နေ့ထူး၊ နေ့မြတ်ကို အကြောင်းပြုပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ငွေကြေးကောက်ခံနေဟုဆို

0
1081

လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊  နှစ်သစ်ကူးပွဲတော်နေ့များစသည့် နေ့ထူး၊ နေ့မြတ်များကို အကြောင်းပြုပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက ငွေကြေးကောက်ခံနေသည်ကို တွေ့ရှိရ ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်က ဦးဗိုလ်ထွေးက ပြောသည်။

 မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းရှင်များ၊ ကျေးရွာများတွင် ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ လ ၂၀ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးတွင် လောင်းလုံးမြို့ နယ်ကို ဥပမာပေးကာ ဦးဗိုလ်ထွေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ပြောကြားချက်အရ ယင်းနေ့ထူး၊ နေ့မြတ်များ စည်ကားစွာ ကျင်းပနိုင်ရေးအတွက် တိုင်းအစိုးရမှ သီးခြားရန်ပုံငွေချထားပေး ခြင်းမရှိခြင်းကြောင့် ယင်းကဲ့သို့ ကောက် ခံနေရသည်ဟု သိရကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

“ရန်ပုံငွေ သီးခြား ချထားပေးမှု မရှိခြင်းကြောင့် နေ့ထူး၊ နေ့မြတ်များကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဦးဗိုလ်ထွေးက ဆိုသည်။

နေ့ထူး၊ နေ့မြတ်များတွင် အခမ်း အနားများ ကျင်းပနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တစ်မြို့နယ်ကို သိန်းနှစ်ဆယ်ကျပ်စီ ခွဲဝေပေးထားကြောင်း တနင်္သာရီတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် ပြောသည်။

ယင်းအပြင် ချထားပေးသည့် ငွေဖြင့် မလုံလောက်ပါက သက်ဆိုင်ရာဌာနများက သီးခြားထပ်မံတင်ပြ တောင်းခံရန်လည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။

တိုင်းအတွင်း လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ မြန်မာ့နှစ်သစ်ကူး ပွဲတော်နေ့များကို မြို့နယ်အဆင့်မှ အခြေခံပညာ ကျောင်းများအဆင့်အထိ ကျင်းပလျက် ရှိသည်။

ကျော်သူစိုး