မှတ်ပုံတင်မရှိသည့် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ ရပ်ကျေး အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပါ

0
674

နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ အနေဖြင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ် ရေးမှူးများထံ အကြောင်းကြားရန်လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ သရက်ချောင်းမြို့နယ်ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် တစ်လ ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့လျက်ရှိသည့် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပျက်စီးပျောက်ရှသူများအား လူမှုရေး ပင်စင်ခံစားနိုင်ရန်အတွက် မှတ်ပုံတင်များ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း အထက်ပါဌာနမှ မြို့နယ်ဦးစီးမှူး ဦးသာထွန်းအောင်က ပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် လိုသူများအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများထံတင်ပြ ပါက အုပ်ချုပ်ရေးမှူးများက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနကို အကြောင်းကြားပြီး အိမ်တိုင်ရာရောက် ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း သရက်ချောင်းမြို့နယ်တွင် ကျေးရွာ ၁၄ ရွာ မှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၈၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

မိုးမြင့်