါးပါးလွှ လိုက်သည့် ဖြစ်ခြင်း။

မနက်မိုးလင်းတော့မြင်နေကြ မြင်ကွင်းက ပြောင်းသွားသည်။ တစ်ခွင်လုံး နှင်းထုကြီး လွှမ်းနေတော့သည်။ အိမ်
ခေါင်မိုးများ၊ လမ်းများ၊ သစ်ပင်များ၊ ပန်းခြံမြက်ခင်းများ၊ လမ်းတွေတွင် ရပ်ထားသောကားများ အားလုံးသည် နှင်းထု၏ စိုးမိုးမှုအောက် ကျသွားတော့သည်။

သို့သော်နှင်းကား ထပ်ကျဆဲပင်။ ညပိုင်းက ကျသည့်နှုန်းထက် ပိုပါးလျ၊ လျော့ပါးသွားသည်သာ ရှိသည်။

လမ်းပေါ်မှာ ကားတွေ မသွားသလောက် ဖြစ်သွားသည်။ ပြတင်းပေါက်ဖွင့်လိုက်လျှင် ခါတိုင်းကြားနေကြကားသံများကား လုံးလုံး တိတ်ဆိတ်သွားသည်။ အိမ်နောက် ဖေးကားလမ်းမထက်တွင်တော့ ကားဘီး စွတ်ကြောင်းရာတော့ကျနေသည်။ အဲသည် စွတ်ကြောင်းကားဘီးရာမှ လွဲ၍ တစ်ခွင်လုံးက နှင်းထု ကြီးပင်။

နေ့လယ်စာစားပြီးတော့ အပြင် ထွက်ချင်လာသည်။ အတန်းဖော်ကျောင်း သားအချို့ကလည်း ကျောင်းကို ရောက်နေ
ကြောင်း အင်တာနက်မှ တစ်ဆင့် အချင်း ချင်း သတင်းစကားပေးလာသည်။ ထိုနေ့က အတန်းမရှိ။ (နောက်တစ်ပတ်
တွင်မှ သောကြာနေ့တွင် အတန်းစသည်၊ ထိုတစ်ပတ်တွင် ဒုတိယ လေးလပတ် အတန်းများစသော်လည်း သောကြာတွင်
တက်ရမည့် အတန်းက ထိုတစ်ပတ်တွင် မစသေး သဖြင့် လွတ်လပ်ရေးရနေသည်။)

ကျောင်းကိုရောက်နေသူများကို မေးကြည့်လိုက်တော့ စာကြည့်တိုက်က ဖွင့်နေသည်။ ကျောင်းကော်ဖီဆိုင်၊
စားသောက်ဆိုင်များကလည်း ဖွင့်နေ သည်။ ထိုသို့ဖြင့် အပြင်ထွက်လိုစိတ်က စိုးမိုးလာသည်။

ပြတင်းပေါက်မှအပြင်သို့ ကြည့် လိုက်သောအခါ လမ်းလျှောက်သူ မရှိ သလောက်ဖြစ်နေပြီး ပလက်ဖောင်းမှာ လည်း
လမ်းလျှောက်ရန် များစွာ ခက်နေသည့်ပုံပေါက်နေသည်။ သို့သော် အပြင်ထွက် ကာ ကျောင်းကိုလမ်းလျှောက်လိုစိတ်က တားမရတော့။

အပြင်ရောက်တော့အအေးဓာတ်က ပုံမှန်ပင်ဖြစ်သည်။

ပလက်ဖောင်းပေါ်ခြေချလိုက်တော့ သဲပေါ်လမ်းလျှောက်သကဲ့သို့ အသံက ထွက်နေသည်။ ထားဝယ်ရှိ ဆင်ထောက် ကမ်းခြေသဲသောင်ပြင်တွင် လမ်းလျှောက် သည့် အသံမျိုးဖြစ်သည်။

ညကကျခဲ့သည့်နှင်းမှုံများက လမ်း ပေါ်တွင် ရေခဲမှုန့်များအဖြစ် အသွင်ပြောင်း နေသည်။ ငယ်ငယ်က ဝယ်စားခဲ့သည့်
ရေခဲခြစ်များကို လမ်းပေါ် ချထားသကဲ့သို့ ဖြစ်နေသည်။ ကျောင်းသွားတော့ ရေခဲခြစ် ပြင်ကြီးကို“တဗြိဗြိ” အသံမြည်အောင် လျှောက်ရင်း ခပ်ဖြည်းဖြည်း ခြေလှမ်းနှင် ရသည်။ နေ့လယ်ခင်းရောက်လာသည်နှင့်အညီ ကျနှင်းကား စဲသွားလေပြီ။

ပုံမှန်အားဖြင့်ခပ်မြန်မြန် လျှောက် လေ့ရှိသော ကျောက်ပြားခင်းလမ်းက တစ်လှမ်းချင်း သတိထား လျှောက်ရသော
ရေခဲပွင့် လမ်းအဖြစ်သို့ အသွင်ပြောင်းသွား သည်။

ကျောင်း စာကြည့်တိုက်(ဝိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ်ဆိုင်ရာ စာကြည့်တိုက်) တွင် လူက သိပ်မရှိ။ စာကြည့်တိုက် မြေညီထပ်
စားသောက်ဆိုင်တွင် အတန်းဖော် သူငယ်ချင်း နှစ်ဦးကိုတွေ့သည်။

အရင် ပထမလေးလပတ်ကအချို့ အတန်းချိန်များ အတူတူ တက်ခဲ့ရသော် လည်း ယခုတော့ ထိုသို့ မဟုတ်တော့။ ဒုတိယ လေးလပတ်တွင်ရွေးလိုက်သည့် ဘာသာရပ် အတန်းများ လုံးလုံးမတူတော့ရာ သူတို့နှင့် လုံး၀ မတွေ့ရတော့ ခြင်းဖြစ်သည်။

ထိုသို့ဖြင့်နှင်းအကြောင်း၊ အသစ်ယူ လိုက်သည့် ဘာသာရပ်တို့ အကြောင်း စကားလက်ဆုံကျသွားသည်။ ခဏနေ တော့
ဆိုင်တွင် ကော်ဖီသွားမှာသည်။ သို့သော် ဆိုင်ပိတ်ပြီဟု ဆိုလေသည်။ နေ့လယ် ၂ နာရီတွင်ဆိုင်အားလုံးပိတ် သည်။ ရာသီဥတု အခြေအနေကြောင့် တက္ကသိုလ် တစ်ခုလုံးလည်း ပိတ်သည်ဟု ဆိုလေသည်။

တကယ်တော့ကော်ဖီမှာသည့် အချိန်က နေ့လယ် ၁ နာရီပင် မခွဲသေး။ နည်းနည်းတော့ စိတ်တိုသွားသည်။ ထိုသို့ဖြင့်
ကျောင်း ပရိဝုဏ်အတွင်းပိုင်း ကျသော ကော်ဖီဆိုင် နောက်တစ်ဆိုင်သို့ အသော့နှင်ရသည်။

လမ်းတွင်ပိုသတိထားမိသည်မှာ ကျောင်းသားကျောင်းသူတော်တော်များများက အတန်းလာတက်ပုံ မရဘဲ တက်္ကသိုလ်တစ်ခွင်ရှိနှင်းထုကြီးကို လာနှုတ်ဆက်ကြခြင်း ဖြစ်သည်။ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြသည်။ နှင်းအကြောင်း
အတင်းတုတ်သံတွေ ကြားရသည်။ နှင်းလူရုပ်တို့ ထုကြသည်။ နှင်းဘောလုံး လိမ့်ကြသည်။

နှင်းဘောလုံးဆိုသည့်စကားမှာ ပြီးခဲ့သည့် ဆယ်နှစ်ကျော်က သုတေသန နည်းနာအကြောင်း သင်ရင်း ကြားဖူး သည်။ နှင်းလုံးသေးသေးလေးကိုနှင်းပြင်ပေါ် လှိမ့်ရင်း ကြာလာတော့ တဖြည်းဖြည်းကြီးလာသည်။ ကြာလာ တော့ နှင်းလုံးကြီးဖြစ်လာသည်။

ထိုဖြစ်စဉ်ကိုယူရင်း သုတေသန နည်းနာတစ်ခုကိုလည်း နှင်းဘောလုံးနည်း ဟု အမည်ပေးထားသည်။ သုတေသန တွင်လည်းလူတစ်ဦးဦးမှ စမေးရင်း စမေးခံရသူ၏ မိတ်ဆွေ အပေါင်းအသင်း များကို တစ်ဆင့် ချိတ်ဆက်မေးမြန်းရင်း
ကိုယ်သုတေသနပြု မေးမြန်းသည့် လူအရေအတွက် တဖြည်းဖြည်းများလာ သဖြင့် ထိုသုတေသန နည်းနာကို
နှင်းဘောလုံး သုတေသနနည်း အဖြစ် အမည် ပေးထားခြင်း ဖြစ်သည်။ အခုတော့မှ နှင်းဘောလုံးကြီးကို
ကိုယ်တိုင်တွေ့ရ တော့သည်။ ကျောင်းမြက်ခင်းပြင်တွင် နှင်းဘောလုံးလှိမ့်သူများကို တွေ့ရတော့
သည်။

တော်သေးသည်။နေ့လယ် ၂ နာရီ ထိုးရန် မိနစ် အနည်းငယ်မျှလာလိုသေး သော်လည်း နောက်တစ်ဆိုင်တွင်တော့ ကော်ဖီရသေးသည်။

နှင်းထုကြားကော်ဖီလေး လွေးရင်း ဖြင့် အိမ်ပြန်လာလိုက်သည်။

အိမ်ပြန်ရောက်တော့အွန်လိုင်းမှ မှာထားသည့် စာအုပ်တစ်အုပ်က ရောက် နေသည်။ စာအုပ် ရောက်မည်ဟု ကြိုပြော ထားသည့်ရက် ကွက်တိပင် ဖြစ်သည်။ တစ်မြို့လုံး ကားများ မသွားသလောက် ဖြစ်နေပြီး၊ လူတွေကလည်း အပြင်မထွက်
သလောက် ဖြစ်နေပြီး၊ အစိုးရ အလုပ် အတော်တော်များများလည်း ပိတ်ထား သဖြင့် ရောက်မည်ဟုလုံးဝမထင်ခဲ့။

သို့သော်နှင်းထုကြားထဲ စာပို့ လုလင်က ရောက်အောင်လာခဲ့သည်။ တကယ့်ကို အံ့ချီးဖွယ်ရာ ဝန်ဆောင်မှုပင်
ဖြစ်သည်။

ချက်ချင်းပင် အခန်းတွင်းဝင်၊ ကွန်ပြူတာကို ဖွင့်ပြီး နှင်းထုကြားထဲ စာအုပ်ရောက်အောင် ပို့လာဖြင့် အထူး ကျေးဇူးတင်ရပါကြောင်း၊ ဝန်ဆောင်မှု အတွက် အထူးအံ့သြရပါကြောင်း စာအုပ်ပို့ပေးသည့် ကုမ္ပဏီထံ အီးမေးလ် ပြန်ပို့လိုက်သည်။

နှင်းဧည့်သည်ကြောင့်နောက်ပိုင်း ရက်များတွင် ရာသီဥတုက ပိုအေးသည့် ဘက် ပါလာမည်ဟု စိတ်ထဲ တွေးမိသည်။ သို့သော်လုံးလုံးပြောင်းပြန်ပင် ဖြစ်သည်။ သုံးလေးရက်ကြာပြီး တင်ကျန်နေသော နှင်းထုများ တဖြည်းဖြည်းပါးလျ ပျောက်ဆုံးသွားသည်။ နှင်းလည်း ထပ်မကျတော့။

ကိုယ့်အတွက်အံ့သြစရာ ကောင်းသည်မှာ နှင်းနောက်ပိုင်းရက်များတွင် ရာသီမှာ ပိုနွေးလာခြင်းပင် ဖြစ်လေ
သည်။

ဖစု