ပင်လယ်မျှော့ရှားပါးလာခြင်းကြောင့် လုပ်ကိုင်သူမရှိသလောက် နည်းလာ

0
1675

ပင်လယ်ရေအောက် ကြမ်းပြင်တွင် ရှာဖွေဖမ်းဆီးရသည့် ပင်လယ်မျှော့ ရှားပါးလာသည့်အတွက် မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူ မရှိသလောက် နည်းပါး လာကြောင်း ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် ကျေးရွာ ဒေသခံအချို့ထံမှ သိရသည်။

အိမ်ခြေသုံးရာကျော်ရှိသည့် ဒုံးပလဲအော်ကျေးရွာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အိမ်ထောင်စု ခြောက်ဆယ်ရာခိုင်နှုန်းခန့်မှာ ပင်လယ်မျှော့ငုပ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသော်လည်း  လက်ရှိတွင်မူ ပင်လယ်မျှော့ ရှားပါးလာသည့်အတွက် ယင်းလုပ်ငန်း လုပ်ကိုင်သူ ဆယ်ဦးခန့်သာ ရှိတော့ကြောင်း ဒုံးပလဲအော်ကျေးရွာ ဒေသခံအချို့က ဆိုသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က မျှော့ငုပ်လှေတစ်စီးသည် တစ်ညလျှင် ပင်လယ်မျှော့ ကောင်ရေထောင်ချီရရှိခဲ့သော်လည်း ယခုအချိန်တွင် တစ်ညလျှင် ကောင်ရေငါးဆယ်မှ တစ်ရာကြားသာ ဖမ်းမိတော့ကြောင်း ယင်းကျေးရွာရှိ မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူအချို့က ဆိုသည်။

“အရင်ကဆို မျှော့တွေကို နီးစပ်ရာ ကျွန်းပေါ်မှာ ကြပ်တိုက်နေလှန်း အခြောက်ခံရတယ်။ ခုကတော့ ကိုယ့်လှေပေါ်မှာပဲ နေလှမ်းရတဲ့ အခြေအနေ ရောက်သွားပြီ”ဟု ဒုံးပုလဲအော်ကျေးရွာနေ မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူ ဦးကြည်စိုးက ပြောသည်။

ငါးများကို မိုင်းခွဲသည့်နည်းဖြင့် ဖမ်းဆီးခြင်း၊ ဒရွတ်ဆွဲငါးဖမ်းလှေများ ကမ်းနီးရေပြင်တွင် စည်းကမ်းမဲ့ ၀င်ရောက်ဖမ်းဆီး ခြင်းတို့ကြောင့် မျှော့များ ပေါက်ဖွားကျက်စားသည့် ရေအောက်ကြမ်းပြင်ရှိ သန္တာကျောက်တန်းများ ပျက်စီးကာ မျှော့ရှားပါး လာခြင်းဖြစ်ကြောင့် ဦးကြည်စိုးက ဆိုသည်။

၎င်းအပြင် ပုလဲမွေးမြူရေးလုပ်ငန်းများ ၀င်ရောက်လာခြင်းကြောင့်လည်း မျှော့ရှာဖွေနိုင်သည့် ဧရိယာကျဉ်းလာ သဖြင့် လုပ်ကိုင်သူနည်းပါးလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငါးဗုံး(မိုင်း)ခွဲတာနဲ့ ဒရွတ်ဆွဲ ၀ါလတ်တွေက အဆိုးဆုံးပဲ၊ မျှော့က မျိုးတုန်းသလောက် ဖြစ်နေပြီ”ဟု ဦးကြည်စိုးက ပြောသည်။

မျှော့များကို ညအချိန်တွင် ပင်လယ်ရေအောက်ကြမ်းပြင်၌ ဓာတ်မီးဖြင့်ရှာဖွေ ဖမ်းဆီးရခြင်းဖြစ်ပြီး ယင်းလုပ်ငန်းက ရှေးယခင်က ဆလုံလူမျိုးများသာ လုပ်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဗမာနှင့် ကရင်လူမျိုးများပါ လုပ်ကိုင်လာခဲ့ကြသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က မျှော့အခြောက်တစ်ပိဿာ ရွာပေါက်ဈေး ကျပ်တစ်သိန်းခန့်ရှိခဲ့ရာမှ ယခုအခါ ရွာပေါက် ဈေး ကျပ်နှစ်သိန်းကျော်ရှိကြောင်း ဒုံးပုလဲအော်ရွာနေ မျှော့ငုပ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်သင်းသင်းရီက ပြောသည်။

“မျှော့က ရှားလာတော့ မျှော့ငုပ်သူ တွေက ငါးထိုး၊ ရှပ်(ခရု)ငုပ်၊ ပဂဲ(ကျောက် ပုစွန်)ငုပ်တဲ့လိုင်းဘက်ပြောင်းကုန်ကြပြီ”  ဟု ၎င်းက ပြောသည်။

ပင်လယ်မျှော့များကို တရုတ်လူမျိုးများက အဓိကစားသုံးကြပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်အထိ တိုက်ရိုက် တင်ပို့ ရောင်းချကြောင်း ပင်လယ်မျှော့ရာင်းဝယ် လုပ်ကိုင်သူများထံမှ သိရသည်။

ပင်လယ် မျှော့ငုပ်လုပ်ငန်းကို ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ကျေးရွာများတွင် အများဆုံး လုပ်ကိုင်ကြသည်။ 

ကိုဆန်း